ILO ညွှန်ကြားရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာပါ မဟုတ်မမှန်သည့်စွပ်စွဲချက်များနှင့်  ILO အုပ်ချုပ်မှုအဖွဲ့၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်

 

 

ဆွစ်ဇာလန်နိုင်ငံ၊  ဂျီနီဗာမြို့၌  ၁၄-၃-၂၀၂၂ ရက်မှ  ၂၆-၃-၂၀၂၂ ရက်အထိ  ကျင်းပခဲ့သည့်  အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (International Labour Organization–ILO) ၏ (၃၄၄) ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင်  လွတ်လပ်စွာ  အသင်းအပင်းဖွဲ့ ခြင်းနှင့်     ဖွဲ့စည်းခွင့်ကို    အသိအမှတ်ပြုရေးဆိုင်ရာ    ပြဋ္ဌာန်းချက် (Convention No. 87) နှင့်   အလုပ်သမားများကို  အတင်းအကျပ် မလုပ်မနေရ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် (Convention No. 29) တို့အား လိုက်နာဆောင်ရွက်မှုမရှိကြောင်း စွပ်စွဲချက်ဖြင့် စုံစမ်း စစ်ဆေးရေးကော်မရှင် (Commission of Inquiry) တစ်ရပ်ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရှိရသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာတွင်  နိုင်ငံရေးသွတ်သွင်းသည့် အချက်အလက်များ၊ မဟုတ်မမှန်သည့် စွပ်စွဲချက်များနှင့် မြန်မာ နိုင်ငံ၏ ပြည်တွင်းစီရင်ပိုင်ခွင့်အတွင်း ရောက်ရှိနေသော ကိစ္စရပ်များ ပါဝင်သည်။ 
အစီရင်ခံစာ မူကြမ်းတွင် လူပုဂ္ဂိုလ်တစ်ဦးသည် အသက်သေဆုံး သည်အထိ   ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု  ဖော်ပြထားသော်လည်း စင်စစ် ၎င်းသည် တရားမဝင်လှုပ်ရှားမှုများကို ထောက်ခံ၍ ရန်ပုံငွေ ထောက်ပံ့ခဲ့သည့်အတွက် ထိန်းသိမ်းခံထားရသူဖြစ်သည်။ အလားတူ အချို့သော     ပုဂ္ဂိုလ်များကို     ရွှေ့ပြောင်းသွားလာသူများအရေး ဆောင်ရွက်သူများဟု ဖော်ပြထားသော်လည်း ၎င်းတို့မှာ လက်နက် ခဲယမ်းများ လက်ဝယ်တွေ့ရှိခြင်းကြောင့် ဖမ်းဆီးခံရသူများဖြစ်သည်။
အစီရင်ခံစာပါ  အချို့သောအချက်များကို  နောက်ပိုင်းတွင်  ပြင်ဆင် ဖော်ပြခဲ့သော်လည်း၊    မမှန်ကန်သည့်အချက်အလက်များအပေါ် အခြေခံ၍      စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်    ဖွဲ့စည်းရေး ဆုံးဖြတ်ချက်မှာမူ ပြောင်းလဲမှုမရှိခဲ့ပါ။
မြန်မာနိုင်ငံသည် Convention No. 87 အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့် အညီ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ၎င်းတို့၏ အခွင့်အရေးများကို ငြိမ်းချမ်းစွာကျင့်သုံးခြင်း  သို့မဟုတ်  အလုပ်သမားသမဂ္ဂများတွင် ကိုယ်စားပြု ပါဝင်ခြင်းတို့ကြောင့် အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပါ။ ၂၀၁၁ ခုနှစ်၊    အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ   အခြေခံ အလုပ်သမားအဖွဲ့အစည်း ၂၈၈၆ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၆၂ ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ၂၆ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၉ ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ၁ ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၁ ဖွဲ့၊  မြို့နယ်အလုပ်ရှင် အဖွဲ့အစည်း ၁ ဖွဲ့နှင့်  အလုပ်ရှင်အဖွဲ့ချုပ် ၁ ဖွဲ့၊ စုစုပေါင်း အလုပ်သမား နှင့် အလုပ်ရှင်အဖွဲ့အစည်း (၃၀၀၀) ကျော်တို့ မှတ်ပုံတင်ထားရှိသည်။ ၎င်းအဖွဲ့အစည်းများတွင် အလုပ်သမား (၁၉၀,၀၀၀) ကျော်အနေဖြင့် အလုပ်သမားအခွင့်အရေးများကို ဥပဒေအရသာမက လက်တွေ့တွင်ပါ ခံစားကျင့်သုံးလျက်ရှိသည်။ သို့ဖြစ်ရာ ဥပဒေပိုင်းဆိုင်ရာ ချိုးဖောက်မှု များကြောင့်  လူပုဂ္ဂိုလ်အနည်းငယ်အပေါ် အရေးယူဆောင်ရွက်ခဲ့ခြင်း ကို  မြန်မာနိုင်ငံအနေဖြင့်   Convention  No. 87  ပါ  ဝတ္တရားများ ကို ချိုးဖောက်လျက်ရှိသည်ဟု ခြုံငုံပြောဆိုခြင်းသည် လျော်ကန်မှု မရှိပါ။
ထို့အပြင် အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့်ပတ်သက်၍ ထိရောက် စွာ အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံ၌ ၂၀၀၂ ခုနှစ်မှစတင်၍ ILO ဆက်သွယ်ရေးအရာရှိတစ်ဦးအား MoU လက်မှတ်ရေးထိုး ခန့်အပ် ထားရှိ၍ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တိုင်ကြားမှုယန္တရား တစ်ရပ်ထူထောင်ရန်    နောက်ဆက်တွဲ    နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလျက် ၃၁-၁၂-၂၀၁၈ ရက်ထိ နှစ်စဉ်သက်တမ်းတိုး ဆောင်ရွက်ခဲ့သည်။ ၂၁-၉-၂၀၁၈ ရက်တွင် ILO နှင့် လက်မှတ်ရေးထိုး ခဲ့သော Decent Work Country Program (DWCP) (၂၀၁၈-၂၀၂၁) ဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ၃-၂-၂၀၂၀ ရက်တွင် အမျိုးသား အဆင့်   အဓမ္မခိုင်းစေမှုဆိုင်ရာ   တိုင်ကြားမှုယန္တရားကိုထူထောင်၍ အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သက်သည့် တိုင်ကြားချက်များ ကို  လက်ခံဖြေရှင်း    ဆောင်ရွက်လျက်ရှိသည်။   မြန်မာနိုင်ငံအနေဖြင့် Convention No. 29  အပေါ်  လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း ILO   ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ  တိုင်ကြားချက်  လက်ခံရရှိခဲ့ခြင်း မရှိပါ။
ILO  ၏   အုပ်ချုပ်မှုအဖွဲ့   အစည်းအဝေးက   စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းရန်   ဆုံးဖြတ်ခဲ့သော်လည်း   ၂၀၂၁  ခုနှစ်၊ ဇွန်လမှစတင်၍     ILO  ၏   အုပ်ချုပ်မှုအဖွဲ့   အစည်းအဝေးများနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတို့သို့ မြန်မာနိုင်ငံ ပါဝင်တက်ရောက်ခွင့်ကို ငြင်းပယ်ခဲ့သည်။ ယခုကဲ့သို့ သက်ဆိုင်ရာနိုင်ငံ ၏ မျက်ကွယ်တွင် ယင်းသို့တစ်ဖက်သတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း သည် ILO ဖွဲ့စည်းပုံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းတို့နှင့် ဆန့်ကျင် နေသည်။
အထက်ပါအကြောင်းခြင်းရာများကြောင့်   ILO  ညွှန်ကြားရေး မှူးချုပ်၏   မြန်မာနိုင်ငံဆိုင်ရာ  အစီရင်ခံစာပါ  မဟုတ်မမှန်သည့် စွပ်စွဲချက်များနှင့်  မြန်မာနိုင်ငံဆိုင်ရာ  စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းရန် ILO အုပ်ချုပ်မှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မြန်မာ နိုင်ငံက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

အလုပ်သမားဝန်ကြီးဌာန
၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်။