ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

 

ကော့သောင်း   မတ်     ၃


နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ် ကျခံရပြီး  ပြန်လည်လွတ်မြောက်လာသည့် မြန်မာ နိုင်ငံသား ကလေးငယ် နှစ်ဦးအပါအဝင် အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း အလုပ်သမား ၁၃၁ ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက  မတ် ၁ ရက်က  ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာ နိုင်ငံကော့သောင်းမြို့  တာဝန်ရှိ အဖွဲ့အစည်းများထံသို့   ရေလမ်းခရီးမှ  လာရောက် လွှဲပြောင်းပေးအပ်သည်။

 


အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်        ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိ နေသူများနှင့်    အရေးယူခံနေခဲ့ရသူများဖြစ်ကာ ယခုကာလအတွင်း ထိုင်းနိုင်ငံတွင်    ကိုဗစ်-၁၉ ဗီဇ ပြောင်း      အိုမီခရွန်ရောဂါပိုးတွေ့ရှိမှုဖြစ်ပေါ်နေ  သဖြင့်  ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမား များကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာန ဆိုင်ရာများ၊NGO အဖွဲ့အစည်းများက ကိုဗစ်- ၁၉ ရောဂါ  ကူးစက်မှုသံသယရှိသူများ     ပါဝင်လာခြင်း ရှိ  မရှိ၊ မြန်မာနိုင်ငံသားမဟုတ်သူများ ပါဝင်လာခြင်း ရှိ မရှိ ၊  မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်း ရှိ မရှိ သတိပြုစစ်ဆေး  လက်ခံခဲ့ပြီး  အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးခဲ့ကြသည်။

 


ပြန်လည်ဝင်ရောက်လာသူများမှ  ထားဝယ်ခရိုင် နှင့် မြိတ်ခရိုင်များတွင် နေထိုင်သူများကို မော်တော် ယာဉ်များဖြင့်  မိမိနေရပ်များသို့   ချက်ချင်းပို့ဆောင် ပေးကာ မိမိတို့၏ နေရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး  အသွားအလာကန့်သတ် စောင့်ကြည့်မှု  ခံယူကြရမည်ဖြစ်သည်။

 


ကော့သောင်းခရိုင်အတွင်း နေထိုင်သူများနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေထိုင် သူများကို  ကော့သောင်းမြို့ရှိ အသွားအလာကန့်သတ် စောင့်ကြည့်နေရာ နှစ်ခုတွင် အမျိုးသား အမျိုးသမီး သီးခြားစီခွဲခြားထားရှိပြီး  ၁၀ ရက်  အသွားအလာ ကန့်သတ်ထားရှိ စောင့်ကြည့်ကာ ကိုဗစ်- ၁၉  ရောဂါ ပိုးစစ်ဆေးတွေ့ရှိခြင်း  မရှိမှသာ   မိမိတို့နေအိမ်များသို့    ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။                                 
                               

ကျော်စိုး
(ကော့သောင်း)