
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ကနဦးစီမံကိန်းနယ်မြေလေးခုဖြင့် ဆောင်ရွက်မည်
နေပြည်တော် မတ် ၂၃
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟိုအလုပ်အမှုဆောင်အဖွဲ့)နှင့်မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အကောင်အထည်ဖော်ဆောင်ရွက်
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ကိုဗစ်-၁၉ ကပ်ရောဂါ အလွန် ကာလများတွင် မသန်စွမ်းသူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်ထားရှိကြောင်း၊ အမျိုးသား ကော်မတီ၏လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ကာ မသန်စွမ်းသူများအတွက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၂၂-၂၀၂၇) အတည်ပြု ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ခြင်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း၊ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည်အစီရင်ခံစာ စာအုပ် (မြန်မာ+အင်္ဂလိပ်)ထုတ်ဝေခြင်း စသည့် လုပ်ငန်းရပ်များ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်ကို သိရှိရကြောင်း။
မဟာဗျူဟာ ငါးနှစ်စီမံကိန်း
မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် မသန် စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ ငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Deve-lopment Plan-MSDP)၊ မြန်မာနိုင်ငံမှ လက်မှတ် ရေးထိုးထားသော အာဆီယံမဟာဗျူဟာလုပ်ငန်း အစီအစဉ် ၂၀၂၅ (ASEAN Enabling Masterplan: 2025)တို့နှင့်အညီ ရေးဆွဲထားပြီး မကြာမီ အတည် ပြုနိုင်တော့မည်ဖြစ်သည့်အတွက် မသန်စွမ်းသူ များ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း၊ မဟာဗျူဟာ ငါးနှစ်စီမံကိန်း ကို အတည်ပြုပြီးနောက်ပိုင်းတွင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်၊ ဆပ်ကော်မတီအလိုက် လုပ်ငန်း စီမံချက် (Action Plan) များ ရေးဆွဲပြီး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းစဉ်များအတွက် အသုံးစရိတ်များကျခံသုံးစွဲ နိုင်ရေး၊ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာ ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တင်ပြ တောင်းခံသွားနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း။
ပိုမိုအလေးထားလုပ်ဆောင်
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ကနဦး စီမံကိန်းနယ်မြေလေးခုဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံ မြို့နယ်တို့တွင် ဆောင်ရွက်သွားမည်ကို သိရှိရ ကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့ နိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂ ဒသမ ၃ သန်း (နိုင်ငံ့ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း) ရှိသည့်အတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူ များ မှတ်ပုံတင်ခြင်းကိစ္စကို ပိုမိုအလေးထား လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအခြေအနေ အလိုက် လိုအပ်သောပံ့ပိုးမှုများကို သိရှိပံ့ပိုးပေးလာ နိုင်မည်ဖြစ်ပြီး မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မသန်စွမ်းသူများအပေါ် ကူညီထောက်ပံ့မှုများ ထိရောက်စွာ ဆောင်ရွက်လာနိုင်ပြီး မသန်စွမ်းသူများ အတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း။
(၂၀၂၂- ၂၀၂၃) ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မသန် စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် လူမှု ရေးအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကနဦး စီမံ ကိန်း မြို့နယ်များမှ ရရှိလာသည့် အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်စေရေး ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည် အစီရင်ခံစာကို ယခုလအတွင်း ထုတ်ဝေဖြန့်ချိ သွားမည်ဖြစ်ပြီး မသန်စွမ်းသူများအတွက် နိုင်ငံ၏ ဆောင်ရွက်ချက်များကို စုစည်းဖော်ပြထားသည့် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ကြောင်း၊ ကုလ သမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီသို့လည်း တင်သွင်းသွားမည်ဖြစ်သည့် အတွက် အင်္ဂလိပ်ဘာသာ ပြန်ဆိုထုတ်ဝေနိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့(IDPD)၏ ဆောင်ပုဒ်ဖြစ်သည့် “အားလုံးအကျုံးဝင် လက်လှမ်း မီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉အလွန် ကမ္ဘာ ဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစား ပေး”နှင့်အညီ မသန်စွမ်းသူများ၏အခန်းကဏ္ဍကို တိုးတက်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ
ထိုမျှမက မသန်စွမ်းသူများအနေဖြင့် ဂုဏ် သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင် ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများဖြစ်သော မသန်စွမ်းမှု အမျိုး အစားအလိုက် သက်ဆိုင်ရာဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေ များ ရရှိစေရန်အတွက် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေး အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့မှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော Vocational Training သင်တန်းများတွင် မသန်စွမ်း သူများ တက်ရောက်သင်ကြားနိုင်ရေး ညှိနှိုင်းဆောင် ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အလုပ် ခန့်ထားရာတွင် မသန်စွမ်းသူများ အလုပ်အကိုင်ရရှိ စေရေးအတွက် အမျိုးသားကော်မတီက သတ်မှတ် ပေးရမည်ဖြစ်ကြောင်း။
လုပ်ငန်းစီမံချက်ရေးဆွဲ
မသန်စွမ်းသူများအတွက် ရေရှည်အကျိုး ဖြစ်ထွန်းစေမည့် ရန်ပုံငွေကျပ် ၃ ဘီလီယံကို အရင်းမပျောက်မတည်ငွေအဖြစ် ထားရှိပြီးဖြစ်သည့် အတွက် ကိုဗစ်-၁၉ အလွန် ကာလများတွင် Micro-finance Institute များနှင့်ပူးပေါင်းပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်း ကိုလည်း ရေးဆွဲအတည်ပြုထားပြီးဖြစ်သည်ဟု သိရှိရကြောင်း၊ မသန်စွမ်းသူများနှင့် မိသားစုများ အတွက် အရင်းမပျောက်ချေးငွေများ ထုတ်ချေးပေး ခြင်းဖြင့် မသန်စွမ်းသူများအနေဖြင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်မည် ဖြစ်သည့်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ လုပ်ငန်း စီမံချက် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများအတွက် အတားအဆီး ကင်းသော ပတ်ဝန်းကျင် (Barrier Free Community)ဖြစ်စေရန်အတွက် နေပြည်တော် မြို့မဈေးနှင့် ရေပန်း ဥယျာဉ်တို့တွင် စံနမူနာပြဆောင်ရွက်ထားရှိခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများက မိမိတို့ဒေသအလိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလို ကြောင်း။
Barrier Free Tourism Pilot Project အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အလုပ် အကိုင်ရေးရာဆပ်ကော်မတီနှင့် မသန်စွမ်းအဖွဲ့ အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပုဂံမြို့များရှိ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ဦးစားပေးသတ်မှတ်ထားသော နေရာများတွင် Myanmar Barrier Free Tourism Pilot Project ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ မသန်စွမ်းအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ လုပ်ငန်းစီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမို ထိရောက်မှုရှိစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍ များအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် မသန်စွမ်းသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၂/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် (ယာယီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့) ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်း ၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် အမျိုးသားကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၂) ၏ လျာထားအစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြသည်။
ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဆောင်ရွက်
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန်စွမ်း သူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ကို အကောင်အထည်ဖော်ရာတွင် မိမိတို့အမျိုးသားအဆင့်ကော်မတီ အဖွဲ့ဝင်များအနေ ဖြင့် တာဝန်ဝတ္တရားအရတင်မဟုတ်ဘဲ လူ့အခွင့်အရေး အရပင်ဖြစ်စေ၊ လူသားချင်းစာနာထောက်ထားခြင်း အရပင်ဖြစ်စေ စေတနာ၊ ကိုယ်ချင်းစာတရား တို့ဖြင့် မိမိတို့၏ ကျရာကဏ္ဍအလိုက် ဆောင်ရွက်ပေးကြ ရမည်ဖြစ်ပါကြောင်း၊ အလားတူ မသန်စွမ်းမှုများ အပေါ် အကြမ်းဖက်သူများကိုလည်း ထိရောက် ပြင်းထန်သည့် တရားစီရင်ရေးဖြင့် အမြင့်ဆုံးနှင့် အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင်ချမှတ်နိုင်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းများ က အခြားသောပြစ်မှုများနှင့်မတူဘဲ မသန်စွမ်းသူ များ၏ သွားလာရေး၊ ငွေကြေးကန့်သတ်ချက်များ အပေါ် ငဲ့ညှာလျက် အမှုတွဲ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများအပေါ် သက် ဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်မည့် ဝန်ကြီးဌာနများ အားလုံး၊ အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင်များအားလုံးတို့က ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဆောင်ရွက် ပေးကြရန်လိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်