တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

တောင်ငူ မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသ ကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ မတ် ၁၂ ရက် မွန်းလွဲပိုင်း က တောင်ငူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဘုရင့် နောင်ခန်းမ၌ တောင်ငူခရိုင် အတွင်း ဒေသဖွံ့ဖြိုးရေးနှင့်စားသုံး ဆီ ဖူလုံပိုလျှံနိုင်ရေး ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တောင်ငူခရိုင် ဒေသဆိုင်ရာ အချက်အလက်များကို လည်း ကောင်း၊ ခရိုင်စည်ပင်သာယာရေး အဖွဲ့က ရန်ကုန်-မန္တလေး လမ်း ဘေး ရေမြောင်းတူးဖော်ခြင်း နှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြ ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့ ကေတုမတီ မြို့တော်ခန်းမ ပြန်လည်ပြုပြင်နေမှု၊ ရန်ကုန် မန္တလေးလမ်းဘေးဝဲယာ ရေနုတ် မြောင်း ပြန်လည်တူးဖော်နိုင်ရေး နှင့် မင်းကြီးညိုရုပ်တုပန်းခြံ ပြန်လည် မွမ်းမံနိုင်ရေးတို့ကို ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခပေါင်းခန်းမနှင့် တောင်ငူမိုးလုံလေလုံ အားကစား ခန်းမ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေး ပညာ သင်တန်းကျောင်းသို့ သွားရောက်ကာ ရုံးမြေနေရာ လိုအပ်သည်များကို ဖြည့်ဆည်း ပေးပြီး သင်တန်းဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေတာရှည် မြို့နယ် ဖိုးကြာညိုကျေးရွာရှိ တောင်သူ ၁၇ ဦး ပိုင်လယ်မြေ ဧရိယာဧက ၁၀၀ ကို စနစ်တကျ လယ်ယာဖော်ထုတ်၍ နွေစပါး စိုက်ပျိုးပြီးစီးမှုကို ကြည့်ရှုစစ်ဆေး ပြီး တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကာ တောင်သူ ၁၇ဦး အတွက် ဓာတ်မြေဩဇာ ၃၄ အိတ် ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေတာရှည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဆီထွက်သီးနှံ နေကြာ တိုးချဲ့ စိုက်ပျိုးမည့် စီမံချက်ရှင်းလင်း တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာအုပ်စု မဝါ ကျေးရွာ စစ်တောင်မြစ်ကမ်း တစ်လျှောက် ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂) နေကြာသီးသန့် ၁၀၄ ဧက အောင်မြင်ဖြစ်ထွန်း နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရ သည်။ သတင်းစဉ်