အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့်  သစ်တောဥပဒေ  ပုဒ်မ(၆)၊   ပုဒ်မခွဲ(င)အရ   အပ်နှင်းထားသော  အခွင့်အာဏာများကိုကျင့်သုံး၍   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၉၂၇၄ ဒသမ ၃၈) ဧကရှိသော နယ်မြေကို   “အစိမ်းရောင်တံတိုင်း   ဒီရေတောကြိုးပြင်ကာကွယ်တော”  အဖြစ်   အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၂၂)အရ ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်(၂၀၂၂ ခုနှစ်၊  ဧပြီလ ၁ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။ 

 


“အစိမ်းရောင်တံတိုင်းဒီရေတောကြိုးပြင်ကာကွယ်တော”ကို ဒေသတွင်းရှိ ရေမြေသဘာဝနှင့် ရာသီဥတုကို မျှတစေရန်၊ ဇီဝမျိုးစုံနှင့် ဂေဟစနစ်ကို ရေရှည်တည်တံ့စေရန်၊ ဒေသစိမ်းလန်းစိုပြည်ရေး နှင့် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြု နိုင်ရန်၊   ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ရှိသော ကျေးရွာများကို လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ဒီရေလှိုင်းရိုက်ခတ်ခြင်း စသည့်သဘာဝဘေးအန္တရာယ် များဘေးမှ ဒီရေတောအပင်များဖြင့် တံတိုင်းကြီး တစ်ခုသဖွယ် ကာကွယ်တားဆီးနိုင်ရန်၊ ဒီရေတော နယ်နိမိတ်အတွင်း သစ်တော၊ ရေ၊ မြေ၊ သားငှက် တိရစ္ဆာန်များအတွက် ဘေးကင်းလုံခြုံ၍ တည်ငြိမ် သောဂေဟစနစ်ကို ဖြစ်ပေါ်လာစေရန်နှင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာ နိုင်ရန် ရည်ရွယ်၍ ဒီရေတောကြိုးပြင်ကာကွယ်တော  အဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။

 


အစိမ်းရောင်တံတိုင်း    ဒီရေတောကြိုးပြင် ကာကွယ်တောဧရိယာအတွင်း   ဒီရေတောအပင်  မျိုးစိတ်များဖြစ်သည့် သမဲ့၊ ကန့်ပလာ၊ ဗြူးခြေ ထောက်၊  ဗြူးအုပ်ဆောင်း၊ လမု၊ ကနစို၊ ကျနပင်များ ပေါက်ရောက်ပြီး ငါး၊ ပုစွန်၊ ကဏန်းတို့ပေါက်ဖွားရာ နေရင်းဒေသများလည်းဖြစ်ပါသည်။ ငှက်ကြီး ဝံဗို၊ ငှက်ကျား၊ မယ်သူတော်၊ ဗျိုင်း စသည့် ရေပျော်ငှက် များ ကျက်စားရာဒေသလည်း ဖြစ်ပါသည်။

 


 ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ် ကာကွယ်ထိန်းသိမ်းလိုက်ခြင်းဖြင့် ဒီရေတောများ စနစ်တကျ   စီမံအုပ်ချုပ်နိုင်ခြင်း၊   အစိမ်းရောင် သဘာဝတံတိုင်းတစ်ခုအဖြစ်      ဒီရေတောများ ပေါ်ထွက်လာခြင်း၊ သစ်တောပြုန်းတီးမှုထိန်းသိမ်း ကာကွယ်နိုင်ခြင်း၊ သစ်တောဖုံးလွှမ်းမှုများ တိုးပွား လာ၍ ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွားလာခြင်း၊ ရာသီဥတုသာယာမျှတခြင်း၊ သား၊ ငါး၊ ပုစွန်များ ပေါကြွယ်ဝခြင်း၊ ဒေသခံပြည်သူများအတွက် သစ်၊ ထင်း   လိုအပ်ချက်များ   ဖြည့်ဆည်းပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ  ရရှိနိုင်မည်ဖြစ်၍ ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ် ကြေညာခြင်းဖြစ်ပါသည်။

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန