
နေပြည်တော် ဧပြီ ၃
စက်မှုလယ်ယာစနစ်သို့ ပီပြင်စွာ ကူးပြောင်း နိုင်ရန် ကျွမ်းကျင်သော လူသားအရင်းအမြစ်များစွာ လိုအပ်လျက်ရှိနေကြောင်း၊ သင်တန်းများတွင် မတူ ကွဲပြားသည့် ဒေသအသီးသီးမှ သင်တန်းသားများ လာရောက်လေ့လာဆည်းပူးလျက်ရှိကြရာ သင်တန်း ပြီးမြောက်ပါက ယင်းတို့လက်တွေ့လုပ်ကိုင်ကြမည့် သီးနှံများအလိုက် မြေပြင်ထွန်ယက်သည်မှ ရိတ်သိမ်း ခြွေလှေ့သည်အထိ အသုံးပြုရန် လိုအပ်သော စက်ကိရိယာများကို ခွဲခြားပြီး ထိရောက်သည့်ပို့ချမှု သင်ကြားပေးမှုဖြစ်ရန် လိုအပ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့ စက်မှုလယ်ယာဗဟို သင်တန်းကျောင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တာဝန်ရှိသူ များကို ဆွေးနွေးပြောကြားသည်။
တိုးချဲ့ဖွင့်လှစ်နိုင်ရေး
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ စက်မှု လယ်ယာဗဟိုသင်တန်းကျောင်းတွင် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်း ခြွေလှေ့စက်နှင့် အခြားလယ်ယာသုံးစက်ကိရိယာ များ မောင်းနှင်အသုံးပြုနည်း၊ ထိန်းသိမ်းနည်း၊ ပြုပြင် နည်းများ ပါဝင်သည့် လယ်ယာသုံးစက်ကိရိယာ သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ရာ ယနေ့အထိ စုစုပေါင်း သင်တန်း(၄၇၂)ကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီး အခြေခံပညာ အထက်တန်းပြီးမြောက်သူ သို့မဟုတ် စက်မှု အထက်တန်းကျောင်း အောင်မြင်ပြီးသူများအတွက် ကျွမ်းကျင်မှုအသိအမှတ်ပြု တစ်နှစ်သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အဆိုပါသင်တန်းမှ အရည်အချင်းပြည့်မီသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းများသို့ ပေါင်းကူး တက်ရောက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့်အတူ ကျောက်ဆည် ခရိုင် စဉ့်ကိုင်မြို့နယ် တအုံးကျေးရွာအုပ်စု ဆောက်အင်း ကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် ဆောက်အင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းတာဝန်ရှိသူများ၊ စီမံကိန်းဧရိယာအတွင်းရှိ ဒေသနေတောင်သူများနှင့် တွေ့ဆုံ၍ ရေအသုံးချသူများအဖွဲ့(WUG)များ စုဖွဲ့ ဆောင်ရွက်နိုင်ရေး၊ ရေသွယ်မြောင်းများ၊ ရေသောက် မြောင်းများ တည်ဆောက်စဉ် စနစ်ကျလယ်ယာမြေ များ ဖော်ထုတ်နိုင်မည်ဆိုပါက တောင်သူများအတွက် ပိုမိုအကျိုးရှိစေမည်ဖြစ်ပြီး ဒေသခံတောင်သူများ အချင်းချင်း ညှိနှိုင်းကြ၍ ဌာနတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။
တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး
အဆိုပါစီမံကိန်းမှာ မြစ်ရေအတက်အကျ ကွာခြားချက် ၂၅ ပေရှိသည့် ဒုဋ္ဌဝတီမြစ်မှ ရေကို ရေပေါ်ရေတင်စနစ်ဖြင့် ပင်မလျှပ်စစ်ဓာတ်အားလိုင်း နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ်တို့ကို အလှည့်ကျအသုံးပြုပြီး ပင်မရေတင်စခန်း အမြင့်ပေ ၅၀ သို့ ရေတင်ကာ ပင်မမြောင်း တစ်ခု၊ လက်တံ မြောင်း လေးခု၊ တူးမြောင်းအဆောက်အအုံ ၂၂၆ ခုတို့မှ တစ်ဆင့် စိုက်ပျိုးမြေများကို ရေပေးဝေသွားမည်ဖြစ် ကြောင်း၊ စီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စတင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြီးစီးမည်ဖြစ် ကြောင်း၊ ဧက ၁၀၀၀ ကို တစ်နှစ် သုံးသီးစိုက်ပျိုး နိုင်ရေး အကျိုးပြုနိုင်မည်ဖြစ်၍ သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ မြင့်မားတိုးတက်လာစေပြီး ဒေသနေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးကို အထောက်အကူပြုစေမည်ဖြစ်သည်။ ဒုဋ္ဌဝတီမြစ်ပေါ်ရှိ မြစ်ရေတင်လုပ်ငန်းများအနေဖြင့် စဉ့်ကိုင်မြို့နယ်တွင် ကိုးခု၊ အမရပူရမြို့နယ်တွင် လေးခု ရှိသဖြင့် တည်ဆောက်လျက်ရှိသည့် ဆောက်အင်း လျှပ်စစ်မြစ်ရေတင်စီမံကိန်းပြီးစီးပါက မြစ်ရေတင် လုပ်ငန်း ၁၄ ခုရှိလာမည်ဖြစ်ပြီး စုစုပေါင်း စိုက်ပျိုး မြေဧက ၉၀၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိသူများသည် အမပူရမြို့နယ် နတ်ရေကန်ငါးလုပ်ငန်းစခန်းသို့ သွားရောက်ကြပြီး အဆင့်မြင့် ငါးမွေးမြူခြင်း စီမံကိန်းလုပ်ငန်းများ၊ မျိုးငါးများ မွေးမြူထားရှိမှုနှင့် ငါးသားပေါက် ထုတ်လုပ် ပေးနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ပုသိမ်ကြီးမြို့နယ် ကြူဝန်းကျေးရွာအနီးရှိ ထုံးဘို ဝက်မွေးမြူရေးခြံတွင် ပုဂ္ဂလိက ဝက်မွေးမြူရေး လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ မြေအသုံးချမှုစနစ်တကျဖြစ်စေရေး၊ ပုဂ္ဂလိကအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံအကျိုး ရေရှည် ဖြစ်ထွန်းတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်