
မန္တလေး ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အပြည်ပြည် ဆိုင်ရာ ခရီးသည်တင် လေကြောင်းလိုင်းများ ဆိုက်ရောက်သည့်အခါ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ် ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယနေ့ နံနက် ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန၊ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ MJAS (Mc-Jalux Airport Services)နှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုကို ဆွေးနွေး တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆိုက်ရောက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အလေးထားဆောင်ရွက်ကာ တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ မရှိစေရေး အထူး ဂရုစိုက်ဆောင်ရွက်သွားရေး၊ ခရီးသည်များလုံခြုံ စိတ်ချစွာဖြင့် စိတ်ချမ်းမြေ့စွာ ဝင်ထွက်သွားလာ နိုင်ရေး၊ ကိုဗစ်-ရောဂါ ရှိ မရှိ စစ်ဆေးစဉ် ကြန့်ကြာမှု မရှိစေရေးနှင့် သက်သောင့်သက်သာ နားနေရန် နေရာများ စီစဉ်ပေးရေး၊ သံသယလူနာများအတွက် သီးခြားနေရာအခန်းများ ကြိုတင်ပြင်ဆင်ထားရှိရေး၊ လိုအပ်ပါက Quarantine ဝင်ရန်နေရာ၊ ဟိုတယ်နှင့် သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်နိုင်ရေး၊ လေဆိပ် အတွင်းအပြင် အမြဲသန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ထားရေးတို့ကို ဌာနအချင်းချင်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားရေးနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လေဆိပ်အတွင်း ပြည်တွင်း ပြည်ပ ခရီးသည်များ ဆိုက်ရောက်၊ ထွက်ခွာမည့်နေရာများ၊ နားနေရန်နေရာများ၊ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမည့် နေရာများနှင့် ကူးစက်ရောဂါ သံသယလူနာထား မည့် သီးခြားအခန်းနေရာများကို လိုက်လံကြည့်ရှု စစ်ဆေးကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကြောင်း သတင်းရရှိသည်။
သတင်းစဉ်