
နေပြည်တော် ဧပြီ ၂၅
နွေရာသီကျောင်းပိတ်ရက်တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သားသမီး များအတွက် ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်း နှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေး ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ (အပေါ်ပုံ)
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီသင်တန်းများ ကို လိုက်လံကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများကို ယောဂီတဘက်များနှင့် ဗုဒ္ဓ ဘာသာ ကလျာဏယုဝအသင်း(YMBA) မှ ထုတ်ဝေ သည့် ယဉ်ကျေးလိမ္မာစာအုပ်များ ပေးအပ်သည်။
အဆိုပါ သင်တန်းများကို မြတ်ဗုဒ္ဓ၏ အဆုံးအမ ဩဝါဒများ၊ တရားဒေသနာတော်များ၊ ဗုဒ္ဓရာဇဝင် တော်များအား သိရှိနားလည်ကာ ဘာသာတရား အဆုံးအမများနှင့် ထုံမွှမ်းပြည့်ဝပြီး ယဉ်ကျေးလိမ္မာ သည့် သားငယ်၊ သမီးငယ်များဖြစ်စေရန်နှင့် နိုင်ငံ တကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာကို အခြေခံမှစ၍ ကျွမ်းကျင် တတ်မြောက်စေရန်ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ ၆၂ ဦးတို့ဖြင့် မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။
အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/ တပ်ဖွဲ့များ၌လည်း ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား/ သင်တန်းသူ ၁၈၃၃ ဦး၊ အခြေခံအင်္ဂလိပ်စာသင်တန်း ကို သင်တန်းသား/ သင်တန်းသူ ၁၅၈၈ ဦးနှင့် ကွန်ပျူတာ သင်တန်းကို သင်တန်းသား/သင်တန်းသူ ၁၄၀ တို့ဖြင့် မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်