သင်္ကြန်အကြိုကာလ ဘုရားနှင့် ကမ်းခြေများ၌ လာရောက်ဖူးမြော်လည်ပတ်သူများ စည်ကားလျက်ရှိ

 

 

မြောက်ဦး  
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ အထင်ကရရှေးဟောင်းသမိုင်းဝင် ဘုရား၊  စေတီပုထိုးများ၌ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ကျောက်တော်၊ စစ်တွေနှင့်ပုဏ္ဏားကျွန်းမြို့ စသောမြို့နယ်များမှ ဘုရားဖူးလာသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဘုရားဖူးပြည်သူများအနေဖြင့်   အထင်ကရ   ရှေးဟောင်းဘုရား ပုထိုးစေတီများဖြစ်သော သျှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကန့်သိမ် ပုထိုးတော်ကြီး၊ မာရ်ငါးပါးဖြစ်သော ရတနာ့မာရ်အောင်၊ သက္ကျမာရ် အောင်၊ ဇိနမာရ်အောင်၊ လောကမာရ်အောင်နှင့် မင်္ဂလမာရ်အောင် စသော ဘုရားစေတီများသို့ အများဆုံး သွားရောက်ဖူးမြော်ကြပြီး အခြား ရှေးဟောင်းသမိုင်းဝင်နေရာများဖြစ်သည့် လက်ဆည်ကန်၊ ဘုရားပေါ်ဘုရား၊ နန်းတော်ရာကုန်းနှင့်  ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်   စသောနေရာများသို့   သွားရောက်ဖူးမြော် လည်ပတ်ကြကြောင်း သိရသည်။                        မြင့်စိုး(ပြန်/ဆက်)
ပုဂံ
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားများတွင် သင်္ကြန်အကြို ကာလအတွင်း နေ့စဉ် ဘုရားဖူးလာရောက်သူ နှစ်သောင်းကျော်ခန့်ရှိ ကြောင်း ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးထံမှ သိရသည်။
ရွှေစည်းခုံဘုရားကြီးသို့ ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်း သာစွာ ဖူးမြော်နိုင်ရန် သာမန်ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီးများတွင် နံနက် ၅ နာရီမှ  ည ၈ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။  ထို့အပြင် ဂေါပကဥက္ကဋ္ဌထားရှိသည့်   ဘုရားများဖြစ်သော   တုရင်တောင်စွယ် တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊  ကန်တော့ပလ္လင်ဘုရား၊ မနူဟာဘုရား၊ ရွှေဆံတော် ဘုရား၊  အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလို ဘုရား၊ မြစေတီဘုရားများတွင်လည်း ဘုရားဖူးများစည်ကားလျက် ရှိကာ အဆိုပါ ဘုရား ၁၉ ဆူတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ဖူးမြော်စေကြောင်း သိရသည်။
သမိုင်းဝင်ဘုရားများဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊စိုးမင်းကြီးအုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်းဘုရား၊ပုထိုးသားများဘုရား၊   ခေမင်္ဂဘုရားဝင်း၊   ရင်မနားဘုရားဝင်း၊ သိကြားပုန်းဘုရား၊    သိကြားဟစ်ဘုရား၊    တာမဏီသိမ်ကျောင်း၊ မင်းနန်းသူဘုရားသုံးဆူ၊ တရုတ်ပြေးဘုရားခေါ် နရသီဟပတေ့ဘုရား၊ သမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော်ဘုရား၊ မျက်တော် ပြေဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီးဘုရား၊ ဝတ္တနထောဘုရားဝင်း၊  ဆူးလေကုန်းဘုရားစု၊  ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ်ကူးနီးဘုရား၊ ခြောက်ဘုရားလှဘုရားများတွင်လည်း   ဘုရားဖူးလာရောက်သူ များပြားလျက်ရှိသည်။ 
ဘုရားဖူးများအနေဖြင့်      ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လေကြောင်း၊ ကိုယ်ပိုင်ကားများ၊ ခရီးသွားလုပ်ငန်းကား များဖြင့် လာရောက်ကြပြီး ဒေသအတွင်း၌ လျှပ်စစ်စက်ဘီး၊မြင်းလှည်း၊ တုတ်တုတ်(ခေါ်)မီနီအိုးဝေများ၊ တိုးကားများဖြင့် သွားလာကြသဖြင့် စက်ဘီး၊  မြင်းလှည်း၊  ကားငှားသူများ    ဝင်ငွေကောင်းနေကြကာ စားသောက်ဆိုင်များလည်း  ရောင်းအားကောင်းနေကြကြောင်း သိရ သည်။                             မောင်မောင်ထိန်(ကျောက်ပန်းတောင်း)
မန်းရွှေစက်တော်     
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ သမိုင်းဝင် တန်ခိုးကြီး ‌ပါဒစေတီတော်ဖြစ်သော မန်းရွှေစက်တော် ဘုရားကြီး၌ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်များတွင် တည်းခိုဆောင်များ ပြည့်လျှံ သည်အထိ   ဘုရားဖူးပြည်သူများဖြင့်   စည်ကားလျက်ရှိကြောင်း ရွှေစက်တော် ဂေါပကထံမှ သိရသည်။
     “ကျွန်တော်တို့ အရင်ရက်တွေက တစ်ရက်ကို ဘုရားဖူးပြည်သူ ၁၀၀၀ ခန့်လောက် လာရောက်ဖူးမြော်ကြပါတယ်။  အခုရက်က  သင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်လည်းဖြစ်   နှစ်ဆန်း ၁ ရက်နေ့မှာလည်း ခြေတော်ရာတွေက  ပိတ်သိမ်းတော့မှာဆိုတော့ ပွဲတော်မပိတ်သိမ်းမီ လာရောက်ဖူးမြော်ကြတာထင်ပါတယ်။ မြင်တဲ့အတိုင်း တည်းခိုဆောင် တွေ ပြည့်လျှံတဲ့အထိပါပဲ”ဟု     ရွှေစက်တော်ဂေါပက ဒုဥက္ကဋ္ဌ ဦးထွန်းဝေက ပြောသည်။
      မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ သုံးလတိုင် ကျင်းပပြီး ယခုနှစ်တွင် မူ တည်းကျောင်းများ၌ ညအိပ်တည်းခိုခွင့်မပြုဘဲ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ တည်းခိုဖူးမြော်ခွင့် ပြုထားကြောင်း၊ လှေတင် တံတားထိပ်၌    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလက်မှတ်၊   မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ စစ်ဆေးပြီးမှ ဝင်ရောက်ဖူးမြော်ခွင့်ပြုထားပြီး သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်တွင် ဘုရားဖူးအစည်ကားဆုံးဖြစ်ကြောင်း ရွှေစက်တော်ဂေါပကထံမှ သိရသည်။         ဇေယျာထက်(မင်းဘူး)