ကမ္ဘာ့အလွမ်းစာပေများကို မြန်မာ့မြေ၌ ပွင့်လန်းစေသူ အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီးတင်မောင်မြင့်

Type
1

 

ကိုခက်ဝေ(စာပေဗိမာန်)

 

အမျိုးသားစာပေတစ်သက်တာဆုကို ၂၀၀၁ ခုနှစ်မှ စတင်ချီးမြှင့်လာခဲ့ရာ ယခုအခါ နှစ်ပေါင်း ၂၀ တင်းတင်း ပြည့်မြောက်ခဲ့ပြီ   ဖြစ်ပေသည်။ ၂၀၀၁ ခုနှစ်အတွက်  အမျိုးသားစာပေတစ်သက်တာဆုကို  ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုကို ၂၀၂၁ ခုနှစ်တွင်လည်းကောင်း ချီးမြှင့်ခဲ့ခြင်းဖြစ် သည့်အတွက် နှစ်ပေါင်း ၂၀ ဟု ဆိုရခြင်း ဖြစ်ပါသည်။ နှစ် ၂၀ ကာလ အတွင်း ဆရာကြီး၊ ဆရာမကြီး ၃၄ ဦးကို အမျိုးသားစာပေ တစ်သက် တာဆု ချီးမြှင့်နိုင်ခဲ့ပြီးလည်း ဖြစ်သည်။


လေးစားထိုက်သော စာပေလက်ရာအများအပြား  ရေးသားပြုစု


အမျိုးသားစာပေတစ်သက်တာဆု  ရွေးချယ်ချီးမြှင့်ရာတွင်  ဘဝ တစ်သက်တာစာပေရေးသားခြင်းနှင့်   ပညာရပ်ဆိုင်ရာ  သုတေသန လုပ်ငန်းများကို   အလေးထားဆောင်ရွက်ခဲ့၍   လေးစားထိုက်သော စာပေလက်ရာအများအပြား  ရေးသားပြုစုခဲ့ကြသည့်  စာရေးဆရာ၊ ပညာရှင်များကို အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက အဆင့်ဆင့်ဆန္ဒပြုရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အစီရင်ခံစာများတွင် တွေ့ရပေသည်။
တစ်နည်းဆိုရလျှင်   စာရေးဆရာကြီးများ၊   ပညာရှင်ကြီးများ အနေဖြင့် မိမိတို့၏  ဉာဏ်ရည်ထူးချွန်ထက်မြက်မှု၊ ဘဝတစ်လျှောက် စာပေဗဟုသုတ၊  ပညာရပ်ဆိုင်ရာ   ကျွမ်းကျင်နှံ့စပ်မှု၊  ဘဝအတွေ့ အကြုံနှင့်   အတွေးအမြင်များအပေါ်   အခြေတည်ကာ   ပြည်သူတို့ အကျိုးကို   ကလောင်ဖြင့်  ထမ်းပိုးရွက်ဆောင်ခဲ့မှု၊ မျိုးဆက်သစ်များ၏ အနာဂတ်အတွက်   ဉာဏ်ပညာအမွေ  လက်ဆင့်ဝေမှု တည်းဟူသော စေတနာ ဝါသနာ မုဒိတာများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်က အသိအမှတ်ပြုပေးအပ်သည့်ဆုဟု ယူဆမိပါသည်။
ကနဦးတင်ပြခဲ့သည့်အတိုင်း   ယနေ့အထိ  စာရေးဆရာ၊  စာပေ ပညာရှင် ၃၄ ဦးကို  အမျိုးသားစာပေတစ်သက်တာဆု   ချီးမြှင့်ခဲ့ပြီး ဖြစ်ရာ အမျိုးသားစာရေးဆရာ၊  စာပေပညာရှင်ဆရာကြီး  ၃၀ နှင့် အမျိုးသမီး စာရေးဆရာမကြီး လေးဦးအထိ ရှိခဲ့ကြောင်း မှတ်တမ်း များအရ သိရှိရကာ အမျိုးသားစာရေးဆရာကြီးများတွင် ၂၀၁၈ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီး တင်မောင်မြင့် လည်း အပါအဝင် ဖြစ်ပေသည်။ အဆိုပါနှစ်တွင် ဆရာကြီး တင်မောင် မြင့်သည်  ဆရာကြီးဦးထွန်းအောင်ချိန်နှင့်အတူ   တစ်သက်တာဆု ရရှိခဲ့ခြင်း ဖြစ်ပါသည်။
အမျိုးသားစာပေဆု  ငါးကြိမ်ရရှိထား
ဆရာကြီးတင်မောင်မြင့်သည်   ပင်ကိုရေးနှင့်   ဘာသာပြန် စာပေများစွာ ရေးသားပြုစုခဲ့သူ တစ်ဦးဖြစ်ကာ ၂၀၀၁ ခုနှစ်အတွက် အမျိုးသားစာပေဆု  ဘာသာပြန် (သုတ)  ကို မဒမ်ကျူရီ (Madam Curie by Eve Curie) စာအုပ်ဖြင့် လည်းကောင်း၊ ၂၀၀၄ ခုနှစ်အတွက် အမျိုးသားစာပေဆုဘာသာပြန်  (ရသ) ကို  တောင်ပံမဲ့   သင်းကွဲ တေးဆိုငှက် (To Kill a Mocking Bird by Harper Lee) စာအုပ်ဖြင့် လည်းကောင်း၊ ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေဆု ဘာသာပြန် (ရသ) ကို အနက်ရောင်အိပ်မက် စိမ်းမြမေတ္တာ(A Place for Kathy by H.Denker) စာအုပ်ဖြင့်  လည်းကောင်း၊  ၂၀၁၁  ခုနှစ်အတွက် အမျိုးသားစာပေဆု ဘာသာပြန် (ရသ) ကို မျှော် (Waiting by Ha Jin)  စာအုပ်ဖြင့် လည်းကောင်း၊  ၂၀၁၂ ခုနှစ်အတွက် အမျိုးသား စာပေဆု  ဘာသာပြန် (ရသ) ကို ပြစ်မှုနှင့် ပြစ်ဒဏ် (Crime and Punishment by Fyodor Dostoevsky) စာအုပ်ဖြင့်လည်းကောင်း အမျိုးသားစာပေဆု  ငါးကြိမ်အထိ  ရရှိထားသူတစ်ဦးလည်း  ဖြစ်ပေ သည်။
ဆရာကြီး၏ ဘဝဖြတ်သန်းမှုအကျဉ်း
ဆရာကြီးကို အဖ ဦးမောင်ဒွေး၊ အမိ ဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်  စက်တင်ဘာလ ၁၉ ရက်တွင်  ဟင်္သာတခရိုင် စစ်ကျွန်းရွာ၌ မွေးဖွားခဲ့သည်။ ရန်ကုန်မြို့   ရေကျော်  ဦးမောင်မောင်  အလွတ် ပညာသင်ကျောင်းမှ အလယ်တန်းအောင်ပြီး  တောင်ကြီးမြို့  အစိုးရ အထက်တန်းကျောင်း (ယခု အ.ထ.က) မှ ၁၉၅၈ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်းအောင်မြင်သည်။   ရန်ကုန်သက်ကြီးတက္ကသိုလ်တွင် ဆက် တက်သည်။ မော်ချီးမိုင်း၊ တောင်ကြီးမြို့ ပြည်သူ့ထောက်ပံ့ရေးဌာန၊ ရှမ်းပြည်နယ် ပညာမင်းကြီးရုံးများတွင်  စာရင်းကိုင် စာရေးအဆင့်ဆင့် ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE) ၌   အလုပ်ဝင်ရောက်တာဝန်ထမ်းဆောင်ရာမှ ၁၉၉၄ ခုနှစ်တွင်   ငွေစာရင်းအရာရှိအဖြစ်  တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့သည်။
ဆရာကြီးသည် ဘီအိုစီကုမ္ပဏီ၌ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဆရာမြတ်ငြိမ်းနှင့်အတူ Jonathan Black ၏ World Rapers ကို ဘာသာပြန်ဖို့ ဖြစ်လာခဲ့သည်။ ရေနံမြေနယ်ပယ်များသို့ သွားရောက် တာဝန်ထမ်းဆောင်စဉ်အတွင်း အဆိုပါစာအုပ် ပထမပိုင်းတစ်ဝက်ကို ဘာသာပြန်ဆိုပြီး ဒုတိယပိုင်းကို ဆရာမြတ်ငြိမ်းက ပြန်ဆိုကာ ၁၉၈၃ ခုနှစ်တွင် ငွေကျွန်ဟူသည့် ဘာသာပြန်စာပေလက်ရာ ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်ကြောင်း Gone With the Wind အဆက် Scarlett အမှာစာ တွင် ဖွင့်ဟခဲ့ဖူးသည်။
ထို့နောက်   ဘာသာပြန်စာအုပ်ပေါင်း ၁၀၀ ကျော်  ဆက်လက် ရေးသားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်တွင် အထောက်တော်လှအောင်၏ သတင်းမဂ္ဂဇင်း တွင် ဒုတိယအယ်ဒီတာချုပ်တာဝန်များ ထမ်းဆောင်ခဲ့သည်။
စာပေဆုချီးမြှင့်ပွဲအခမ်းအနားများ  ကျင်းပရာတွင်  မိမိတို့မှာ အမျိုးသားစာပေတစ်သက်တာဆုရ  ဆရာကြီး၊  ဆရာမကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိများကို ဂုဏ်ပြုခင်းကျင်း ပြသရလေ့ရှိရာ   ဆရာကြီး   ဦးထွန်းအောင်ချိန်နှင့်   ဆရာကြီး တင်မောင်မြင့်တို့၏   မှတ်တမ်းဓာတ်ပုံနှင့်   ကိုယ်ရေးအတ္ထုပ္ပတ္တိကို ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ရင်း ဆရာကြီး၏ ကိုယ်ရေးအကျဉ်းကို လေ့လာဖတ်ရှုခွင့် ရရှိခဲ့ခြင်းဖြစ် သည်။
အမျိုးသားစာပေဆုကို တစ်နှစ်တည်းရရှိ
ဤတွင်မှ ဆရာကြီး၏စာပေသက်တမ်းတစ်လျှောက်၊ အမျိုးသား စာပေဆုရရှိသည့်  ကာလတစ်လျှောက် ထူးခြားလှသည့် တိုက်ဆိုင်မှု တချို့ကို   သတိပြုမိခဲ့သည်။  ၁၉၈၃ ခုနှစ်၌   ငွေကျွန်စာအုပ်ကို ဆရာမြတ်ငြိမ်းနှင့် တွဲဖက်ဘာသာပြန်ဆိုခဲ့ပြီး နောင် ၁၈ နှစ်အကြာ ၂၀၁၁ ခုနှစ်တွင် အမျိုးသားစာပေဆုကို တစ်နှစ်တည်း ရရှိခဲ့ခြင်း ဖြစ်သည်။ ဆရာမြတ်ငြိမ်းက ဘာသာပြန်(ရသ) စာအုပ်ဖြင့် ရရှိခြင်း ဖြစ်ပြီး ဆရာကြီးတင်မောင်မြင့်က ဘာသာပြန်(သုတ)ဖြင့် ရရှိခဲ့သည်။ ထူးခြားသည့်   အခြားသောအကြောင်းအရာတစ်ခုမှာ  ဆရာကြီး အမျိုးသားစာပေဆု ပထမဆုံးရရှိသည့်နှစ်မှာပင် မြန်မာနိုင်ငံစာပေဆု သမိုင်း၌   အမျိုးသားစာပေတစ်သက်တာဆုကို  ပထမဆုံးအကြိမ် စတင်ချီးမြှင့်သည့်နှစ် ဖြစ်နေခဲ့သည်။ အဆိုပါနှစ်က ဆရာကြီး ဦးလှ ကြိုင် (ပါရဂူ) ရရှိခဲ့ပြီး နောင် ၁၇ နှစ်အကြာမှာပင် ဆရာကြီး တင်မောင် မြင့်ကိုယ်တိုင် ၂၀၁၈ ခုနှစ်အတွက်အမျိုးသားစာပေ တစ်သက်တာဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ပေသည်။    


၂၀၀၁ ခုနှစ်တွင် ဆရာကြီးတင်မောင်မြင့် အမျိုးသားစာပေဆု (ဘာသာပြန်-သုတ) ရရှိခဲ့သည့် မဒမ်ကျူရီစာအုပ်မှာ ရူပဗေဒနှင့် ဓာတုဗေဒဆိုင်ရာ  နိုဘယ်ဆု  နှစ်ဆုရ မဒမ်ကျူရီ၏ အတ္ထုပ္ပတ္တိကို သမီးဖြစ်သည့် အေ့ဗ်ကျူရီက ရေးသားခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ၂၀ ရာစုအတွင်း   နိုဘယ်ဆု နှစ်ဆုကို    ပထမဆုံး  ဆွတ်ခူးရရှိခဲ့သည့်   အမျိုးသမီးသိပ္ပံပညာရှင်တစ်ဦး၏   ဘဝဇာတ်ကြောင်းကို ဆရာကြီး တင်မောင်မြင့်က မြန်မာ့အာ မြန်မာ့လျှာနှင့်  မြန်မာ့အထာကင်းကွာ  မသွားစေရန်  ကြိုးပမ်းအားထုတ် ဘာသာပြန်ဆိုခဲ့သည်ကို တွေ့ရပေ သည်။
၁၉၇၀ ပြည့်လွန် ကာလများကတည်းက ဆရာကြီးတင်မောင်မြင့် နှင့် ခင်မင်ရင်းနှီးစွဲရှိသည့် ဆရာကြီး လင်းယုန်မောင်မောင်က မဒမ် ကျူရီစာအုပ်နှင့်ပတ်သက်၍ “မင်ကျ မင်န ကောင်းသည့် ဘာသာပြန် လက်ရာ” အဖြစ် မုဒိတာစကားဆိုခဲ့သည်။ ရုရှားနိုင်ငံ စိန့်ပီတာစဘတ် တက္ကသိုလ်မှ ရူပဗေဒဘွဲ့ရ ဆရာတစ်ဦး၏ သမီးဖြစ်သူ မာညာသည် ငယ်စဉ်ကပင် ရူပဗေဒနှင့်  ဓာတုဗေဒ သိပ္ပံပညာကို အရူးအမူးဖြစ်ခဲ့ပြီး ပြင်သစ်နိုင်ငံ  ပါရီမြို့သို့ သွားရောက်ကာ သိပ္ပံပညာသင် ကျောင်းသူ တစ်ဦးအဖြစ်   ဆင်းရဲပင်ပန်းကြီးစွာ   သင်ယူခဲ့ရပုံ၊   ဆော်ဘွန်း တက္ကသိုလ်တွင် ပညာသင်နေခိုက် ရူပဗေဒပညာရှင် ပီယာကျူရီနှင့် ဆုံစည်းခဲ့ပြီးနောက်   မဒမ်ကျူရီဘဝဖြင့်  ရူပဗေဒနှင့်  ဓာတုဗေဒ ပညာရပ်များကို  အပတ်တကုတ် လေ့လာစူးစမ်းရှာဖွေရင်း နိုဘယ်ဆု ကို   နှစ်ကြိမ်တိုင် ဆွတ်ခူးရရှိခဲ့ပုံ၊ လောကဓံအဖုံဖုံ ဆူကြုံနိမ့်မြင့် ရင်ဆိုင်ခဲ့ရပုံတို့ကို သမီးဖြစ်သူ အေ့ဗ်ကျူရီက ရေးသားခဲ့ပြီး ဆရာကြီး တင်မောင်မြင့်က ဘာသာပြန်ဆိုခဲ့ရာ အမျိုးသားစာပေဆု ဘာသာပြန် (သုတ)ကို ရရှိခဲ့လေသည်။
အမျိုးသားစာပေဆု ဘာသာပြန် (ရသ) ဆုကိုထပ်မံရရှိ
ထို့နောက် ၂၀၀၄ ခုနှစ်တွင် မူရင်းစာရေးဆရာမကြီး ဟားပါးလီ၏ To Kill a Mocking Bird ကို တောင်ပံမဲ့သင်းကွဲတေးဆိုငှက်အဖြစ် မြန်မာမှုပြု ဘာသာပြန်ဆိုခဲ့ရာ အမျိုးသားစာပေဆု ဘာသာပြန်(ရသ) ဆုကို ထပ်မံရရှိခဲ့ပြန်သည်။ အဆိုပါ စာအုပ်ဖြင့် မူရင်းစာရေးဆရာမကြီး ဟားပါးလီသည်     ၁၉၆၁   ခုနှစ်တွင်   ပူလစ်ဇာဆု  ရရှိခဲ့ပြီး  ရာစုနှစ် ၏  အကောင်းဆုံးစာအုပ်  ၁၀၀ စာရင်းဝင်ခဲ့ကြောင်း   သိရသည်။ အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၌ ဖြစ်ပေါ်ခဲ့သည့် အသားအရောင် ခွဲခြားမှုပြဿနာကို ကျောရိုးပြုရေးသားထားခြင်းဖြစ်သည်။ လူဖြူ အမျိုးသမီးတစ်ဦး၏  လီဆယ်တိုင်တန်းမှုကြောင့်   ထိခိုက်နာကျင် ခံစားရသည့် လူမည်းတစ်ဦး၏ ဘဝအကြောင်းကို  တင်ပြထားသည့် ဇာတ်ကြောင်းဖြစ်ပေသည်။ 
၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေဆု ဘာသာပြန် (ရသ) ကို ဟင်နရီဒန်ကာ၏ A Place for Kathy စာအုပ်ကို ဆရာကြီးက အနက် ရောင်အိပ်မက်   စိမ်းမြမေတ္တာအဖြစ်  မြန်မာဘာသာ  ပြန်ဆိုကာ ဆွတ်ခူးရရှိခဲ့သည်။   အနက်ရောင်အိပ်မက် .. သည်   မူရင်းစာရေး ဆရာကြီး ဟင်နရီဒန်ကာ၏ AIDS ပညာပေးဝတ္ထုကို ပုံရိပ်ဖော်ဆောင် ထားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကာ ဆရာကြီး တင်မောင်မြင့်က နှလုံးသားချင်း ခံစားပေါင်းကူးပေးခဲ့ခြင်း ဖြစ်ပါသည်။ AIDS ဝေဒနာ သည် ကလေးမိခင်တစ်ဦး၏ ဘဝ၊ ရောဂါပိုး ကူးစက်ခံရခြင်းမရှိသည့် မိမိ၏      ရင်သွေးငယ်လေးကို     ယောက္ခမမိသားစုအပါအဝင် ပတ်ဝန်းကျင်က       လက်မခံသည့်အတွက်     သေခါနီးကာလမှာပင် စိတ်မချဖြစ်နေရသည့် ခံစားချက်၊   နောက်ဆုံးတွင် AIDS ကူးစက်ခံ ရသည့်   မြေးငယ်လေး  သေဆုံးသွားသော  အဘွားတစ်ဦးက  အဆိုပါ အမျိုးသမီး၏သမီးလေးကို မွေးစားခဲ့ပုံတို့ကို  ရင်နင့်ဖွယ် သရုပ်ဖော် တင်ပြခဲ့သည်။   ကမ္ဘာတစ်ဝန်း  AIDS  ရောဂါ၏    ခြိမ်းခြောက်မှု  ဒဏ်ခံစားနေရချိန်ရောဂါသည်တို့အပေါ်  ဖယ်ကြဉ်ချန်လှပ်ထားကြ သည့်   ပတ်ဝန်းကျင်ကို   လှုပ်ကိုင်သတိပေးထားသည့်   ရသဝတ္ထု တစ်ပုဒ်ဖြစ်သည်။
ဆရာကြီး၏ အမျိုးသားစာပေဆု စတုတ္ထအကြိမ်မြောက် ရရှိသည့် စာအုပ်မှာ   တရုတ်ပြည်ဖွား စာရေးဆရာ ဟာ့ကျင်း၏ Waiting ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွက် အမျိုးသား စာပေဆုရ    မျှော်ဝတ္ထုကို    နန်းဒေဝီစာပေတိုက်က   ပထမအကြိမ် ထုတ်ဝေခဲ့ရာတွင် အမှာစာမပါဝင်ခဲ့သော်လည်း ရာပြည့်စာအုပ်တိုက်မှ ဒုတိယအကြိမ်ထုတ်ဝေရာတွင်မူ ဆရာကြီး တင်မောင်မြင့်က “မျှော်” မှာတော့ ဆရာဝန်ကလေး လင်းကောင်း၊ ဇနီးသည် ရှူးယုနှင့် သူနာပြု ဆရာမကလေး မာနားဝူးတို့၏ အသက်ရှူကျပ်ချင်စရာကောင်းသည့် သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ခရီးသွားဟန်လွှဲ ဝင်ပြီးအပန်းဖြေသွားတဲ့ ပါတီက အာဏာရှိလူကြီး  တစ်ယောက်အကြောင်းပါ    ထည့်ရေး ကြောင်း၊ ထို့နောက် လူနေမှုစနစ် ဟန်မကျပုံနှင့် တရားစီရင်ရေး ချာတူးလန်ပုံတို့ကိုပါ  ရောသမမွှေကာ  နာနာကြည်းကြည်း ကလိထား သည်” ဟု ဖွင့်ဟခဲ့သည်။
အမျိုးသားစာပေ စိစစ်ရွေးချယ်ရေး ဘာသာပြန် (ရသ) စာပေအဖွဲ့ ၏   မှတ်ချက်တွင်မူ ဘာသာပြန်ဆိုသည့် ဆရာကြီး၏လက်ရာနှင့် ပတ်သက်၍  မျှော်ဝတ္ထုကို ဘာသာပြန်သူ ဆရာ တင်မောင်မြင့်သည် သမ္ဘာရင့်ဝါရင့် ဘာသာပြန်ဆရာတစ်ဦးဖြစ်ပါသည်။ “ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး၊ ကိစ္စမြားမြောင် လူတို့ဘောင်၊ အူနုကျွဲခတ်၊ လူတွင်ပါလို့ နွားကို ကျားကိုက်တာပါ ဆိုသော မြန်မာဆန်သည့် အသုံးအနှုန်းများကို ဆီလျော်သည့်   နေရာများ၌  ထည့်သွင်းအသုံးပြုထားသည်။ မူရင်း စာရေးဆရာ၏စရိုက်ကို မူရင်းအာဘော်အတိုင်း ပီပြင်စွာ ထိမိအောင် ပြန်ဆိုထားသည်။ ဆရာ၏ အရေးအသားမှာ တည်ကြည်ပြီး ကျစ်လျစ် မှုရှိကြောင်း တွေ့ရှိရသဖြင့် မျှော် စာအုပ်ကို ဘာသာပြန်ရသအတွက် ဆုချီးမြှင့်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြထားသည်။
အထက်ပါသုံးသပ်ချက်ကို ဖတ်ရှုပြီး စာရေးသူမှတ်မိစွဲငြိနေသည့် ဆရာကြီး ဦးသိန်းဟန် (ဇော်ဂျီ) ၏ အမြင်တစ်ရပ်က  ထင်ဟပ်ပုံပေါ် လာပါသည်။ “စင်စစ် ဘာသာပြန်သူကိုယ်တိုင်က မူလ စာကို အလွန် နှစ်ခြိုက်၍   ထိုစာကိုဖတ်ရင်း မိမိ၏သဘာဝကို  တွေးမိတုံ၊ မိမိ၏ ပတ်ဝန်းကျင်၌ မိမိကြုံခဲ့ရ သိခဲ့ရသော လူအမျိုးမျိုး၏  သဘာဝကို တွေးမိတုံ၊  မိမိကြုံခဲ့ရ  သိခဲ့ရသော  အဖြစ်အပျက်တို့ကို  တွေးမိတုံ၊ မိမိကြုံခဲ့ရ သိခဲ့ရသော အရေးကိစ္စတို့ကို တွေးမိတုံတို့ ဖြစ်သွားလျှင် မူလစာရေးဆရာ၏အလိုကို မိမိ၏ဘာသာပြန်၌ မိမိရရ ဖော်နိုင်သည့် အပြင်    အာဝဇ္ဇန်းလည်း    ကောင်းလာသည်ကို      တွေ့ရ တတ်သည်” ဟူ၍ဖြစ်သည်။ 
  ကြည်ညိုလေးစား
မူလစာရေးဆရာ၏ ဝိညာဉ်ပူးကပ်ခံစားရုံမျှမက မိမိဝန်းကျင် အဖွဲ့အစည်း၏ ပကတိအဖြစ်အပျက်တို့နှင့် ထိစပ်ရှုမြင်မိသောအခါ မိမိစာဖတ်သူ၊ မိတ်ဆွေများအတွက် အာဟာရကောင်းကို ဝေမျှဖို့ လက်တွန့်မနေခဲ့သော     ဆရာကြီး၏    စေတနာကိုလည်း     ကြည်ညို လေးစားရသည်။ အဆိုပါ စေတနာအကြောင်းတရားတို့ကြောင့်ပင် အမျိုးသားစာပေဆု၊  အမျိုးသားစာပေတစ်သက်တာဆု တည်းဟူသော အကျိုးထင်လာခြင်းဖြစ်မည်ဟုလည်း ယုံကြည်မိသည်။
(ဆက်လက်ဖော်ပြပါမည်)