
နေပြည်တော် ဧပြီ ၁
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသည်။
နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားကို “မျှော်မှန်း ချက်များရရှိဖို့ ကြိုးစားချီတက် ကြပါစို့” ရုံးသီချင်းဖြင့် စတင် ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာ ကံဇော် က ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်း များ၏ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုဆောင်ရွက်ချက်များ အားကောင်း လာစေရေး ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းအဖြစ် ဆောင်ရွက် လာခဲ့သည်မှာ ယနေ့ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်တွင် (၈၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ် နှင့်အညီ စစ်ဆေးရေးစံ၊ စစ်ဆေး ရေးနည်းလမ်းများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ စစ်ဆေး ဆောင်ရွက်လျက်ရှိသည့်အပြင် IT Audit ကနဦး စမ်းသပ်စစ်ဆေး ခြင်းများကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင် အရည်အသွေး တာဝန်ခံသော စစ်ဆေးရေး လုပ်ငန်းစဉ်များနှင့် အရည် အသွေးပြည့်ဝသော အစီရင်ခံစာ များ ဖြစ်စေရန်အတွက် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစ၍ လွှဲပြောင်း လက်ခံခဲ့သည့် ၂၀၂၁ - ၂၀၂၃ ခုနှစ် အတွက် ASEANSAI အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုလည်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ အနေဖြင့် ရုံး၏ကောင်းမွန် သော သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံ့ အကျိုး၊ ပြည်သူ့အကျိုးကို နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် စည်းကမ်း၊ စံနမူနာပြ သယ်ပိုးဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်က ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့မှ စာတမ်းဖတ်ပွဲတွင် ထူးချွန်ဆုရရှိ သူ သုံးဦးကိုလည်းကောင်း၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်း ဝန်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များက လုပ်ငန်းစွမ်းဆောင် ရည်ဆု၊ ပညာရည်ချွန်ဆုနှင့် ရုံးမဂ္ဂဇင်းစာမူဆုရ ဝန်ထမ်းများ နှင့် စာတမ်းဖတ်ပွဲတွင် စာတမ်း ဖတ်ကြားခဲ့သူများကို လည်း ကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ သမိုင်း ကြောင်းနှင့် တစ်နှစ်တာအတွင်း တိုးတက်ပြောင်းလဲမှုကို ရိုက်ကူး တင်ဆက်ထားသည့် နှစ်ပတ် လည်နေ့အထိမ်းအမှတ် မှတ်တမ်း လွှာ Video Clip ကို ဖွင့်လှစ်ပြသ သည်။
ယင်းနောက် ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ သည် နှစ်ပတ်လည်နေ့အထိမ်း အမှတ်အနေဖြင့် ခင်းကျင်းပြသ ထားသည့် ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယေဘုယျအားဖြင့် အများလက်ခံ ကျင့်သုံးလျက်ရှိသော စာရင်းစစ် စံများမှ နိုင်ငံတကာစာရင်းစစ်ချုပ် ရုံးများ ကျင့်သုံးဆောင်ရွက် လျက်ရှိသည့် စာရင်းစစ်စံများသို့ ပြောင်းလဲ ဆောင်ရွက်မှုနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို IT နည်းပညာဖြင့် စွမ်းဆောင်ရည် မြင့်မားလာစေရန် ကြိုးပမ်းဆောင် ရွက်ခြင်းခေါင်းစဉ်တို့ဖြင့် စကား ဝိုင်းဆွေးနွေးပွဲများ ဆက်လက် ကျင်းပသည်။
အခမ်းအနားသို့ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများက စုပေါင်းခန်းမနှင့် နေပြည်တော် သင်တန်းကျောင်း ခန်းမနှစ်ခုမှ လည်းကောင်း၊ တိုင်း ဒေသကြီး/ ပြည်နယ် (တာဝန်ခံ) ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ်ဒေသစာရင်းစစ်ရုံး ၂၆၆ ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ နှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးဝန်ထမ်းများက Virtual စနစ် ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်