
ကိုရင်အောင်မိုး(MOALI)
ယနေ့ကမ္ဘာမှာ ကပ်ရောဂါလွန်ကာလ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အားယူနေကြ ပြီဖြစ်သလို ငွေကြေးမတည်ငြိမ်မှုနှင့် စီးပွားရေး ကျပ်တည်းမှုများမှ လွတ်မြောက်ရေးကိုလည်း နိုင်ငံ အသီးသီးက ကြိုးစားရုန်းကန်နေကြချိန် ဖြစ်ပါ တယ်။ ဒီလိုအခြေအနေမှာ သက်ဆိုင်ရာ မိခင်နိုင်ငံ ရဲ့ အခြေခံစီးပွားရေးလုပ်ငန်းများအပေါ် မူတည်ပြီး လုပ်ငန်းတွေအောင်မြင်စွာ လည်ပတ်နိုင်ရေးနဲ့နိုင်ငံသားတစ်ဦးချင်းစီရဲ့ အလုပ်အကိုင် ရရှိနိုင်မယ့် အခွင့်အလမ်းတွေဟာလည်း ကွဲပြားလျက်ရှိကြ ပါတယ်။
ဒစ်ဂျစ်တယ်ထိန်းချုပ်စနစ်နဲ့ ကုန်ထုတ်လုပ် နေတဲ့ စက်မှုနိုင်ငံတွေမှာ လုပ်သားလိုအပ်ချက် လျှော့ချမှုတွေရှိပေမယ့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို အခြေခံတဲ့ မိမိတို့ နိုင်ငံမှာတော့ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိနေပါသေးတယ်။ မိုးလေဝသအခြေအနေအပေါ် သုံးသပ်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ၊ ပိုးမွှားရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေအပြင် အထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန်ရေးလုပ်ငန်းစဉ်တွေပါဝင်လို့ ကျွမ်းကျင်တဲ့ လူသားအရင်း အမြစ်လိုအပ်ချက်က မြင့်မားနေဦးမှာဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်း ကျောင်းပညာရပ် ကျွမ်းကျင်သူတွေအနေနဲ့ အစိုးရ ဌာနတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ရုံသာမက ကိုယ်တိုင် စွန့်ဦးတီထွင်လုပ်ကိုင် ပြီး လယ်ယာစီးပွားရေးလုပ်ငန်းရှင်အဖြစ် ကြိုးစား နိုင်တဲ့ အခွင့်အလမ်းတွေလည်း ရှိနေပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာမှာလည်း ကျွမ်းကျင်မှုရှိသူကိုသာ လုပ်ငန်းခွင်တွေက ခေါ်ယူ အသုံးပြုကြတာဖြစ်သလို ကိုယ်ပိုင်စီးပွားရေးလုပ် ပါကလည်း သမားရိုးကျ ရုန်းကန်လှုပ်ရှားသူထက် နည်းပညာတွေကို စနစ်တကျ သင်ယူတတ်မြောက် ထားသူက လုပ်ငန်းအောင်မြင်ဖို့အခွင့်အလမ်း ပိုမို သာလွန်မှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးသိပ္ပံကျောင်းများ
မြန်မာနိုင်ငံအနှံ့အပြားက အခြေခံပညာ အထက်တန်းပညာ အောင်မြင်ပြီးသူ လူငယ် မောင်မယ်တွေ စိုက်ပျိုးရေးကို အသက်မွေးဝမ်း ကျောင်းပညာရပ်အနေနဲ့ စနစ်တကျ လေ့လာသင်ယူ နိုင်ကြစေဖို့ ပျဉ်းမနား၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမော့ဆို၊ ဇွဲကပင်၊ လုံပီး၊ ကျောက်တော်၊ ဟုမ္မလင်း စတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ အလယ် အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်တွေ မွေးထုတ် ပေးနိုင်ရေး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
များစွာအရေးပါလျက်ရှိ
တကယ်တော့ စိုက်ပျိုးရေးတက္ကသိုလ်က အဆင့်မြင့်နည်းပညာရှင်တွေလိုပါပဲ။ စိုက်ပျိုး မွေးမြူရေးအခြေခံတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍဟာ လည်း ကျွန်တော်တို့ မြန်မာနိုင်ငံလို စိုက်ပျိုးရေး နိုင်ငံမှာ များစွာအရေးပါလျက်ရှိနေပါတယ်။ မိရိုး ဖလာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်တာထက် ခေတ်မီနည်းစနစ်တွေကို အသုံးချလုပ်ကိုင်နိုင်မှသာ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေ၊ ဈေးကွက် ဝင်တဲ့ ထုတ်လုပ်မှုတွေ ဖြစ်လာမှာပါ။
တစ်နည်းအားဖြင့် စိုက်ပျိုးရေးပညာ စနစ်တကျ တတ်ကျွမ်းလို့ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တွေ တိုးပွားလာတာနဲ့အမျှ လယ်ယာကဏ္ဍရဲ့ ထွက်ကုန်ပစ္စည်း အရည်အသွေးနဲ့ ထုတ်လုပ်မှု တန်ဖိုးဟာလည်း သိသိသာသာ တိုးတက်လာမှာ ဖြစ်ပါတယ်။ နမူနာအနေနဲ့ပြောရရင် သွင်းအားစု တွေမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေရဲ့အာနိသင်ကို စနစ်တကျသင်ယူသိရှိထားသူအနေနဲ့ ရော်ရမ်း မှန်းဆပြီး အတိုင်းအဆမဲ့အသုံးပြုမိတာကို ကျော်လွှားနိုင်မှာဖြစ်သလို ခေတ်မီနည်းပညာ ဖြန့်ဝေရေးလုပ်ငန်းတွေမှာလည်း ပညာတတ် အကျိုးဆောင်တောင်သူတွေအဖြစ် အထောက်အကူ ပြုနိုင်ကြမှာဖြစ်လို့ နည်းပညာပြန့်ပွားရေး ကွန်ရက်လည်း ပိုမိုကျယ်ပြန့်ခိုင်မာလာမှာဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းနဲ့ သင်တန်းကာလ
ဒီလို လက်တွေ့အသုံးချပညာရပ်တွေကို ထိထိရောက်ရောက်သင်ကြားပေးနိုင်ဖို့ သင်ရိုးညွန်းတမ်း တွေနဲ့ သင်ကြားမှုပုံစံတွေ ပြည့်ပြည့်စုံစုံ ဆောင်ရွက် ထားရှိပြီးဖြစ်တဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေရဲ့ လက်တွေ့သင်ကြားမှုမှာ ကျောင်းတွေတည်ရှိရာ ဒေသ၊ ရေမြေ၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ သီးနှံအမျိုး အစားတွေကို ဦးစားပေးစိုက်ပျိုးပြသကြပြီး ဈေးကွက်လိုအပ်ချက်နဲ့ ဈေးကွက်အလားအလာ အပေါ် သုံးသပ်နိုင်ရေးကိုပါ စနစ်တကျပို့ချ ပေးနေကြပါတယ်။ ဒါကြောင့်လည်း မတူညီတဲ့ ဒေသအသီးသီးမှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်း တွေကနေ သီးနှံအလိုက် ကျွမ်းကျင်မှုရှိပြီး အရည် အချင်းပြည့်ဝတဲ့သူတွေအဖြစ် မွေးထုတ်ပေးနေနိုင် တာလည်း ဖြစ်ပါတယ်။
စိုက်ပျိုးရေးသိပ္ပံတွေရဲ့ သင်တန်းကာလမှာ သုံး နှစ်ဖြစ်ပြီး သင်တန်းကာလအတွင်း လယ်ယာသီးနှံ စိုက်ပျိုးရေး၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေး၊ စိုက်ပျိုးရေးဓာတုဗေဒ၊ စိုက်ပျိုးရေး ရုက္ခဗေဒ၊ သီးနှံကာကွယ်ရေး၊ လယ်ယာစက်မှု လက်မှု၊ စိုက်ပျိုးရေးတိုးချဲ့ပညာပေးရေး၊ လယ်ယာ မြေ စီမံခန့်ခွဲမှုနှင့်စာရင်းအင်းပညာ ဘာသာရပ်တွေ ပို့ချပေးမှာဖြစ်ပြီး ပထမနှစ်နဲ့ဒုတိယနှစ်မှာ အင်္ဂလိပ် စာဘာသာရပ်၊ ပထမနှစ်သင်တန်းမှာတော့ သင်္ချာ၊ ရူပဗေဒ၊ ICT နဲ့ လူမှုဆက်နွှယ်ရေး ကျွမ်းကျင်မှု ဘာသာရပ်(Social Skill)တွေ ဖြည့်စွက်ပါဝင်ပြီး သင်တန်းတွေအားလုံးမှာ စာတွေ့လက်တွေ့ သင်ကြား မှုအချိုး (၄၀ : ၆၀) ဖြစ်ပါတယ်။ စိုက်ပျိုးရေးသိပ္ပံ ကျောင်းတွေမှာ အသက် ၂၂ နှစ်ထက်မကြီးသူ၊ အခြေခံပညာအထက်တန်းကို ဓာတုဗေဒ၊ ရူပဗေဒ ဘာသာတွဲနဲ့အောင်မြင်ပြီး ကျန်းမာသန်စွမ်းသူတွေ တက်ရောက်နိုင်ကြပါတယ်။
မွေးမြူရေးဒီပလိုမာသင်တန်း
ထူးခြားချက်အနေနဲ့ မွေးမြူရေးဒီပလိုမာ သင်တန်းကို အခု ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် ကစပြီး ပျဉ်းမနား၊ ပုသိမ်ကြီးနဲ့ ဟဲဟိုး စိုက်ပျိုးရေး သိပ္ပံကျောင်း သုံးကျောင်းမှာ စတင်ဖွင့်လှစ်ပို့ချပေးမှာဖြစ်ပြီး ကျန်ရှိနေတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေ မှာလည်း စာသင်နှစ်အလိုက် တိုးချဲ့ဖွင့်လှစ် ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ မွေးမြူရေး ဒီပလိုမာသင်တန်းတွေအတွက် သင်ရိုးညွှန်းတမ်း အသစ်နဲ့ ဘာသာရပ်အလိုက် ကျွမ်းကျင်သူ နည်းပြ တွေ၊ စာတွေ့လက်တွေ့ သင်ခန်းစာတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူ အဆောက်အအုံတွေ၊ ပစ္စည်းတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ဖြည့်ဆည်း ထားရှိပြီးဖြစ်လို့ မွေးမြူရေးလုပ်ငန်းကို စနစ်တကျ လေ့လာသင်ယူလိုကြတဲ့ လူငယ်မောင်မယ်တွေ အနေနဲ့ သင်တန်းကျောင်းတွေမှာ ဆက်သွယ်စုံစမ်း နိုင်ကြပြီ ဖြစ်ပါတယ်။
စိုက်ပျိုးရေးသိပ္ပံကျောင်းတွေနဲ့ မွေးမြူရေး ဒီပလိုမာသင်တန်းတွေကို ကောလိပ်အဆင့် တိုးမြှင့် ပေးနိုင်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက ကြိုးပမ်းနေပြီး လက်ရှိသင်တန်းတွေ က သတ်မှတ်အရည်အချင်း ပြည့်မီသူတွေအနေနဲ့ လည်း စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်တွေကို ပေါင်းကူးတက်ရောက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းပြီးဆုံးအောင်မြင်သူ တွေအတွက် အလုပ်အကိုင်ရရှိရေးကိုလည်း သက်ဆိုင်ရာဌာနတွေ၊ ပုဂ္ဂလိကတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
စိုက်ပျိုးရေးသိပ္ပံတွေမှာ စိုက်ပျိုးရေးဒီပလိုမာ အဆင့်ထိ တက်ရောက်သင်ယူနိုင်ပြီး အဲဒီက တစ်ဆင့် စိုက်ပျိုးရေးတက္ကသိုလ်တက်ရောက်ပြီး စိုက်ပျိုးရေး ဘွဲ့ပညာရှင်အဆင့်၊ အဲဒီမှ မဟာသိပ္ပံအဆင့််၊ ပါရဂူ အဆင့်ထိတက်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိ နိုင်ပါတယ်။ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေက တစ်ဆင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူ ဘွဲ့ရရှိပြီးသူတွေထဲက နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ကြ သူတွေ၊ တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်တွေလည်းရှိကြပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးသိပ္ပံအပါအဝင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းတွေ၊ အခြေခံပညာကျောင်းတွေ ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးညွှန်ကြားချက်တွေနဲ့ အညီ စိုက်ပျိုးရေးသိပ္ပံတွေရဲ့ သင်တန်းတစ်ခုချင်း ကိုသာ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင် နှစ် စိုက်ပျိုးရေးဒီပလိုမာ တတိယနှစ်သင်တန်းကို ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ရက် နေ့အထိ ဖွင့်လှစ်ပေးခဲ့သလို စိုက်ပျိုးရေးဒီပလိုမာ၊ဒုတိယနှစ်သင်တန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပေး ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ ထမနဲထိုးပြိုင်ပွဲ နဲ့ တိုင်းရင်းသားရိုးရာအစားအစာတွေ မိတ်ဆုံစားပွဲ အခမ်းအနားကိုလည်း ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနအကြီးအကဲတွေကိုယ်တိုင် တက်ရောက်ကြ ပြီး ပျော်ရွှင်စွာကျင်းပပေးခဲ့ပါတယ်။ အလားတူ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၊ စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားတွေကို လည်း အခုနှစ် မတ်လအတွင်း သက်ဆိုင်ရာကျောင်း တွေမှာ အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် စိုက်ပျိုးရေး ဒီပလိုမာ ပထမနှစ်၊ တတိယနှစ်သင်တန်းတွေနဲ့ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်းတွေကို အခုနှစ် မေလအတွင်း ပြန်လည်ဖွင့်လှစ်တော့မှာဖြစ် ပါတယ်။ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပါကလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ဘေးကင်းလုံခြုံစွာ သင်ကြားသင်ယူနိုင်ကြစေဖို့ ပြင်ဆင်ထားရှိပြီးဖြစ်လို့ ဒေသအသီးသီးက တိုင်းရင်းသား လူငယ်မောင်မယ်တွေအနေနဲ့ အလုပ် အကိုင်အခွင့်အလမ်းသေချာမှုရှိတဲ့ အသက်မွေး ဝမ်းကျောင်း ပညာရပ်သင်ယူမှု အခွင့်အလမ်းအဖြစ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွေနဲ့ မွေးမြူရေးဒီပလိုမာ သင်တန်းတွေကို ရွေးချယ်နိုင်ကြစေဖို့ တိုက်တွန်း ဖိတ်ခေါ်လိုက်ရပါတယ်။ ။
- Log in to post comments