နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် တွေ့ဆုံ

 

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေးနှင့် 
ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေး

 

နေပြည်တော်    ဧပြီ    ၁


နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ  နိုင်ငံတော်ကောင်စီဝင်နှင့်   နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏  ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ     အန်းဟေးပြည်နယ်  ဟွမ်းရှမ်မြို့သို့ မတ်  ၃၁  ရက်မှ ဧပြီ ၂ ရက်အထိ အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိသည်။

 


ဟွမ်းရှမ်မြို့သို့     ရောက်ရှိနေစဉ်အတွင်း    ဧပြီ ၁ ရက်   ဒေသစံတော်ချိန်     ညနေ   ၅ နာရီတွင်   နိုင်ငံခြားရေးဝန်ကြီးဌာန          ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်    တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ     နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး        မစ္စတာ   ဝမ်ယိနှင့်             တွေ့ဆုံခဲ့ပြီးနိုင်ငံခြားရေးဝန်ကြီးများဦးဆောင်သည့် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပခဲ့ သည်။ ဆွေးနွေးပွဲတွင်   ရှိရင်းစွဲ    ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို   နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမှုအပေါ်မူတည်ပြီး အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် သွားရေး၊   ကိုဗစ်-၁၉   ကာကွယ်၊   ထိန်းချုပ်ရေးဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး၊ တရုတ်နိုင်ငံ ချုံချင်းမြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်း ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ စိုက်ပျိုး  ရေးထုတ်ကုန်များအတွက်  နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေးနှင့်    ကုန်သွယ်ရေးနှင့်   စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ယာယီ နယ်စပ်ဂိတ်နှင့်   အမြဲတမ်းနယ်စပ်ဂိတ် တိုးမြှင့်ဖွင့်လှစ်သွားနိုင်မည့် အလားအလာများကို ရင်းနှီးစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 


ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များ အထူး သဖြင့် ကုလသမဂ္ဂနှင့် အာဆီယံမျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြ သည်။ အာဆီယံ၏ တူညီဆန္ဒ(၅)ရပ် ဆက်လက်အကောင်အထည်ဖော်မှု နှင့် စပ်လျဉ်း၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုမပြုရေးမူဝါဒနှင့် အာဆီယံပဋိညာဉ်နှင့် အခြေခံမူများနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက ဆွေးနွေးခဲ့သည်။

 


ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက် မှု အခြေအနေ၊    မြန်မာနိုင်ငံ၏   ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်အထည်ဖော်    ဆောင်ရွက်လျက်ရှိသည့်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက် (၉) ချက်နှင့်   ရှေ့လုပ်ငန်းစဉ် (၅) ရပ်တို့၏   တိုးတက်မှုများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးများရှေ့မှောက် ၌      တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ    မြန်မာသံအမတ်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန        လက်ထောက်ဝန်ကြီးတို့သည်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ အကြား  စီးပွားရေးနှင့်   နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံမှ  ငှက်ပျောသီးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့တင်ပို့ရန်   အပင်ကျန်းမာရေးဆိုင်ရာ  လိုအပ်ချက် သဘောတူစာချုပ်များ   လဲလှယ်ခဲ့သည်။  ဆက်လက်၍ နိုင်ငံခြားရေး ဝန်ကြီးများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင်းမြို့၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်     ကောင်စစ်ဝန်ချုပ်ရုံးထူထောင်ကြောင်း  တရားဝင်ထုတ်ပြန်ခဲ့သည်။

 


စီးပွားရေးနှင့်       နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ တရုတ်နိုင်ငံမှ ယွမ်သန်း ၆၅၀ ကို မြန်မာအတွက် ကူညီထောက်ပံ့သွားရန်ရှိကြောင်းနှင့်  ငှက်ပျောသီးတင်ပို့ရန်  အပင် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှုအခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ် ကြောင်း သိရှိရသည်။

 


ထို့နောက်    နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး သည်      တရုတ်ပြည်သူ့သမ္မတနိုင်ငံ    နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက် သည်။ 

သတင်းစဉ်