ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

၂၀၂၂ ခုနှစ်၊ မတ်လ( ၁၉ ) ရက်နေ့

 

ချစ်ကြည်လေးစားအပ်ပါသော   မွန်ပြည်နယ်အတွင်းရှိ  တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား -
ယနေ့ မတ်လ(၁၉) ရက်နေ့တွင် ကျရောက်သော (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ မင်္ဂလာအခါသမယ၌ မွန်ပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားသွေးချင်းညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား မိဘပြည်သူညီအစ်ကိုမောင်နှမများ အားလုံး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
မွန်ပြည်နယ်သည်  မြန်မာနိုင်ငံ၏ တောင်ဘက်တွင် တည်ရှိပြီး ရေလမ်း၊ ကုန်းလမ်းဆုံရာ   အချက်အချာနေရာမှာ   တည်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။       

 


မွန်ပြည်နယ်နေ့သည်   ၁၉၇၄ ခုနှစ်   ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ် ( ၁ ) အား  မွန်ပြည်နယ်အဖြစ်   ကမ္ပည်းတင်ရေးသားခဲ့သည့် မတ်လ(၁၉)ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ယင်းအချိန်ကစ၍ မွန်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားများ အား တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို အခြေခံလျက် စည်ကားသိုက်မြိုက်စွာ  နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

 


မွန်ပြည်နယ်သည်  ရာသီဥတုကောင်းမွန်မျှတပြီး  သဘာဝအရင်း အမြစ်များဖြစ်သည့်  ဇင်းကျိုက်တောင်၊ နွားလပို့တောင်၊ မုတ္တမတောင်၊
တောင်ညိုတောင်တန်း   စသည့်    တောတောင်မြစ်ချောင်းများနှင့် စိမ်းလန်းစိုပြည်သော သစ်တောများရှိသည့်အပြင် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့်  ထိစပ်လျက်ရှိသည့်အတွက်  မြေသယံဇာတ၊ ရေသယံဇာတများ   ကြွယ်ဝသော   ဂုဏ်ယူဖွယ်ရာ သာယာလှပသည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။
မွန်ပြည်နယ်အတွင်း  အံ့ချီးဖွယ်ရာ  ကျိုက်ထီးရိုးစေတီ အပါအဝင် ရှေးဟောင်းတန်ခိုးကြီးဘုရားများစွာ   တည်ရှိပြီး သာသနာပြုပုဂ္ဂိုလ် များနှင့် ရှင်အရဟံမထေရ်မြတ်တို့က စစ်မှန်သော ဗုဒ္ဓသာသနာတော် တည်တံ့ပြန့်ပွားထွန်းကားရေးအတွက် ကြိုးပမ်းအားထုတ်နိုင်ခဲ့ကြ သဖြင့်  သုဝဏ္ဏဘူမိဒေသသည်   ဗုဒ္ဓဘာသာ စတင်ထွန်းကားပြန့်ပွားရာ ဒေသဖြစ်ခဲ့သည်ကိုလည်း သမိုင်းမှတ်တမ်းများ အထင်အရှား  ရှိခဲ့ပါ သည်။

 


မွန်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုသည် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာရှိခဲ့သည့်   လူမျိုးနွယ်တစ်စု ဖြစ်ပြီး  ယခုအခါတွင်  မွန်ပြည်နယ်၌ မွန်၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊  ပအိုဝ်း  စသည့်တိုင်းရင်းသားပြည်သူ ညီအစ်ကို မောင်နှမ များက အေးအေးချမ်းချမ်း ညီညီညွတ်ညွတ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက် ရှိကြပါသည်။
မွန်တိုင်းရင်းသားများသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားတို့ဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့ကြသူများဖြစ်ပြီး သမိန်ဗရမ်း၊ လဂွန်းအိမ်နှင့် အဲမွန်ဒယာ ကဲ့သို့သော   သူရဲကောင်းများ    ပေါ်ထွန်းခဲ့သည့်    ဒေသဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏      နေရာဒေသ အသီးသီးတွင်   တိုင်းရင်းသားလူမျိုးပေါင်းစုံ   နှစ်ပေါင်းရာနှင့်ချီ၍ ချစ်ကြည်ရင်းနှီးစွာ   အေးအတူပူအမျှ   အတူတကွ   နေထိုင်ခဲ့ကြ သော်လည်း နယ်ချဲ့တို့၏မတရားသဖြင့် ကျူးကျော်သိမ်းပိုက်မှုကြောင့် နှစ်ပေါင်း (၁ဝဝ) ကျော် ကိုလိုနီကျွန်ဘဝရောက်ခဲ့ရပါသည်။ နယ်ချဲ့တို့ သည် မိမိတို့နိုင်ငံ၏ ကျွန်းသစ်၊ ရေနံ၊ ကျောက်မျက်ရတနာ၊ တွင်းထွက် သတ္တု စသည့်သဘာဝအရင်းအမြစ်များကို   ထုတ်ယူ၍  ကုပ်သွေးစုပ် ခြယ်လှယ်အမြတ်ထုတ်ခဲ့ကြပါသည်။

 


ထိုကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်ပေါင်းစုံမှ နာလန် မထူနိုင်အောင် ဖိနှိပ်ထိန်းချုပ်ခဲ့သည့် ကိုလိုနီကျွန်ဘဝမှ လွတ်မြောက် ရန်အတွက်  ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများက အသက်သွေးချွေးမြောက်မြားစွာ စတေးပြီး တွန်းလှန်တိုက်ပွဲဝင်ကာ လွတ်လပ်ရေးပြန်လည်ရရှိအောင် ကြိုးပမ်းခဲ့ကြပါသည်။

 


တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် နယ်ချဲ့ တို့ကို   တွန်းလှန်တိုက်ပွဲဝင်ခဲ့ရာတွင်   မွန်အမျိုးသား  တိုင်းရင်းသား ခေါင်းဆောင်များလည်း  ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့်  ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို  လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း တွင် ဂုဏ်ယူဖွယ်ရာ  အထင်အရှားတွေ့ရှိရပါသည်။

 


သို့ရာတွင်   လွတ်လပ်ရေးရပြီးနောက်ပိုင်းမှစ၍  ကိုလိုနီစနစ်၏ အမွေဆိုးကြောင့်    ညီအစ်ကိုအချင်းချင်းကြား    နိုင်ငံရေးအယူဝါဒ မတူညီမှုများနှင့် သံသယများဖြင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းခြင်း မပြုနိုင် ကြဘဲ လက်နက်နှင့်ဖြေရှင်းကြသည့်အတွက်   ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ  ကာလရှည်ကြာပြီး  ငြိမ်းချမ်းရေးနှင့်  အလှမ်းဝေးခဲ့ရပါ သည်။ သို့သော်လည်း  မွန်ပြည်နယ်ရှိ မွန်တိုင်းရင်းသားတို့၏ စည်းလုံး ညီညွတ်မှုဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် မွန်ပြည် သစ်ပါတီက  တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်နယ်၏ ငြိမ်းချမ်းရေး သမိုင်းမှတ်တိုင်သစ်  စိုက်ထူနိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်မိ ပါသည်။

 


ရှေ့ဆက်လက်၍လည်း မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦးနားလည်မှု၊ သည်းခံခွင့်လွှတ်မှု၊  ယုံကြည်လေးစား မှုများကို ယခုထက်ပိုမို တိုးမြှင့်တည်ဆောက်ကြပါရန်  တိုက်တွန်းမှာ လိုပါသည်။ 

 


ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား -
တိုင်းရင်းသားပေါင်းများစွာနှင့်    တည်ဆောက်ထားသည့် ပြည်ထောင်စုကြီး၏ ဂုဏ်ယူတန်ဖိုးထားရသော ရိုးရာယဉ်ကျေးမှု အစဉ်အလာ အလေ့အကျင့်ကောင်းများကို လေ့လာသတိရရှိစေမည့် ယခုလို    အထိမ်းအမှတ်အခမ်းအနားများသည်    ပြည်ထောင်စု စိတ်ဓာတ်ကို  မြှင့်တင်ပေးပြီး  မိမိတို့နိုင်ငံတော်၏  စည်းလုံးညီညွတ် မှုအင်အားများကို  ပိုမိုရှင်သန်ခိုင်မာစေမည်ဟု ယုံကြည်ပါသည်။

 


ဤကဲ့သို့ ရရှိပြီးသော အခြေအနေကောင်းများကို ပိုမိုဖွံ့ဖြိုးစေပြီး အလေးအမြတ်ထားရသည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘ ပြည်သူအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် လိုအပ်ပါသည်။

 


မွန်ပြည်နယ်၏ အခြေခံကောင်းများဖြစ်သည့် သဘာဝအရင်း အမြစ်များနှင့်   မြေပေါ်မြေအောက်   သယံဇာတများ  ကြွယ်ဝခြင်း၊ မြတ်ဗုဒ္ဓ၏ သာသနာထွန်းလင်းတောက်ပရာဒေသဖြစ်ခြင်း၊   မွန် တိုင်းရင်းသားတို့၏ ရှည်လျားလှသော သမိုင်းစဉ်နှင့် အဆင့်မြင့်သည့် ယဉ်ကျေးမှုအမွေအနှစ်များစွာရှိခြင်း၊ ပင်လယ်ပြင်နှင့် ပင်လယ်ကမ်းရိုး တန်းဧရိယာများနှင့် ထိစပ်နေခြင်းတို့ကြောင့်  ထာဝရငြိမ်းချမ်းရေး ရရှိခြင်းဖြင့် ဆယ်စုနှစ်အတွင်း  အရှိန်အဟုန်ဖြင့်  တိုးတက်လာနိုင် သည့် အလားအလာကောင်းများ တွေ့မြင်နေရပြီဖြစ်ပါသည်။

 


အလားတူစွာ   မွန်ပြည်နယ်အတွင်း   နိုင်ငံတော်၏အစီအမံဖြင့် နိုင်ငံတကာအဆင့်မီ     အပြည်ပြည်ဆိုင်ရာ     လေယာဉ်ကွင်းနှင့် အပြည်ပြည်ဆိုင်ရာ   ဆိပ်ကမ်းများကိုပါ    စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်သူ/ ပြည်နယ် သားတို့၏ ပါဝင်မှု စွမ်းအားဖြင့်  တက်ညီလက်ညီ တည်ဆောက်ခြင်းဖြင့် မွန်ပြည်နယ်၏   ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက်ကို ရယူခံစားနိုင်တော့ မည်ဖြစ်ပါသည်။

 


သို့ဖြစ်ရာ ရရှိပြီးသော  အခြေအနေကောင်းများကို  အခြေခိုင်စေ ရန်နှင့်   ၎င်းမှတစ်ဆင့်  နိုင်ငံတော်နှင့်   နိုင်ငံသားတို့၏  အကျိုးစီးပွား၊ ဒေသနှင့်   ဒေသနေပြည်သူများ၏  လူမှုအကျိုးစီးပွားများ တိုးတက် ဖြစ်ထွန်းမြင့်မားစေရန်တို့အတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကျရာ အခန်းကဏ္ဍမှ   တက်ကြွစွာ   ပါဝင်ဆောင်ရွက်ကြပါရန် ယခုကဲ့သို့ ပေးပို့သော   နေ့ထူးနေ့မြတ်အခါသမယတွင်  မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးကို  အလေးအနက်  တိုက်တွန်းအပ်ပါ သည်။
အမှန်စင်စစ် ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပကတိလိုအပ်ချက်သည်   ဥပဒေနှင့်အညီ  အေးအေးချမ်းချမ်းနေထိုင် လုပ်ကိုင်စားသောက်ပြီး  စိတ်ချမ်းသာ ၊ ကိုယ်ချမ်းသာနှင့် ဘဝဖွံ့ဖြိုး တိုးတက်ရေးပင် ဖြစ်ပါသည် ။ နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် တိုင်းရင်းသားညီနောင် များအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို  ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 
အတိတ်သမိုင်း၏   လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စု စိတ်ဓာတ်သည်  အရင်းခံဖြစ်သလို  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်   အနာဂတ်ပြည်ထောင်စုကြီး    တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်မှာလည်း   ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါသည်။

 


တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး တစ်မြေတည်းနေ၊ တစ်ရေတည်းသုံး၊   ဒို့အားလုံးသည် သွေးချင်းညီအစ်ကိုများဟူသည့် စိတ်၊  တောင်ပေါ်မြေပြန့်မခွဲခြား၊  ဒို့အားလုံးသည်   သားချင်းများ ဟူသည့်စိတ်၊    မရှိအတူ ရှိအတူ၊ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွ ရင်းနှီးချစ်ကြည်စွာ နေထိုင်ကြသည့် မိသားစုများဟူသည့် စိတ်၊    တိုင်းရင်းသားအချင်းချင်း   အပြန်အလှန်   ချစ်ခင်လေးစား ယုံကြည်မှုဖြင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီး တည်ဆောက် မည်ဟူသော ခိုင်မာသည့် သန္နိဋ္ဌာန်စိတ်တို့ဖြင့် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ကို ခိုင်မာသည်ထက်  ခိုင်မာအောင်  တည်ဆောက်သွားကြ ရမည် ဖြစ်ပါသည်။

 


နိဂုံးချုပ်အနေဖြင့် (၄၈)နှစ်မြောက်  မွန်ပြည်နယ်နေ့  အထိမ်း အမှတ်အခမ်းအနားနေ့တွင် - 
    -    ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အမွေအနှစ်များ၊ ဓလေ့ထုံးစံများကိုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာ များ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါစေ၊
     -     မွန်ဒေသအတွင်းရှိ တိုင်းရင်းသားများအပါအဝင် နိုင်ငံသား တိုင်း စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စု အကျိုးကို ဆတက်ထမ်းပိုးသယ်ပိုးနိုင်ကြပါစေ၊
    -    မွန်တိုင်းရင်းသားများသည်  လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း တွင် တက်ကြွစွာပါဝင်ခဲ့သည့်နည်းတူ  ဆက်လက်ဆောင်ရွက် မည့်    ဒီမိုကရေစီနှင့်    ဖက်ဒရယ်စနစ်ကို    အခြေခံသည့် ပြည်ထောင်စုကြီး   ထူထောင်နိုင်ရေးတွင်လည်း    အားသွန် ခွန်စိုက် ဆက်လက်ပါဝင်ဆောင်ရွက်နိုင်ပါစေ၊ 
    -     ပြည်နယ်အကျိုး၊ ပြည်နယ်သားများ၏အကျိုး၊ နိုင်ငံအကျိုး၊ နိုင်ငံသားများ၏အကျိုး    ပိုမိုတိုးတက်မြင့်မားရလေအောင် သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေကြောင်း၊
 ဆုမွန်ကောင်း တောင်းရင်းဖြင့် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

 

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်             နိုင်ငံတော်ဝန်ကြီးချုပ် 
    ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ