ဧရာဝတီတိုင်းဒေသကြီးရှိ ကျောင်းများတွင် မီးရရှိပြီး ရေမရရှိသည့် ကျောင်းများကို ရေစင်နှင့် မီးမရရှိသည့်ကျောင်းများ ဆိုလာများ ထောက်ပံ့ပေးသွားမည်

ရန်ကုန် မတ် ၁၀ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ နှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိသည့် မြို့နယ်တိုင်းရှိ ကျောင်းများ၏ အချက်အလက်များကို တစ်လချင်းစီ အလိုက် ပြုစုထားရှိရန် လိုအပ်သည့်အတွက် ခရိုင်၊ မြို့နယ်များအတွင်းရှိ ကျောင်းများ လစဉ်စာရင်း ဇယားများပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း၊ ယင်းသို့ လစဉ် စဉ်ဆက်မပြတ်ပြုလုပ်နေပြီး အဆင့်ဆင့်တင်ပြမှသာ စာရင်းဇယားအမှန်ကို ရရှိမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရုံးချုပ်မှတောင်းခံ သည့်အခါတွင် အလွယ်တကူ ပေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပညာရေး သည် အဓိကအရေးကြီးပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် မိမိတို့သည် နိုင်ငံ့အရေးကို ဆောင်ရွက်ကြ သူများအဖြစ် နားလည်ထားကြစေလိုကြောင်း။ ကျောင်းအုပ်ကြီးများအနေဖြင့် သင်ကြားရေး ကိစ္စရပ်များကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်ပြီး မိမိတို့ဒေသ၊ မိမိတို့ကျောင်းများ တိုးတက် အောင် ဆောင်ရွက်ရန်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေး ပိုမိုအားစိုက်ရမည်ဖြစ်ပါ ကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် လူတိုင်း တွင် မတူညီသည့် အရည်အချင်းများ ရှိသည့်အတွက် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဆက်ဆံရာတွင် လည်းကောင်း၊ ကျောင်းသား ကျောင်းသူများကို စာသင်ကြားရာတွင်လည်းကောင်း ခွဲခြားဆက်ဆံခြင်း မပြုဘဲ မေတ္တာရှေ့ထား၍ ဆောင်ရွက်ကြစေလို ပါကြောင်း၊ ကျောင်းများ၏ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးများ ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး ကျောင်းများတွင် မှတ်တမ်းစာအုပ်များ ထားရှိရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကျောင်းများတွင် မီးရရှိပြီး ရေမရရှိသည့် ကျောင်းများကို ရေစင်နှင့် မီးမရရှိ သည့် ကျောင်းများ ဆိုလာများ ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းက ဆရာ ဆရာမများသည် နိုင်ငံတော်အတွက် အားထားရသော နိုင်ငံ့ သားကောင်းများ၊ လူတော်လူကောင်းများ မွေးထုတ် သည့်အလုပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမ များအနေဖြင့် ခေတ်နှင့်လိုက်လျောညီထွေစွာ အမြဲ သင်ယူလေ့လာနေရမည်ဖြစ်ကြောင်း ပြောကြား သည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်စွာသွင်က အခြေခံပညာကဏ္ဍ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သည့် ခရိုင်၊မြို့နယ် ပညာရေးမှူးများက လိုအပ်ချက် များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (တက္ကသိုလ်)သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ် နှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း (ပုသိမ်)၌ ကျောင်းအုပ်ကြီး၊ သက်ဆိုင်ရာ ဘာသာရပ် ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ သင်ကြား၊ သင်ယူရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြစေလိုကြောင်း ပြောကြား ခဲ့သည်။ သတင်းစဉ်