
နေပြည်တော် ဧပြီ ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဖျာပုံမြို့နယ် ကိုးအိမ် တန်းကျေးရွာ တောင်သူများ နှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ အဖြစ် စိုက်ပျိုးအသုံးပြုရန် ပိုက်ဆံ လျှော်မျိုးစေ့များကို ပေးအပ်ကာ တောင်သူများနှင့်အတူ ပိုက်ဆံ လျှော်မျိုးစေ့များ ကြဲပက်စိုက်ပျိုး သည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်း သင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှုနှင့် ငါး လုပ်ငန်းဆိုင်ရာ နည်းပညာပေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး ငါး ပုစွန် မွေးမြူရေး ဆိုင်ရာ ခေတ်မီနည်းပညာ အသိပညာများ တိုးချဲ့ဖြန့်ဝေရေး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ ရေသယံဇာတများ ထုတ်လုပ်နိုင် စေရေး စီမံဆောင်ရွက်ရန် လိုအပ် ချက်များကို မှာကြားသည်။
ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာန တိုင်းဒေသကြီးနှင့် ခရိုင် အဆင့် တာဝန်ရှိသူများအား ဝန်ဇင်းဧည့်ရိပ်သာ၌ တွေ့ဆုံ၍ ရေအရင်းအမြစ်အသုံးချမှု စနစ် မှန်ကန်ရေး၊ သဘာဝဘေးကြိုတင် ကာကွယ်တားဆီးရေးနှင့် တာတမံ များ ဥပဒေဆိုင်ရာ အသိပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ကျိုက်လတ်မြို့ စက်မှု လယ်ယာဦးစီးဌာန အမှတ်(၇၅) စက်ပြင်အလုပ်ရုံကို ကြည့်ရှု စစ်ဆေးပြီး လယ်ယာသုံးစက် ကိရိယာများကို တောင်သူများ ကိုယ်တိုင်ကျွမ်းကျင်စွာ မောင်းနှင် အသုံးပြုနိုင်ရေး၊ လယ်ယာ သုံးစက်ကိရိယာ ပြုပြင်မွမ်းမံမှု သင်တန်းများနှင့် စက်စွမ်းအား ပြည့်အသုံးပြုနိုင်မည့် နည်းပညာ ဖြန့်ဝေရေးလုပ်ငန်းများ စဉ်ဆက် မပြတ်ဆောင်ရွက်ရန် လိုအပ် ချက်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ဆူးကနန်းကျေးရွာ အုပ်စု တောင်သူ ဦးကျော်လှိုင်၏ သီးထပ်ရင် နွေစပါး မျိုးစေ့ထုတ် စံပြကွက် (၁၅) ဧက ရိတ်သိမ်းမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ကျိုက်လတ်မြို့ ရွှေဝါလတ်ခန်းမတွင် အမှတ်(၁)၊ အမှတ် (၂)၊ အမှတ် (၃) အခြေခံ ပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမ ကြီး၊ ရပ်မိ၊ ရပ်ဖများ၊ လူမှုရေး အသင်း အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ကျောင်းဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အတွက် အလှူငွေများနှင့် စာကြည့် တိုက်များအတွက် သုတ/ရသ စာအုပ်များကို ပေးအပ်လှူဒါန်း သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည် တွံတေးမြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနခွဲ ငါးသိပ္ပံသင်တန်းကျောင်း သို့ ရောက်ရှိကြပြီး ရေသတ္တဝါ မွေးမြူရေး စီမံခန့်ခွဲမှုသင်တန်း နှင့် ဒီပလိုမာသင်တန်းဖွင့်လှစ် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ငါး၊ ပုစွန် မွေးမြူ ထုတ်လုပ်မှု အခြေခံသည့် အသက်မွေးဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်သူများ တိုးပွားရေး၊ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူ များအား ဆွေးနွေးမှာကြား ကြောင်း သိရသည်။
သတင်းစဉ်