
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
မြင်ကွင်း (၁)
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသားလူမျိုးအသီးသီးနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ၊ ပထဝီအနေအထား၊ ရာသီဥတုမျှတကောင်းမွန် ၍ နေချင်စဖွယ်ရှိတဲ့ နိုင်ငံ၊ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားနိုင်ငံ ပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တယ်။
အနောက်တောင်မုတ်သုံလေနဲ့ ပတ်ဝန်းကျင် ပင်လယ်ပြင်တွေကနေဝင်လာတဲ့ မုန်တိုင်းတွေကနေ မိုးရရှိတဲ့အတွက် စိုက်ပျိုးရေးကောင်းမွန်၊ ဆန်ရေစပါး ပေါကြွယ်ဝ ပြီး လှူနိုင်တန်းနိုင် ကုသိုလ်ကောင်းမှုပြုနိုင်ကာ တိုင်းရင်းသားပြည်သူ များ စိတ်ချမ်းမြေ့စွာ နေထိုင်ခဲ့ကြတယ်။
သဘာဝတရားကြီးက မြန်မာတို့ကို ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့် ဘုရင် ကိုယ့်သခင်နဲ့ ကောင်းချီးမင်္ဂလာပေးခဲ့တာ နှစ်ပရိစ္ဆေဒကြာမြင့် ခဲ့တယ်။ နှလုံးမွေ့လျော် ပျော်ဖွယ်ရာကောင်းတဲ့၊ အေးချမ်းသာယာတဲ့ အဖိုးတန်ရတနာမြေ၊ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးအသီးသီးတို့ဟာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်လျက် အေးအတူ ပူအမျှ နေထိုင်ခဲ့ကြတယ်။
မြန်မာတို့ရဲ့ မာန်၊ မြန်မာတို့ရဲ့ ဟန်၊ မြန်မာတို့ရဲ့သတ္တိ ၊ မြန်မာ့ သွေးချွေးတို့နဲ့ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်း ဘုရား၊ မင်းရဲကျော်စွာ၊ စစ်သူကြီး မဟာဗန္ဓုလ စတဲ့စစ်ဘုရင် စစ်သူရဲ ကောင်းများ ပေါ်ထွန်းခဲ့ကာ၊ မြန်မာ့အရေးအတွက် ကာကွယ်ခဲ့ကြတာ ရှေးအတိတ်သမိုင်းမှာ အထင်အရှားရှိခဲ့တယ်။
မြန်မာ့ရေမြေ တောတောင်အနေအထားဟာ ရာသီဥတု သပ္ပာယ မျှတပြီး လွတ်လပ်စွာ နေထိုင်လာခဲ့တဲ့ မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှ တို့က ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။
မြန်မာ့တပ်မတော်ဟာ လွတ်လပ်ရေးနဲ့အတူ ပြည်သူတွေထဲက ပေါက်ဖွားလာသော တပ်မတော်ဖြစ်တယ်။ နိုင်ငံကို အချုပ်အခြာ အာဏာပိုင် လွတ်လပ်တဲ့ နိုင်ငံအဖြစ် ပေါ်ပေါက်ရေးအတွက် တိုက်ပွဲ ဝင်ခဲ့တယ်။ လွတ်လပ်ပြီးခေတ်မှာလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲစေဖို့ ပြည်တွင်းသောင်းကျန်းသူတွေရဲ့ အန္တရာယ်၊ ပြည်ပ တရုတ်ဖြူကျူးကျော်မှု အန္တရာယ်တွေကို သွေး၊ ချွေးတို့နဲ့ တွန်းလှန်ကာကွယ်ခဲ့တယ်။
မြင်ကွင်း (၂)
ဗိုလ်ချုပ်ဆောင်ဆန်းက ၁၉၄၄ ခုနှစ်မှာ တပ်မတော်နဲ့ပတ်သက်လို့ မိန့်ခွန်း ပြောကြားရာမှာ “ငါတို့တပ်မတော်သည် ပြည်သူများအကြားမှ ပေါက်ဖွားလာ၍ ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်ကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါတို့တပ်မတော်သည် ပြည်သူ့တပ်မတော်ဖြစ်သည်” ဟူ၍ ပြောကြားခဲ့တယ်။
“မျိုးခြားမဟုတ်၊ မွေးထုတ် မြန်မာ၊
ပြည်သာယာဖွား၊ ရင်နှစ်သားတို့
စိတ်များမခွဲ၊ သွေးမကွဲကြ၊ ရဲသွေးကိုယ်စီ၊ မာန်ထည်ခန့်ညား
ပြည်သူ့ကြားမှ ပေါက်ဖွားလာသော တပ်မတော်။
တံတားတွေဆောက် လမ်းတွေဖောက်လည်း၊
နောက်မှမနေ၊ တွေဝေမှုကင်း
တက်ကြွခြင်းနှင့် ရင်းနှီးပြည်သူ၊ ကူညီမှုပေး၊ နွေးထွေးပျူငှာ
ချစ်ကြည်ရာတည့်၊ ရှာမှ ရှားသည့် တပ်မတော်။”
မောင်မိုးမင်းထွန်း - ဆေးတက္ကသိုလ်(၂)*
မြင်ကွင်း (၃)
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ မြန်မာနိုင်ငံဟာ လုံးဝ လွတ်လပ်တဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
လွတ်လပ်ရေးမရမီ လွတ်လပ်ရေးကာလများအတွင်း အာရှ တစ်လွှားက အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဗီယက်နမ်နဲ့ မြန်မာ တို့ဟာ ဆိုရှယ်လစ်စနစ်ကို အားကျခဲ့လေရာ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားကို ဆိုရှယ်လစ်ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရား နဲ့ အစားထိုးတပ်ဆင်ခဲ့ပါတယ်။ ကနဦးအစ အပြောင်းအလဲကို တပ်မတော်ကို ခြေကုပ်ယူ ၊ တော်လှန်ရေးကောင်စီက ဆိုရှယ်လစ် ဒီမိုကရေစီယန္တရားကို မောင်းနှင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြဋ္ဌာန်းကာ ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံ ထူထောင်ခဲ့ရာ စီမံကိန်းတွေအရ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိခဲ့ကြောင်း တွေ့ရပါတယ်။
ပညာရေးကဏ္ဍမှာလည်း အဆင့်မြင့်ကဏ္ဍအတွက် ဒေသ ကောလိပ် (Regional Colleges) တွေ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒေသအသီးသီးက ပြည်သူလူငယ်တွေ ပညာရေးလက်လှမ်းမီခဲ့တာကို တွေ့ရပါတယ်။ ပညာရေးမှာဖြစ်ဖြစ်၊ လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေးမှာပဲဖြစ်ဖြစ် စီမံခန့်ခွဲပြီး အကောင်အထည်ဖော်ရာမှာ အားနည်းခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှု ပျက်သုဉ်း လာချိန် တစ်ပါတီစနစ်ကို အကြောင်းပြုပြီး ပြည်ထောင်စုပြိုကွဲမယ့် အခြေအနေဆိုးဟာ လက်နက်စွဲကိုင်မှုတွေအထိ မြင့်ခဲ့တော့ မြန်မာ့ တပ်မတော်ဟာ အမိနိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုအတွက် အမျိုးသားနိုင်ငံရေးထဲ ဒုတိယမ္ပိ၊ တတိယမ္ပိ ရောက်လာခဲ့ရပြန်ပါတယ်။
“ထက်နဘံ တိမ်ယံကြောက.. တဝေါဝေါ ဟိန်းမြည်သံ..
အုန်းခြိမ့်ခြိမ့်ညံ။
မုန်တိုင်းရယ်ထန်..မိုးသံလေလား. .
ကျောပိုးလွယ် စစ်ခမောက်နဲ့..တစ်မိုးသောက် တစ်နေဝင်..စစ်ရေးကိုငင်။
ရေပြင်ကျယ် ပင်လယ်ရိုးက..လေတိုးလို့ မိုးဆင်..လှိုင်းထပ်ဘောင်ဘင်
အလှမ်းမမြင် ကမ်းခွင်နဲ့ကွာဝေး။”
မယဉ်ယဉ်ဝင်း၊ ဥပဒေ ရန်ကုန်တက္ကသိုလ်(လှိုင်)*
“ဇာတ်ကြောင်း တစ်ခန်း လက်တစ်ကမ်းကာ၊
ကြမ်းတမ်းထန်ပြင်း မုန်တိုင်းတွင်းက၊
အရေးခင်းနှစ်၊ ရှစ်ဆယ့်ရှစ်တည့်။
…လက်သစ်နယ်ချဲ့ ခြေရှုပ်ခဲ့၍၊
မင်းမဲ့စရိုက် ထင်တိုင်းမိုက်နှင့်၊
လှိုင်းရိုက်လေထန် ပွက်ပွက်ညံသော် …
ရှေ့ရေးရှုမျှော် တပ်မတော်၊ …”
မောင်သိမ်းမြင့် ၊ ဘီအီးဒီ ရန်ကုန်ပညာရေးတက္ကသိုလ်*
တပ်မတော်က လက်ပိုက်ကြည့်နေခဲ့ပါမူ မြန်မာ့အရေး၊ မြန်မာ ပြည်သူတို့ရဲ့ဘဝ မည်သို့မည်ပုံဖြစ်မည်ကို တွေးဆမြော်မြင်သူ ရှိခဲ့ပါလိမ့်မယ်။ သို့သော် ရှားပါလိမ့်မယ်။ နိုင်ငံရဲ့အရေးဟာ မီးစဉ် ကြည့်က၊ တော်သလို လှော်ကြတာပေါ့၊ ဖြစ်သမျှအကြောင်း အကောင်းချည်းလို့ ခံယူရမယ့်ကိစ္စမဟုတ်သည်ကို သတိမူကာ ရှုမြင်ကြည့်ကြရလိမ့်မယ်။
မြင်ကွင်း (၄)
အင်အား မှန်သမျှ ညီအစ်ကိုအချင်းချင်း စစ်ခင်းရတာနဲ့ အားတွေ ကုန်၊ ဘဝပျက်ရတာပဲများပါတယ်။ ယမ်းငွေ့တွေဝေ အသက်တွေကြွေ၊ ရပ်ရွာတွေကျေတဲ့ ကာလဟာ အချိန်ကြာခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခါးသီးမှု၊ မုန်းတီးမှုအထိ ရောက်ခဲ့လာတော့လမ်းတံတားတွေ ဆုံးရှုံးတာအဓိကမဟုတ်၊ အေးအတူပူအမျှ ငြိမ်းငြိမ်း ချမ်းချမ်းနေလိုတဲ့ဆန္ဒ၊ အမျိုးသားအကျိုးစီးပွား ရှေးရှုတဲ့ဝိသေသ၊ နိုင်ငံတကာအလယ်မှာ ထည်ထည်ဝါဝါနဲ့နေနိုင်တဲ့ လက္ခဏာတွေက အဓိကဖြစ်ကြောင်း နားလည်လာပါတယ်။
ဗလငါးတန်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသား ညီအစ်ကိုတွေနဲ့ စည်းလုံး ညီညွတ်ရေး၊ ပညာရည်မြင့်မားရေးတို့ဟာ တကယ့်ကိုဦးတည်ရမယ့် အမျိုးသားရေးကိစ္စ၊ လွတ်လပ်ရေးရဲ့ အနှစ်သာရမို့ သဟဇာတဖြစ်တဲ့ စီမံအုပ်ချုပ်မှုကို ရှေးရှုခဲ့တာတွေ့ရပါတယ်။ မည်သည့်အစိုးရမဆို ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်ဆိုတာ ကမ္ဘာ့သမိုင်းကိုကြည့်ရင် တွေ့မြင်ရပါလိမ့်မယ်။
မြင်ကွင်း (၅)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရန်၊ နိုင်ငံတော်တည်ဆောက်ရေး၊ စီးပွားဖွံ့ဖြိုးတိုးတက် ရေးမှာ လမ်းပန်းဆက်သွယ်ရေးဟာ အဓိကဖြစ်လို့ တပ်မတော်သား များရဲ့ လုပ်အားနဲ့ အဝေးပြေးလမ်းများ၊ မီးရထားလမ်းများ ဖောက် လုပ်ခဲ့တယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ် လုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်ခဲ့ကြတယ်။ တပ်မတော် အထည်ချုပ်စက်ရုံ၊ ဘောလုံးစက်ရုံ၊ ဖိနပ်စက်ရုံ၊ စည်သွတ်ဘူးစက်ရုံ တို့ကိုလည်း ဖွင့်လှစ်ဆောင်ရွက်ခဲ့တယ်။ ကုန်ထုတ်လုပ်ငန်းမှာ သာမက တစ်မျိုးသားလုံး လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးသုံးစွဲမှု ကနေ ကာကွယ်ဖို့ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ခဲ့တာကို တွေ့ရ ပါလိမ့်မယ်။
၂၀၀၀ ပြည့်နှစ်တွေမှာ အမျိုးသားရေး စရိုက်လက္ခဏာတွေ တည့်မတ်လာတာတွေ့ရပါတယ်။ ပညာရေးလက်လှမ်းမီအောင် လူရှိတဲ့နေရာမှာ ကျောင်းဆောက်၊ အရည်အချင်း မြင့်သထက် မြင့်အောင်၊ ပညာတတ်သည်ထက် တတ်အောင်၊ ကျွမ်းကျင်မှု အရည်အသွေးမြင့်သည်ထက်မြင့်အောင်၊ တက္ကသိုလ်ကောလိပ်တွေ တည် ထောင်ခဲ့တာ၊ အမျိုးသားရေးလူ့စွမ်းအားအရင်းအမြစ် မွေးထုတ် ဆောင်ကြဉ်းပေးခြင်းပါ။ စီးပွားရေးဖွံ့ဖြိုးလာအောင် တိုင်းရင်းသား လုပ်ငန်းရှင်တွေ ပေါ်ပေါက်နိုင်အောင်၊ တောင်ပေါ်မြေပြန့် ညီအစ်ကို အချင်းချင်း တွေ့နိုင်၊ သွားနိုင်၊ လာနိုင်အောင် အားထည့်လုပ်ဆောင် ခဲ့တာတွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်၊။
ခေတ်မီအင်အား တောင့်တင်းပြီး အရည်အချင်းပြည့်ဝ၍ စွမ်းရည်ထက်မြက်တဲ့ တပ်မတော်ဖြစ်ဖို့ ရည်မှန်းတည်ဆောက်ခဲ့တယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးထိပ်ထားတယ်။
မြင်ကွင်း (၆)
တကယ်စင်စစ်တော့ လွတ်လပ်ရေးမရမီ၊ လွတ်လပ်ရေးရပြီး နဲ့ ယနေ့ ကာလအထိကြည့်လျှင် မြန်မာ့တပ်မတော်နဲ့ ပြည်သူတို့ဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို ဖြစ်နေတာကို တွေ့ရပါမယ်။ ပြည်သူဟာ တပ်မတော်ရဲ့ အရင်းအမြစ်ဖြစ်သလို တပ်မတော်ဟာ ပြည်သူ့အရင်းအမြစ်ဖြစ်စေဖို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ပါဝင်နေရခြင်း ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ပြည်ပ ပြည်တွင်း သတင်းမီဒီယာနဲ့ အသံလွှင့်ဌာနများက တိမ်သလ္လာဖုံးကွယ်ထားတဲ့အမြင်နဲ့ မြန်မာ့ တပ်မတော်ကို အမျိုးမျိုးယိုးမယ်ဖွဲ့စွပ်စွဲတယ်။ ယနေ့ အချိန်အခါ လူမှုကွန်ရက်ကတစ်ဆင့် လိုရင်လိုသလို၊ မလိုရင်မလိုသလို ပုံဖော်ပြီး တိုက်ခိုက်နေတာကို ကြုံရ မြင်နေရတယ်။ ဒီအခြေအနေဆိုးက လွတ်မြောက်အောင် တပ်မတော်က မိဘဖြစ်တဲ့ တောင်သူလယ်သမား၊ အလုပ်သမားများနဲ့ နိုင်ငံ့ဝန်ထမ်းများသာမက သာသနာ့ဝန်ထမ်းတွေ၊ ထေရ်ကြီးဝါကြီးများနဲ့ သက်ကြီးရွယ်အိုများ၊ ဆရာသမားများအထိ တတ်စွမ်းနိုင်သမျှ အကာအကွယ်ပေးနေရတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မြင်ကွင်း (၇)
မြန်မာတို့ဟာ ရောင့်ရဲတင်းတိမ်ကာ ယဉ်ကျေးသိမ်မွေ့၊ ပျူငှာသူ များအဖြစ် သောကကင်းဝေး ဒုက္ခကင်းကင်းနဲ့ ပညာသင်လိုသူ၊ ကုသိုလ်ကောင်းမှုပြုလိုသူ၊ လောကီ လောကုတ္တရာ နှစ်ဖြာသော လူမှုဘဝအတွက် သံသရာအထိ မျှမျှတတနဲ့ နေလိုကြသူများဖြစ်ကြ ပါတယ်။ အထူးသဖြင့် လောကီဘဝမှာ အသက်ရှင်သမျှကာလ ပတ်လုံး မည်သည့်ပါတီရဲ့ နိုင်ငံရေးသားကောင်အဖြစ် မနေလိုသူ ဒုနဲ့ဒေးရှိတာကို တွေ့မြင်နိုင်ပါတယ်။
တပ်မတော်သားတွေကလည်း ပါတီနိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အမျိုးသားနိုင်ငံရေးနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဦးလည်မသုန် နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်မယ့် တစ်ခုတည်းသော တပ်မတော်အဖြစ် ရပ်တည်မယ့် နိုင်ငံအင်အားပဲဖြစ်တယ်လို့ သုံးသပ် ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအရ တွေ့ကြုံခဲ့ရတဲ့ ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်များအရ၊ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ပြည်ထောင်စုဖက်ဒရယ်နိုင်ငံ တည်ထောင်ရေးနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ဖွဲ့စည်းပုံအရ ကာလတစ်ခုအထိ ပါဝင်နေရေးကို လက်ခံကြရပေမယ်။
မြင်ကွင်း (၈)
အနောက်နိုင်ငံများရဲ့ ပထဝီနိုင်ငံရေးဟာ ဒီမိုကရေစီအကြောင်း ပြုတဲ့ စစ်ပွဲပဲဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့ လက်သစ်စစ်ပွဲတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ စစ်အာဏာရှင် အလိုမရှိဆိုပြီး ဦးတည်တာ တွေ့မြင်ရပါတယ်၊ နိုင်ငံအချို့မှာလည်း ဒီသဘောဆောင်တာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်များအရ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီအပေါင်းဟာ နိုင်ငံနဲ့ ပြည်သူတွေကို ထောက်ထားပြီး လိုအပ်တဲ့ကွက်လပ်တွေမှာ ဖြည့်သွား ဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ မဟာဗျူဟာကျခြင်း၊ သယံဇာတ မျိုးစုံ အမယ်စုံပေါကြွယ်ဝခြင်း၊ ဘာသာတရားအပေါင်းရဲ့ တရားတော် များနဲ့အညီ နေထိုင်နိုင်ခြင်းဆိုတဲ့ လက်ဆောင်မွန် လက်ဆောင် ကောင်း၊ ကောင်းခြင်းမင်္ဂလာနဲ့ ပြည့်စုံတာကို တွေ့မြင်ရပါတယ်။ မြန်မာတို့တစ်တွေဟာ မိုးကုပ်စက်ဝိုင်းတစ်ဆုံးထိ လေ့လာစရာတွေ ဟာ ကိုယ့်ရှေ့မှာရှိနေတာမို့ သင်ယူဖို့ ခရီးဆက်ကြရဦးမယ်။
မြင်ကွင်း (၉)
ပြည်တွင်းပြည်ပက မမှန်မကန် လုပ်ကြံဖန်တီး စွပ်စွဲချက်တွေနဲ့ တပ်မတော်နဲ့ ပြည်သူမကြည်ဖြူအောင်၊ တပ်မတော်ပြိုကွဲအောင် မုန်တိုင်းတွေထန်နေရာ၊ ဒီမုန်တိုင်းဟာ ခေတ်သစ်ကိုလိုနီကျွန်ပြုမှု အသွင်ဖြစ်နေတာမို့ ပြည်သူတို့ရဲ့ ပင်ကိုမြန်မာ့စိတ်နေစိတ်ထား သဘောထားနဲ့ ခံယူချက်ထိ ရိုက်ခတ်နေတာတွေ့ရပါတယ်။ ဒီရန်စွယ် မုန်တိုင်းကို ကာကွယ်နိုင်ဖို့ တပ်မတော်စွမ်းပကား မြင့်မားစေရန် အမြဲရှင်သန်ထက်မြက်စေရန် အရေအတွက်ရော အရည်အသွေးပါ အစဉ်တိုးမြှင့်ရန် လိုအပ်ပါလိမ့်မယ်။
ပထဝီနိုင်ငံရေးနဲ့အတူ ပူးတွဲပါလာနိုင်တာကတော့ ပြည်ပစစ်ရေး ကူးစက်ကျူးကျော်ခဲ့သည်ရှိသော် ကာကွယ်တားဆီးနိုင်ဖို့ နိုင်ငံရဲ့ ဓနအင်အားနဲ့ လျော်ညီတဲ့ လက်နက်အင်အားကို ခေတ်မီနိုင်သမျှ ထူထောင်ထားဖို့လိုအပ်ပါတယ်။ တပ်မတော်အင်အားရှိမှဖြစ်မယ်။ လိုအပ်တဲ့ စစ်လက်နက်တွေနဲ့၊ ဝေဟင်နဲ့ရေပြင်က ကာကွယ်နိုင်ရေး၊ ခေတ်မီအောင် ထူထောင်ခြင်းဖြင့် ပြည်သူတွေ စိတ်ပူစရာမလိုဘဲ တပ်မတော်က ရှေ့တန်းက မားမားမတ်မတ်ရင်ဆိုင်ကာ ကျူးကျော် လာနိုင်တဲ့ ရန်သူရဲ့စစ်ကို တိုက်ထုတ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါ တယ်။ တိုင်းရင်းသားပြည်သူများက စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ စက်မှု လုပ်ငန်းတွေ၊ သွားလာရေး ကုန်စည်ပစ္စည်းများ ချောမွေ့စွာနဲ့ သာသနာရေး၊ လူမှုရေးလုပ်နိုင်ရေးအတွက် တပ်မတော်က ရှေ့တန်း က တိုက်ထုတ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
မြင်ကွင်း (၁၀)
နိဂုံးချုပ်ရရင်ဖြင့်–
မြန်မာ့မျိုးချစ် တပ်မတော်ဟာ နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ တာဝန်ယူခဲ့ကြတဲ့အခါတိုင်းမှာ အသွင်သဏ္ဌာန်အားဖြင့် စစ်အစိုးရဟု ခေါ်ဝေါ်သော်လည်း အနှစ်သာရအားဖြင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အတွက် ပြည်သူဝန်ထမ်းအဆင့်ဆင့်ဖြင့် တာဝန်ယူတာဝန်ခံ အုပ်ချုပ် လျက်ရှိတာကို ယနေ့အချိန်အခါမှာ ပို၍ထင်ရှားစွာ တွေ့ရမှာဖြစ်ပါ တယ်။ ပြည်သူ့ကြားကနေ ပေါက်ဖွားခဲ့တဲ့ တပ်မတော်ဟာ လွတ်လပ် ရေးကို ချစ်၊ အမျိုးကိုချစ်တဲ့စိတ်ကြောင့်၊ ပြည်သူတို့နဲ့အတူ ပြည်တွင်း ပြည်ပ မုန်တိုင်းကြီးငယ်ကြားမှ ရုန်းကန်လျက်ရှိနေရတာ၊ သမိုင်း တစ်လျှောက် ယနေ့တိုင် ခိုင်ခိုင်မာမာ တောင့်တောင့်တင်းတင်း ရပ်တည်နေတာကို တွေ့မြင်ရပါမယ်။ တပ်မတော်အပါအဝင် နိုင်ငံရေး ပါတီများ နိုင်ငံ့ဝန်ထမ်းကြီးများဟာ ၂၁ ရာစုရဲ့ ကျွမ်းကျင်မှု (21st Century Skills) တွေကိုလည်း ပိုပြီးဖြည့်စွက်ထားဖို့၊ မီဒီယာအသီးသီး နဲ့ နိုင်ငံတကာသံရုံးများအပါအဝင်မှာ ညင်သာပျော့ပျောင်း ကျွမ်းကျင် လိမ္မာ ထိရောက်တဲ့ ပြောဆိုဆက်ဆံမှုတွေ ကျင့်သုံးရမှာဖြစ်ပါတယ်။
တပ်မတော်ဟာ နှစ်ပေါင်း ၆၀-၇၀ နီးပါး ကြာခဲ့တဲ့ကာလ အတွင်းမှာ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်အင်အား ချို့ချို့တဲ့တဲ့နဲ့ အစိုးရအဆက်ဆက်တိုင်းတွင် ပြည်တွင်း၊ ပြည်ပ စစ်ရန်သူကို အောင်မြင်အောင် ဆင်နွှဲနိုင်ခြင်းဟာ အမျိုးကိုချစ်တဲ့စိတ်ဓာတ်၊ နိုင်ငံကိုချစ်တဲ့စိတ်ကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ တပ်မတော်သားတွေရဲ့ မိသားစုတွေဟာ တိုက်ပွဲကပြန်လာမယ့် စစ်သားကြီးတွေ၊ တပ်ရင်းတပ်ခွဲ၊ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ၊ တပ်မမှူး တွေကို စိတ်ပူပင်ညှိုးငယ်စွာနဲ့ စောင့်နေကြတဲ့ မြင်ကွင်းဟာ ရင်နင့် ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ တပ်မတော်မိသားစုဝင်မဟုတ်တဲ့ ပြည်သူတွေ ထဲက ပြည်သူအချို့ဟာ ကိုယ်ချင်းစာစိတ်နဲ့ကြည့်ဖို့၊ ခွဲခြားပိုင်းခြား နိုင်ဖို့၊ သံသရာတစ်ကွေ့မှာ အခုလို ဆုံတွေ့ရတဲ့ ဘဝကိုချစ်မြတ်နိုး ကြဖို့ ဖြစ်ရပါမယ်။
နိုင်ငံတော်အပေါ် ပြည်သူတို့အပေါ်၊ ရဲဘော်ရဲဘက်တွေအပေါ် ထားတဲ့ သစ္စာတရားသစ္စာဓိဋ္ဌာန်လေးချက်ဟာ ဝေဟင်တွင်ပျံဝဲကာ ထာဝရတည်ရှိလျက် မုန်တိုင်းမှန်သမျှ ကျော်လွှားနိုင်မယ့် မြင့်မားတဲ့ စိတ်ထားများကို တပ်မတော်နေ့တိုင်း ကြားရသူအပေါင်း နှစ်ထောင်း အားရရှိရပါကြောင်း −
“တပ်ပေါင်း … သစ္စာဓိဋ္ဌာန်လေးချက်… ဆို”
ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်။
ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။
ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက် ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏။
ကျမ်းကိုး
Myanmar: Facts and Figures; Ministry of Information, Myanmar, March, 2000
ဗမာ့တော်လှန်ရေးသမိုင်း၊ ဗိုလ်မှူးဘသောင်း (မောင်သုတ) မတ်လ ၁၉၉၁ ခုနှစ်၊ ပြန်ကြားရေးဝန်ကြီးဌာန
၂၀ ရာစု မြန်မာနိုင်ငံ၊ အမျိုးသား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး ရေးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဇန်နဝါရီလ ၂၀၀၂ ခုနှစ်
ဦးသန့်၏ ဘဝ အတွေ့အကြုံများ မောင်ရွှေခေတ်။ ရန်ကုန် ပန်းဝေဝေ စာပေ၊ ၂၀၁၃ ခုနှစ်
မကြန် သမိုင်းရှာပုံတော်ခရီး နှင့်အခြားစာတမ်းများ မြရတနာ စာပေ၊ စာစဉ်(၁) ၂၀၀၂ ခုနှစ်
မီနာမီကီကန်း၊ အိဇုမိယ တတ်စုရော၊ သမိုင်းသုတေသန စာစဉ်(၁)၊ စာတည်း ဦးကျော်အောင်၊ ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာန၊ အထက်တန်းပညာဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာန
ကြေးမုံသတင်းစာ၊ စာ ၁-၈၊ အောက်တိုဘာ ၁၆၊ ၂၀၁၈
*၁၉၉၃ ခုနှစ်၊ ၄၈ ခုနှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာစောင် စာစီစာကုံးနှင့် ကဗျာ
(တက္ကသိုလ်နှင့်၊ အခြေခံပညာအဆင့်) တက္ကသိုလ်များ ပုံနှိပ်တိုက်
- Log in to post comments