
ရန်ကုန် မတ် ၁၃
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်-မုန်း ကားလမ်းပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာန တံတားအထူးအဖွဲ့(၁၀) က တာဝန် ယူတည်ဆောက်ခဲ့သော စစ်တောင်း မြစ်ကူးတံတား(အုတ်ဖြတ်)မှာ ယခုအခါ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်း ပြည့်ပြီးစီးသွားပြီဖြစ်၍ ပြည်သူများ အသုံးပြုနိုင်ရန် မကြာမီ ဖွင့်လှစ်တော့ မည်ဖြစ်သည်။
အဆိုပါ စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်)၏ တံတားကိုယ်ထည်မှာ သံကူကွန်ကရစ်ဖြစ်သည်။ တံတား အရှည်ပေ ၆၂၀၊ တံတားအကျယ် ၂၉ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၂ ဒသမ ၄၄ မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၂၄ ဒသမ ၉၉ မီတာရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း တန် ၆၀ ဖြစ်ကြောင်း သိရသည်။
တံတားမတည်ဆောက်မီက ကျောက်ကြီးမြို့နယ်မှ ဖြူးမြို့နယ် သို့ သွားလာရာတွင် မိုးတွင်းကာလအတွင်း နှစ်စီးတွဲလှေဖြင့် စစ်တောင်း မြစ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာခဲ့ရပြီး နွေရာသီရေကျချိန်မှာ ပွန်းတွန်းဘေလီတံတားဖြင့်သာ ယာဉ်ငယ်များ ဖြတ်သန်းသွားလာ နိုင်သည်။
ယခုတည်ဆောက်လိုက်သော ဖြူး-အုတ်ဖြတ်-မုန်းလမ်းမပေါ်မှ စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်)ကို ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝအတားအဆီးတစ်ခုဖြစ်သည့် စစ်တောင်းမြစ်ကို ဖြတ်သန်း တည်ဆောက်ခဲ့သည့်အတွက် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ ဒေသတွင်းမှီတင်းနေထိုင်လျက်ရှိကြသည့် ဒေသခံ ပြည်သူများအားလုံး သွေးချင်းညီနောင်များသဖွယ် အလွယ်တကူ ကူးလူးဆက်ဆံနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အထောက် အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
ခရမ်းစိုးမြင့်