
ရန်ကုန် မတ် ၁၆
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မရမ်းကုန်းမြို့နယ် ရေကူးရေတွန်းစက်ရုံတွင် စည်ပင်သာယာ ရေသယ်ယာဉ်နှင့် ရှင်သန်ရေးကူညီမှုအသင်းတို့က နွေရာသီကာလ လျှပ်စစ်မီးပြတ်တောက်ချိန်များ၌ ရန်ကုန်မြို့တွင်း ရေရှားပါးသောမြို့နယ်များရှိ ပြည်သူများ သောက်ရေ၊ သုံးရေသုံးစွဲမှုအဆင်ပြေစေရေး ဖြန့်ဝေပေးနိုင်ရန် ရေဂါလန် ၃၅၀၀ နှင့် ၃၂၀၀ ဆံ့ ရေသယ်ယာဉ်များဖြင့် စက်ရုံသို့ ယမန်နေ့ ညနေပိုင်းက ရေလာရောက် ဖြည့်တင်းပေးသည်။
ထိုသို့ ရေသယ်ယာဉ်များဖြင့် ရေလာရောက် ဖြည့်တင်းနေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကြည့်ရှုစစ်ဆေးကြရာ အဆိုပါရေသယ်ယာဉ်များဖြင့် တစ်ရက်လျှင် သုံးခေါက်နှုန်းဖြင့် သယ်ယူပြီး ရေ ရှားပါးသောမြို့နယ်များသို့ အခမဲ့လိုက်လံရေပေးဝေ နေမှုအခြေအနေကို တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်။ (ယာပုံ)
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတွန်း စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေပေးဝေရေးစီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးသို့ တက် ရောက်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဌာနမှူး ဦးမြင့်ဇော်သန်းက ရန်ကုန်မြို့တွင်းရေရှားပါးသောမြို့နယ်များအတွက် မြို့နယ်တစ်ခုချင်းစီတွင် ရေပို့ပိုက်လိုင်းများဖြင့် ချိတ်ဆက်၍ ရေငုတ်တိုင်များ မှ ရေပေးနိုင်ရေးဆောင်ရွက်ထားရှိမှု၊ လိုအပ်ပါက ရေသယ်ယာဉ်များ စီစဉ်ထားရှိမှုနှင့် ရေကောင်း ရေသန့်ရရှိရေးဆောင်ရွက်နေသည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တိုင်း ဒေသကြီး ဝန်ကြီးများက မှော်ဘီ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် တောင်ဥက္ကလာပမြို့နယ် များမှမီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါ မြို့နယ်များရှိ ပြည်သူများအတွက် ရေဂါလန် ၂၁၈၀၀ ကို အခမဲ့ ဖြန့်ဝေပေးမှု၊ သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရန် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်း၍ မြို့နယ်/ရပ်ကွက်များသို့ ရေဖြန့်ဖြူးပေးရန်ဆောင် ရွက်နေမှုအခြေအနေများကို ဖြည့်စွက်၍ ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဌာနမှူးက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ အချက်ပြမီးပွိုင့် ၂၉၆ ခုတွင် လျှပ်စစ်မီးခေတ္တပြတ်တောက်စဉ် မီးစက်များ ဖြင့် လျှပ်စစ်မီးသွယ်တန်းဆောင်ရွက်နေမှု၊ မီးစက် များဖြင့် လျှပ်စစ်မီးမရရှိနိုင်သည့် မီးပွိုင့်များအား နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစနစ်အသုံးပြု၍ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှု၊ နေရောင် ခြည်စွမ်းအင်သုံးဓာတ်အားပေးစနစ်အား အချက်ပြ မီးပွိုင့် ၂၄ ခု သီးခြားလျာထားဆောင်ရွက်လျက်ရှိရာ ပြည်လမ်း (ဘုန်းကြီးလမ်းဆုံ) ပွိုင့်နှင့် ပြည်လမ်း (လေဆိပ်လမ်းဆုံ) မီးပွိုင့်တို့တွင် တပ်ဆင်ဆောင်ရွက် ပြီးဖြစ်ရာ ကျန်ရှိသောပွိုင့် ၂၂ ခုအား ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး
(ပြန်/ဆက်)