(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေး-သူရဲဈေးလမ်းပိုင်းတွင် မန္တလေးမြို့ပတ် RBE ရထားပြေးဆွဲ

 

မန္တလေး   မတ်   ၂၅


မန္တလေး - သူရဲဈေးရထားလမ်းပိုင်းတွင်     မန္တလေး မြို့ပတ် RBE ရထားစတင်ပြေးဆွဲခြင်း အခမ်းအနား ကို  ယနေ့  နံနက် ၈ နာရီက  မန္တလေးဘူတာကြီး စင်္ကြံ(၁)၌ ကျင်းပသည်။

 


အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာ့မီးရထား      ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်း/ခရိုင်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊    ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး မြန်မာ့မီးရထား   ဦးဆောင် ညွှန်ကြားရေးမှူးက မြို့ပတ်ရထား   ပြန်လည်ပြေးဆွဲ မှုများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် တိုင်းဒေသကြီး   ဝန်ကြီးချုပ်၊ တိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးတို့က မန္တလေး-သူရဲဈေးလမ်းပိုင်း တွင်ပြေးဆွဲမည့် RBE ရထားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး (အောက်ဝဲပုံ) ပြေးဆွဲမည့် ရထားစက်ခေါင်းအား     အမွှေးနံ့သာရည်များဖြင့်  ပက်ဖျန်းပေးကြသည်။

 


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရထားပေါ်တွင်   စီးနင်းလိုက်ပါ ကြသည့်   ခရီးသွားပြည်သူများကို   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ   အမှတ်တရလက်ဆောင်  ပစ္စည်းများကိုပေးအပ်ပြီး ထွက်ခွာသွားသည့် ရထား တွင်   စီးနင်းလိုက်ပါကြသည့်   ခရီးသည်များအား လက်ပြနှုတ်ဆက်သည်။

 


မန္တလေးမြို့ပတ်ရထား    (မန္တလေး-သူရဲဈေး)ခရီးစဉ်အား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ ရထားပြေးဆွဲခြင်းကို ယာယီရပ်နားခဲ့ရပြီး  ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုလျော့နည်းလာခြင်းနှင့် ဒေသခံပြည်သူများ ၏ ခရီးသွားလာမှု  အဆင်ပြေစေရန် ရထားပြန်လည် ပြေးဆွဲပေးနိုင်ရေးအတွက် ရထားလမ်းပိုင်းကြံ့ခိုင်မှု ရှိစေရေး   ကွန်ကရစ်ဇလီဖားတုံးများလဲလှယ်ခြင်း၊ လမ်းခင်းကျောက်များ ထပ်မံဖြည့်တင်းပေးခြင်းများ ကို ဆောင်ရွက်ခဲ့ကြောင်း၊ မန္တလေးမြို့ပတ်ရထားသည် မန္တလေးမြို့၏ တိုးတက်များပြားလာသော လူဦးရေ နှင့် တိုးချဲ့လာသည့် မြို့ပြ၏ အခြေအနေများကြောင့် မရှိမဖြစ်လိုအပ်လာခြင်း၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များနှင့် သွားလာခြင်းထက် မြို့ပတ်ရထား ဖြင့် ခရီးသွားပါက ကုန်ကျစရိတ် ပိုမိုသက်သာနိုင်ပြီး ပြည်သူများ   မန္တလေးမြို့အတွင်း    အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးအတွက်  ရထားအား ပြန်လည် ပြေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

 


ထိုသို့ပြေးဆွဲရာတွင် အမှတ်(မ-၄၁)အဆန် RBE ရထားသည် မန္တလေးဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာ၍ သူရဲဈေးဘူတာသို့ နံနက် ၉ နာရီတွင် လည်းကောင်း၊ အမှတ်(မ-၄၂)အစုန် RBE ရထားသည် သူရဲဈေးဘူတာမှ   မွန်းလွဲ ၂ နာရီတွင် ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၄ နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ပြီး    အသွား/ အပြန်      ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်းနှင့်          ရှမ်းစုဘူတာ၊ မြို့ဟောင်းဘူတာ၊ သိုးခြံဘူတာ၊ ကန်သာယာဘူတာ၊ အောင်ပင်လယ်ဘူတာ၊ ယာဉ်ပျံဘူတာ၊ အိုးဘိုဘူတာ နှင့်   သူရဲဈေးဘူတာတို့၌   ရပ်တန့်ပေးသွားမည် ဖြစ်ကြောင်း၊ စီးနင်းလိုက်ပါမည့်ခရီးသည် တစ်ဦး လျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့် အသွား/အပြန် ငွေကျပ် ၄၀၀ နှုန်း ကျသင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။                                        

သတင်းစဉ်