Type

မင်းဟန်
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းခြောက်သွေ့ဇုန်၏ ဗဟိုချက်မသည် မကွေးတိုင်းဒေသကြီးဖြစ်သည်။ မကွေးတိုင်းဒေသကြီး၏ မြောက်ဘက်တွင် ချင်း တောင်တန်း၊ အနောက်ဘက်တွင် ရခိုင်ရိုးမ၊ တောင် ဘက်တွင် ပဲခူးရိုးမတို့ရှိသဖြင့် ယင်းတို့နှင့် နီးစပ်ရာ အစွန်အဖျားဒေသများတွင် ပျမ်းမျှမိုးရေချိန် လက်မ ၄၀ ခန့် ရွာသွန်းသော်လည်း ကျန်အလယ်ပိုင်းဒေသ များတွင် ပျမ်းမျှမိုးရေချိန် ၁၂ လက်မခန့်သာရှိသည့် အတွက် မိုးရေကို တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ အားထား၍ မရပေ။
အပူပိုင်းဒေသဖြစ်သော်လည်း တိုင်းဒေသကြီး အတွင်း နေထိုင်သည့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ကျေးလက် နေ ပြည်သူများဖြစ်သည်။ ထို့ကြောင့် မကွေးတိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက် ရာတွင် ကျေးလက်နေပြည်သူများ၏ အဓိကစီးပွား ရေးဖြစ်သည့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည်။ ထို့အတွက် စိုက်ပျိုးရေ သည် အဓိကကျလာသည်။
မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီး အထက်ပိုင်းမှနေ၍ အောက်ပိုင်းအထိ အလယ်မှ ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဧရာဝတီမြစ်သည် တောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေကို အထောက်အပံ့ ပြုလျက်ရှိသည်။ ထို့အတူ ချင်းတွင်း မြစ်၊ ယောချောင်း၊ ပင်းချောင်း၊ ယင်းချောင်း၊ မင်းတုန်းချောင်း စသည့် တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများကလည်း တောင်သူများအတွက် စိုက်ပျိုးရေ အထောက်အပံ့ပြုနေသည်။ တိုင်းဒေသ ကြီးအတွင်း တည်ရှိနေသည့် ဧရာဝတီမြစ်နှင့် အခြား မြစ်ချောင်းများမှ ရေကို စိုက်ပျိုးရေအဖြစ် တောင်သူများထံ ဖြန့်ဝေနိုင်ရန် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်ရေတင်လုပ်ငန်းများ
ဆောင်ရွက်ထားရှိမှု အခြေအနေ
ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်ရေတင် လုပ်ငန်းများသည် တောင်သူများ စိုက်ပျိုးရေရရှိ ရေးအတွက် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ ချင်းတွင်း မြစ်တစ်လျှောက်တွင် အကျိုးပြုဧက ၇၆၈၀ ကို စိုက်ပျိုးရေပေးဝေနိုင်ရန် ရေတင်လုပ်ငန်းပေါင်း ငါးခု၊ ယောချောင်းတွင် အကျိုးပြုဧက ၅၈၀ ကို စိုက်ပျိုးရေပေးဝေနိုင်ရန် ရေတင်လုပ်ငန်း နှစ်ခု၊ မုန်းချောင်းနှင့် မန်းချောင်းတွင် အကျိုးပြုဧက ၁၇၈၇ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန် ရေတင် လုပ်ငန်း ခြောက်ခုနှင့် ဧရာဝတီမြစ်တစ်လျှောက် အကျိုးပြုဧက ၄၂၆၇၇ ဧကကို စိုက်ပျိုးရေပေးဝေ နိုင်ရန် ရေတင်လုပ်ငန်း ၁၇ ခု စုစုပေါင်း ရေတင် လုပ်ငန်း ၃၀ ဖြင့် စိုက်ပျိုးအကျိုးပြုဧက ၅၂၇၂၄ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန် ဆောင်ရွက်ထား ရှိပြီးဖြစ်သည်။
အခက်အခဲများ
ထိုကဲ့သို့ တောင်သူများအတွက် အဓိကလိုအပ် လျက်ရှိသည့် စိုက်ပျိုးရေကို အထောက်အပံ့ပြုနိုင် သော်လည်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေရာတွင် တစ်နှစ်ပတ်လုံးရွာသွန်းသည့် မိုးရေချိန်နည်းပါးခြင်း၊ အပူချိန် မြင့်မားမှုကြောင့် ရေငွေ့ပျံနှုန်းနှင့် သီးနှံ ပင်များ၏ ငွေ့ပျံသက်ရှူနှုန်း များပြားခြင်း၊ ယာမှ လယ်ပြောင်းစနစ်ဖြင့် စပါးသီးနှံကို အများဆုံး စိုက်ပျိုးနေခြင်းကြောင့် သီးနှံပင်၏ ရေလိုအပ်ချက် မှာ အခြားဒေသများထက် ပိုမိုများပြားနေသည့် အပြင် မြေသားရေပေးမြောင်းများဖြင့် ရေပေးဝေနေ ရ၍ ရေလေလွင့်ဆုံးရှုံးမှု များပြားခြင်း၊ တပ်ဆင်ထား သော ရေတင်စက်များမှာလည်း နှစ်ကာလကြာမြင့် စွာ အသုံးပြုခဲ့သည့်အတွက် ရေထွက်စွမ်းရည် များ ကျဆင်းလာခြင်း ကဲ့သို့သော အခက်အခဲများ ရှိနေသည်။
လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်
ထို့အတူ တောင်သူများအတွက် စိုက်ပျိုးရေ နှစ်စဉ် ပေးဝေရာတွင် အသုံးပြုခဲ့သည့် လျှပ်စစ် ဓာတ်အားခ တစ်ဧက ပျမ်းမျှကုန်ကျစရိတ် ၁၇၀၀၀၀ ကျပ် တည်ရှိနေသည်။ တောင်သူများက ရေခွန် ပေးဆောင်ရမှုမှာ မိုးစပါး တစ်ဧကလျှင် ၆၀၀၀ ကျပ်နှုန်း၊ နွေစပါး တစ်ဧကလျှင် ၉၀၀၀ ကျပ်နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ၃၀၀၀ ကျပ်နှုန်းသာ ပေးဆောင်ရသည်။ ထိုကဲ့သို့ စိုက်ပျိုး ရေတင်ရာတွင် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ် ကို လျှော့ချဖြေရှင်းရန် လိုအပ်နေသည်။
စိုက်ပျိုးရေးကို အားထားလုပ်ကိုင်နေကြသော ကျေးလက်နေပြည်သူများအတွက် စိုက်ပျိုးရေ တင်ရာတွင် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန် ရေတင်လုပ်ငန်းများ၌ အဆင့်မြင့် နည်းပညာ ဆိုလာဓာတ်အားသုံးစနစ်များ တွဲဖက် တပ်ဆင်ခြင်းဖြင့် ကျော်လွှားသွားနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှုများသည့် မြေသားမြောင်းများအား ကွန်ကရစ်လိုင်နင်စီခြင်း လုပ်ငန်းဆောင်ရွက်ရန် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထား စီစဉ် ဆောင်ရွက်ခြင်း၊ နှစ်ကာလ ကြာမြင့်စွာ အသုံးပြုခဲ့သည့်အတွက် ရေထွက် စွမ်းရည် ကျဆင်းနေသော ရေတင်စက်များအား အသစ်အစားထိုး လဲလှယ်တပ်ဆင်နိုင်ရန် ဘဏ္ဍာ ရေးနှစ်အလိုက် ရန်ပုံငွေလျာထား စီစဉ်ဆောင်ရွက် ခြင်းကဲ့သို့သော လုပ်ငန်းရပ်များဖြင့် ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် ရေသုံးစွဲရာတွင် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် စနစ်တကျ ခွဲဝေစီမံသုံးစွဲနိုင်ရေး အတွက် ရေသုံးစွဲသူတောင်သူလယ်သမားများ အဖွဲ့ (Water User Groups–WUGs) နှင့် ရေသုံးစွဲသူ တောင်သူများအသင်း (Water User Association – WUA) များနှင့် ဆွေးနွေးစည်းရုံးဖွဲ့စည်းပြီး အားလုံးပူးပေါင်းပါဝင်သော ဆည်မြောင်းစနစ် (Participatory Irrigation Management–PIM) ဖြစ်အောင် စည်းရုံးဆောင်ရွက်ရမည် ဖြစ်သည်။
ဆိုလာစနစ်များ တွဲဖက်တပ်ဆင်ခြင်း
တိုင်းဒေသကြီးအတွင်း တည်ရှိနေသည့် လျှပ်စစ်ရေတင်လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်များ တွဲဖက်တပ်ဆင်ခြင်းများဖြင့် တောင်သူများအတွက် စိုက်ပျိုးရေရရှိစေရန် အလေး ထား ဆောင်ရွက်ပေးလျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေတင် လုပ်ငန်းများတွင် ဆိုလာစနစ် တွဲဖက်တပ်ဆင်ခြင်း ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက် ရန် လျာထားမှုမှာ အောက်ပါအတိုင်းဖြစ်သည်။
ဆိုလာရေတင်စီမံကိန်းသစ်
ဆောင်ရွက်နေမှု အခြေအနေ
ထို့အတူ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာအနီးတွင် အကျိုးပြုစိုက်ပျိုး မြေဧက ၂၀၀ ကို စိုက်ပျိုးရေပေးဝေနိုင်မည့် ညံတောအင်း ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း အသစ်ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ မကွေးတိုင်း ဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက “ညံတောအင်း ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ဟာ ဆင်ပေါင်ဝဲမြို့နယ်ထဲမှာ ပထမဆုံး စတင် ဆောင်ရွက်တဲ့ ရေတင်ဖြစ်တယ်။ အခုနှစ်မှာ လျှပ်စစ်ဓာတ်အားလိုင်း၊ ဆိုလာ၊ ရေတင်စက်၊ ပိုက်လိုင်း၊ ရေလှောင်ကန်အပိုင်းဖြစ်တဲ့ Stage One ကို အပြီးဆောင်ရွက်မှာဖြစ်တယ်။ နောက် ဘဏ္ဍာ နှစ်မှာ ရေသောက်စနစ်ကို ဆက်လက်ဆောင်ရွက် မှာ ဖြစ်ပါတယ်။ ဒီရေတင်က တခြားရေတင်တွေနဲ့ မတူဘူး။ လုပ်ကိုင်ဆောင်ရွက်ရတာ တော်တော် ခက်ခဲပါတယ်။ လိုချင်တဲ့ ရေလှောင်ကန်ရောက်ဖို့ ဧရာဝတီမြစ်ကနေ အမြင့်ပေ ၉၀ အထိ တွန်းတင်ရ တယ်။ မြစ်နဲ့ ရေလှောင်ကန်ကြား တောင်ကုန်းတွေ ခံနေလို့ သံပိုက်လိုင်းသွယ်ဖို့ လိုချင်တဲ့ Level တူးရတာ တချို့နေရာတွေမှာဆိုရင် ပေ ၃၀ ကျော် အနက်အထိ တူးနေရပါတယ်။ ၅၀ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ပြီးတော့ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ စီမံကိန်းအကျိုးပြုဧက ၂၀၀ အပေါ် ရေသွင်းပြီး နွေ၊ မိုး၊ ဆောင်း နှစ်စဉ် သုံးသီး စိုက်ပျိုးထုတ်လုပ် ကြမှာဖြစ်ပါတယ်” ဟု ပြောသည်။
ညံတောအင်း ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် စတင် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
“ ကျွန်တော်တို့ ဒေသက မိုးနည်းပါတယ်။ ဒီနောက်ပိုင်းမှာ မိုးက ချက်မှန်အောင် မရွာ၊ ဒီတော့ စိုက်သမျှသီးနှံပင်က ထွက်တစ်ဝက်၊ ပျက်တစ်လှည့် ဖြစ်နေတော့ လုံးချာလည်နေတာပဲ။ ပြောမယုံ၊ ကြုံဖူးမှသိတဲ့ဗျ။ အခုတော့ ရေတင်စီမံကိန်းကြောင့် နှစ်စဉ် ပူပန်လာရတဲ့ စိုက်ပျိုးရေအတွက် မပူရ တော့မယ့်အချိန် ရောက်လာပြီ။ တစ်ရွာလုံး ဝမ်းသာမဆုံး ဖြစ်နေပါတယ်။ အခုစီမံကိန်း လုပ်နေ တုန်းကိုပဲ ရွာက လူ ၄၀ ကျော် အလုပ်ရပြီ။ ကျွန်တော်တို့ ဒေသအတွက်မို့ အခုကတည်းက ကော်မတီဖွဲ့ပြီး ဝန်ထမ်းတွေနဲ့ ပူးပေါင်း ဆောင်ရွက် နေပါတယ်” ဟု ညံတောအင်းကျေးရွာမှ တောင်သူ ဦးတင်စိုးက ပြောသည်။
အကျိုးကျေးဇူးများ
ရေတင်စီမံကိန်းများကြောင့် တောင်သူများ အနေဖြင့် တစ်နှစ် သုံးသီးစိုက်ပျိုးလာနိုင်သဖြင့် “သီးနှံစိုက်စွမ်းအား” မြင့်မားလာခြင်း၊ သီးနှံပင်၏ လိုအပ်ရေပမာဏကို ချိန်ကိုက်ညီ ပေးဝေနိုင်သဖြင့် “သီးနှံအထွက်နှုန်း” မြင့်မားလာခြင်း၊ သီးနှံစိုက် စွမ်းအား အထွက်နှုန်းမြင့်မားလာခြင်းတို့နှင့်အတူ ဒေသတွင်း ဝမ်းစာဖူလုံလာခြင်း၊ စုပ်တင်ပေးလိုက် သော ရေတွင် မြေဆီဩဇာကောင်းမွန်သော နုန်းအနယ်အနှစ်များ ပါဝင်လာသဖြင့် စိုက်ပျိုးမြေ များ၏ အပေါ်ယံမြေဆီလွှာ တိုးတက်ကောင်းမွန် လာပြီး ယာမြေများပင် လယ်မြေအဆင့်ထိပြောင်းလဲ သွားခြင်း၊ စိုက်ပျိုးရေပေးဝေခြင်းနှင့်အတူ မြေကြီး အတွင်း စိမ့်ဝင်သွားသော ရေများကြောင့် ဒေသ ပတ်ဝန်းကျင်တစ်ခုလုံး မြေအောက်ရေ Level မြင့်တက်လာခြင်းနှင့် ရေအရည်အသွေးတိုးတက် ကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများကို လည်း ရရှိမည်ဖြစ်သည်။
ထိုကဲ့သို့ သဘာဝအရ တည်ရှိနေသည့် ဧရာဝတီ မြစ်ရေနှင့် နေရောင်ခြည်စွမ်းအင်ကို ပေါင်းစပ် အသုံးပြုကာ ဆိုလာ မြစ်ရေတင်စီမံကိန်းများဖြင့် တောင်သူအကျိုးပြုလုပ်ငန်းများကို ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်သည်။ ထို့အတူ တိုင်းဒေသကြီးအတွင်း ဆက်လက်ဆောင်ရွက်မည့် စိုက်ပျိုးမြေ ၁၃၃၃၄ ဧကကို စိုက်ပျိုးရေပေးဝေနိုင် ရန် ဆိုလာမြစ်ရေတင်စီမံကိန်း ၂၁ ခုကိုလည်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုနှင့် ဘဏ္ဍာငွေရရှိမှု အပေါ် မူတည်၍ နှစ်အလိုက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
- Log in to post comments