
နေပြည်တော် မတ် ၂၄
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုး သမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ဦးဆောင်မှုအောက်တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ပြင်ဆင်ဖွဲ့ စည်းခဲ့ပြီး မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၇)ရပ် ချမှတ်၍ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးအရေးတက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေ ကြသည့် အမျိုးသမီးအဖွဲ့များကိုလည်း ပါဝင်ဖွဲ့စည်း ထားရှိကြောင်း၊ ဒေသအလိုက် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ပြည်နယ် ၁၅ ခု၊ ခရိုင် ၇၄ ခု၊ မြို့နယ် ၃၃၀ တို့တွင် အမျိုးသမီးကော်မတီများကို ဒေသအဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီ များအကြား သက်ဆိုင်ရာဒေသအလိုက် အကောင် အထည်ဖော်ဆောင်ရွက်မည့် အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ် နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ အစည်းအဝေးကို ဘဏ္ဍာရေးနှစ်တစ်နှစ် လျှင် အစည်းအဝေးနှစ်ကြိမ် ကျင်းပဆောင်ရွက် လျက်ရှိပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက် မှုများအပေါ် လိုအပ်သည့် ကြီးကြပ်လမ်းညွှန်မှုများ ဆောင်ရွက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂) ကို လုပ်ငန်းဧရိယာ(၁၂) ရပ် ချမှတ်ဆောင်ရွက်ခဲ့ ကြောင်း၊ NSPAW Phase I ကို ပြန်လည်သုံးသပ်ပြီး NSPAW Phase II ကို ရေးဆွဲနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ NSPAW အကောင် အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် အဆင့်ဆင့် ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးကော်မတီများ၏ စွမ်းရည် များသည် များစွာအရေးကြီးကြောင်း၊ အမျိုးသမီး များ၏ဘဝကို အားပေးမြှင့်တင်ခြင်းသည် ၎င်းတို့၏ မိသားစုကို တိုးတက်စေခြင်းဖြစ်သလို စီးပွားရေး ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှုတို့ကိုပါ ထပ်ဆင့်ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများကို အမျိုး သားများနှင့် တန်းတူညီမျှသော အခွင့်အရေးများ ရရှိစေရန် ကျား၊ မ တန်းတူညီမျှမှုနှင့် အမျိုးသမီး အခွင့်အရေးများ သိရှိစေရန် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၁) အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေး တင်ပြသည်။
ယင်းနောက် နေပြည်တော် အမျိုးသမီးကော်မတီ နှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီ များ၏ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များက ကဏ္ဍ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်