နောင်တရားမြို့၌ တိရစ္ဆာန် ကူးစက်ရောဂါကင်းရှင်းမှု စူးစမ်းထောက်လှမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

ဟိုပုံး  မတ် ၃၁


ရှမ်းပြည်နယ်တောင်ပိုင်း  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နောင်တရားမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ကင်းရှင်းမှု  စူးစမ်းထောက်လှမ်းခြင်းလုပ်ငန်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မတ် ၃၀ ရက်တွင် ကွင်းဆင်း ဆောင်ရွက်သည်။

 


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျွဲ၊ နွားမွေးမြူရေးခြံ၊ သုတေသနခြံ၊ မျိုးထိန်းမျိုးပွားခြံနှင့် မျိုးဖြန့်ဖြူးရေး ခြံများနှင့်  အဆိုပါခြံများမှ  ငါးကီလိုမီတာ  အကွာ အဝေးအတွင်း၌ ကျွဲ၊ နွား တီဘီရောဂါ၊ ဘရူဆဲလ်လာ သားလျှောရောဂါ၊  ခွာနာလျှာနာရောဂါနှင့် အရေပြား အကျိတ်နာရောဂါများ     ကင်းရှင်းမှုအခြေအနေကို  သိရှိနိုင်ရန်ရည်ရွယ်၍  ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းနှင့် ဝန်ထမ်းများက နောင်တရား မြို့ ခေါ်ပင်ကျေးရွာ၊ ခြဲဒုံကျေးရွာ၊ တောင်လွယ်တက် ကျေးရွာ၊  မြောက်လွယ်တက်ကျေးရွာ၊  နန်းပုလင်း ကျေးရွာ၊ အရှေ့မြင်းမထိကျေးရွာ၊ အနောက်မြင်းမထိ ကျေးရွာ၊ ဆောင်ပေါင်ကျေးရွာ၊ သစ်ပင်မဲကျေးရွာ၊ ဉာဏ်ပင်ကျေးရွာများသို့   ကွင်းဆင်း၍  ကျွဲ၊  နွား အကောင် ၅၀ ကို သွေးနမူနာများ ရယူခဲ့ပြီး အဆိုပါ သွေးရည်ကြည်များကို ရွှေမြို့ ခွာနာလျှာနာရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်  ရန်ကုန် တိရစ္ဆာန်ရောဂါ များရှာဖွေရေး    ဓာတ်ခွဲခန်းများသို့     ပေးပို့၍ သားလျှောရောဂါ၊ တီဘီရောဂါ၊ ကျွဲ၊ နွား အရေပြား အကျိတ်ရောဂါများ  ရှိမရှိ  စစ်ဆေးသွားမည်ဖြစ်သည်။ ကွင်းဆင်း၍ သွေးနမူနာရယူသည့် ကျွဲ၊ နွားများအား သန်ချဆေးနှင့် အားဆေးများကိုလည်း အခမဲ့ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။  

ပအိုဝ်းဒေသ(ပြန်/ဆက်)