မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ရေးထိုးထွင်းထုပူဇော်မည့် ပိဋကသုံးပုံပါဠိတော် မြန်မာအက္ခရာ/Roman အက္ခရာဖြင့် စိစစ်တည်းဖြတ်နိုင်ရေးအတွက် စိစစ်တည်းဖြတ်ရေးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်   မတ်   ၂၁


နေပြည်တော်  မာရဝိဇယရုပ်ပွားတော် မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ် များအဖြစ်    ရေးထိုးထွင်းထုပူဇော်မည့် ပိဋကသုံးပုံပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ် နိုင်ရေးအတွက်    စိစစ်တည်းဖြတ်ရေး ကော်မတီ၏   တတိယအကြိမ်  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။ 


အာစိဏ္ဏကံကုသိုလ်


ညှိနှိုင်းအစည်းအဝေးသို့      စိစစ် တည်းဖြတ်ရေးကော်မတီ       နာယက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ပါမောက္ခချုပ်    ဆရာတော် အဂ္ဂမဟာပဏ္ဍိတ       အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရက ပြည်ထောင်စုနယ်မြေ    နေပြည်တော် ဒက္ခိဏသီရိမြို့နယ်       မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း တည်ဆောက်ပူဇော်မည့်   ကျောက်စာရုံ စေတီတော်များ၌   ကိန်းဝပ်တော်မူမည့် ပါဠိ+ရိုမင်ကျောက်စာ ဓမ္မစေတီတော်များ တည်ထားပူဇော်နိုင်ရန် အလွန်ကြုံခဲရခဲ လှစွာသော ပါဠိ+ရိုမင် အက္ခရာတည်းဖြတ် ရေးလုပ်ငန်းတို့ကို နိုင်ငံတော်အစိုးရက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)အပြည်ပြည်ဆိုင်ရာ ထေရဝါဒ   ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ သီတဂူအပြည်ပြည်ဆိုင်ရာ  ဝိပဿနာ တက္ကသိုလ်များသို့လွှဲအပ်၍     တာဝန် ပေးအပ်ချက်အရ      တက္ကသိုလ်များ၏ ပညာရှင်များက      ကြိုးကြိုးစားစား ဆောင်ရွက်ပေးကြသဖြင့် အကောင်ထည် ပေါ်လာခဲ့ပြီဖြစ်ပါကြောင်း၊     ယခုကဲ့သို့ ထူးခြားမွန်မြတ်လှသည့်     ပရိယတ္တိ သာသနာပြုလုပ်ငန်းကို ပါဝင်ဆောင်ရွက် ခွင့်ရခြင်းသည်   ဆရာတော်တို့၏  ဘဝ မှတ်တိုင် စိုက်ထူခွင့်ရခြင်းဖြစ်၍ အလွန် ထူးခြားမွန်မြတ်လှပါကြောင်းနှင့်    ဤ အာစိဏ္ဏကံကုသိုလ်ကို   ပွားများနိုင်ကြ လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ဩဝါဒ မိန့်ကြားသည်။


ဆက်လက်၍  စိစစ်တည်းဖြတ်ရေး ကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ဒုတိယ ပါမောက္ခချုပ်(သင်ကြား)    ဆရာတော် အဂ္ဂမဟာပဏ္ဍိတ      အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဇောတိက ပိဋကတ်သုံးပုံပါဠိတော်ကို ကျောက်ထက် အက္ခရာတင်ခြင်းသည် သာသနာတော်နှင့် ပတ်သက်သည့်   လုပ်ဆောင်ချက်ဖြစ် ကြောင်း၊ ယခုဆိုလျှင် လုပ်ငန်းပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်းနှင့်  ပြီးစီးအောင် ဆောင်ရွက်ပေးကြရန်   တိုက်တွန်းပါ ကြောင်း ဩဝါဒမိန့်ကြားသည်။ 


ထို့နောက်     စိစစ်တည်းဖြတ်ရေး ကော်မတီအတွင်းရေးမှူး  အပြည်ပြည် ဆိုင်ရာ ထေရဝါဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်     (သင်ကြား)ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက      ပါမောက္ခချုပ် ဆရာတော်မိန့်ကြားသကဲ့သို့ ပါရမီရှင်များ ဖြစ်ကြောင်း၊   ပိဋကသုံးပုံပါဠိတော်ကို စိစစ်တည်းဖြတ်နိုင်ရေး ကော်မတီအနေ ဖြင့် ကျောက်စာထွင်းထုပြီးသည့် အထိရော စာအုပ်ထုတ်ဝေပြီးသည့်     အဆင့်ထိပါ ရောက်သွားမည်ဖြစ်ကြောင်းနှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှလည်း လုပ်ငန်းဆောင်ရွက်ရာတွင်    ပါဝင် ဆောင်ရွက်ကူညီပေးကြပါရန် ဝမ်းမြောက် ဝမ်းသာ ပါရမီဖြည့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း   ပြောကြားရင်း  ဩဝါဒ ကထာ မိန့်ကြားသည်။


ယင်းနောက်      သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးအေးထွန်းက ယခင်က ပိဋကတ်တော် တစ်ကျမ်းပြီးစီးပြီး ယခုအစည်းအဝေးတွင် ၁၉ ကျမ်းပြီးစီးကြောင်း  သိရှိရသဖြင့် ဝမ်းသာအားရဖြစ်ပါကြောင်း၊   ယခင်က လျှောက်ထားသကဲ့သို့   သမိုင်းတွင်မည့် လုပ်ငန်းလည်းဖြစ်ပါကြောင်း၊ မှတ်တမ်း တင်နိုင်ရေးအတွက်   ဆရာတော်များ၏ အဖွဲ့လိုက်     လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို    ထည့်လိုပါ ကြောင်း၊ ဆရာတော်များက တက်တက် ကြွကြွဆောင်ရွက်နေမှုကို ကျေးဇူးတင်ရှိ ပါကြောင်းနှင့် လိုအပ်သော ပံ့ပိုးဖြည့်ဆည်း ပေးရန်ရှိပါကလည်း   တပည့်တော်တို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကလည်း ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လျှောက်ထားသည်။


ဆက်ကပ်လှူဒါန်း


ထို့နောက်   တက်ရောက်လာသော ဆရာတော်များနှင့် ပညာရှင်လူပုဂ္ဂိုလ်များ က   ပိဋကသုံးပုံပါဠိတော်ကို   မြန်မာ အက္ခရာ/Roman   အက္ခရာဖြင့်  စိစစ် တည်းဖြတ်နိုင်ရေး လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေး၍ ဆုံးဖြတ်ချက် (၁၃)ချက်ကို ချမှတ်အတည်ပြုခဲ့ပြီး     လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။                        

       

သတင်းစဉ်