
ရန်ကုန် ဧပြီ ၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တွင် မှတ်တမ်းရေးသွင်းထားရှိသည့် နိုင်ငံသား ကိုယ်ရေးအချက်အလက် နိုင်(၄)မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Programme စာရင်း ရေးသွင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ရာတွင် နောက်ဆုံးအချက်ဖြစ်သည့် “အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီကို ဒီမိုကရေစီ စံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေး နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လာမယ့် ၂၀၂၃ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန် တိကျစေရေး ဆောင်ရွက်ရာတွင် လုပ်ငန်းပမာဏ များပြား၍ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တက္ကသိုလ် ကောလိပ်များမှ ဆရာ ဆရာမများ၊ စေတနာ့ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများ၊ ပေါင်းစပ် ဆောင်ရွက်မှသာ နိုင်(၄) မှတ်တမ်းအချက်အလက် များအား Software Programme ရေးသွင်းခြင်း လုပ်ငန်းသည် အချိန်မီ ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း နှင့် ၎င်းစီမံချက်သည် နိုင်ငံတော်စီမံချက်ဖြစ်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ အနေဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေက ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ တွင် အဓိကအနေဖြင့် မဲစာရင်းများ မှန်ကန်ရန် လိုအပ်ပြီး မဲပေးသူတိုင်းတွင် မှတ်ပုံတင်ရှိဖို့ လိုအပ် ကြောင်း၊ သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်(၄) မှတ်တမ်း အချက်အလက်များအား Software Programme ရေးသွင်းခြင်းလုပ်ငန်းအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများကို တာဝန် ပေးအပ်၍ အချိန်မီပြီးစီးနိုင်ရေး လုပ်ဆောင်သွားရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများကလည်း ဝိုင်းဝန်းစုပေါင်း လုပ်ဆောင်ပေးကြရန် ပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင် ဝင်းသိန်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတွင် မှတ်တမ်းရေးသွင်း ထားရှိ သည့် နိုင်ငံသားကိုယ်ရေးအချက်အလက် နိုင်(၄)မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Pro-gramme စာရင်းရေးသွင်းခြင်းလုပ်ငန်းနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်မှ အမှာစကား ပြောကြားပြီး တက်ရောက်လာသူများမှ ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးအောင်ဝင်းသိန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)