
နိဒါန်း
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊
၁။ ကျွန်တော့်အနေဖြင့် တရားရုံးတော်ရှေ့မှောက်၌ နောက်တစ်ကြိမ် လျှောက်လဲခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
၂။ ယခုအမှုနဲ့မသက်ဆိုင်တဲ့အကြောင်းအရာဖြစ်တဲ့ မနှစ်ကမေလ မှာ ICJ တရားသူကြီး James Crawford ဆုံးပါးသွားတဲ့အတွက် မိမိအနေဖြင့် အလွန်ကိုဝမ်းနည်းရပါကြောင်း ဖော်ပြလိုပါတယ်။ ၎င်းသည် နေ့ပေါင်းများစွာတိုင် အပြည်ပြည်ဆိုင်ရာရှေ့နေများကို အားပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် သင်ကြားမှုများပေးခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ယင်းကဲ့သို့ အခွင့် အရေးရခဲ့တဲ့သူများထဲမှာ မိမိလည်းပါဝင်ခဲ့ပါတယ်။
၃။ ကျွန်တော့်အနေဖြင့် ကနဦးကန့်ကွက်လွှာနှင့်စပ်လျဉ်း၍ တင်ပြ မည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ယခုတရားစွဲဆိုသည့် အမှုတွင် အမှန်တကယ်လျှောက်ထားသူမှာ “OIC” ဟုခေါ်သော အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းဖြစ်သဖြင့် တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း သို့မဟုတ် လျှောက်ထား ချက်ကို ခွင့်မပြုသင့်ကြောင်းကို အခိုင်အမာ လျှောက်ထားတင်ပြ လိုပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ Statute အပိုဒ် ၃၄၊ စာပိုဒ် ၁ တွင် တရားရုံးရှေ့မှောက်သို့ ရောက်ရှိလာ သောအမှုများတွင် အမှုရင်ဆိုင်ကြသူများမှာ နိုင်ငံများသာလျှင် ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
၄။ ယခုကနဦးကန့်ကွက်ချက်တွင် အကြောင်းခြင်းရာပြဿနာ (Question of Fact) နှင့် ဥပဒေကြောင်းပြဿနာ (Question of Law) ဟူ၍ ပြဿနာနှစ်ခုပေါ်ပေါက်နေပါတယ်။
၅။ အဓိကအကြောင်းခြင်းရာပြဿနာမှာ ယခုအမှုတွင် ဂမ်ဘီယာ နိုင်ငံမှ OIC ကိုယ်စား တရားစွဲဆိုခြင်းဖြစ်တဲ့အတွက် OIC သည်သာ အမှန်တကယ် လျှောက်ထားသူဖြစ်သည်ဆိုသော ပြဿနာဖြစ်ပါတယ်။
၆။ ဥပဒေအကြောင်းခြင်းရာပြဿနာ (Question of Law) မှာ နိုင်ငံအမည်နှင့် တရားစွဲဆိုလို့မရသောကိစ္စကို ယင်း၏ကိုယ်စား တတိယနိုင်ငံတစ်နိုင်ငံက တရားရုံးတွင် တရားစွဲဆို၍ ရနိုင် မရနိုင်ဆိုသောပြဿနာ ဖြစ်ပါတယ်။
အကြောင်းခြင်းရာပြဿနာ
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊
၇။ ကျွန်တော့်အနေဖြင့် အကြောင်းခြင်းရာပြဿနာနှင့် စပ်လျဉ်း၍ စတင်လျှောက်လဲတင်ပြလိုပါတယ်။
၈။ ယခုကဲ့သို့ တရားစွဲဆိုဆောင်ရွက်မှုများအထိ ဖြစ်ပေါ်လာရသော အကြောင်းအရာများကို ဂမ်ဘီယာနိုင်ငံ၊ OIC အဖွဲ့အစည်းနှင့် OIC ၏ အခြားအဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်ဆောင်ရွက် နေသော အသေးစိတ်အချက်အလက်များပါဝင်သည့် စာရွက် စာတမ်းများကို စာဖြင့်ရေးသားထားသည့် လျှောက်လဲချက်တွင် ဖော်ပြထားပြီး ဖြစ်ပါတယ်။
၉။ ယင်းစာရွက်စာတမ်းအထောက်အထားများအရ ၂၀၁၈ ခုနှစ် မေလတွင် OIC ၏ အဓိက အဖွဲ့အစည်းတစ်ရပ်ဖြစ်သော နိုင်ငံ ခြားရေးဝန်ကြီးများကောင်စီက သီးခြားကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဂမ်ဘီယာနိုင်ငံမှကိုယ်စားလှယ်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ၎င်းအဖွဲ့အစည်းကို “ကော်မတီ” ဟု ရည်ညွှန်းပြောဆိုသွားမည် ဖြစ်ပါတယ်။
၁၀။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယင်းကော်မတီက Genocide Convention အရ မြန်မာနိုင်ငံကို တရားရုံးတွင် တရားစွဲဆိုမည့် ကိစ္စနှင့် ပတ်သက်သော စီမံချက်တစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။
၁၁။ နောက်လတွေမှာ နိုင်ငံခြားရေးဝန်ကြီးများကောင်စီက ကော်မတီ၏စီမံချက်ကို အတည်ပြုသော ဆုံးဖြတ်ချက်တစ်ရပ် ကို ချမှတ်ခဲ့ပါတယ်။
၁၂။ ယင်းနောက် ၂၀၁၉ ခုနှစ်၊ မေလမှာ ထိုကိစ္စကို OIC ၏အမြင့်ဆုံး အာဏာပိုင်ဖြစ်သည့် အစ္စလာမ္မစ်ထိပ်သီးအစည်းအဝေးတွင် ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ အဆိုပါ ထိပ်သီးအစည်းအဝေး၏ အပြီးသတ် ထုတ်ပြန်ကြေညာချက်တွင် အစ္စလာမ္မစ် ထိပ်သီး အစည်းအဝေးက အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ် -
“………OIC ကိုယ်စား ဂမ်ဘီယာက ICJ တရားရုံးမှာ
တရားစွဲဆိုခြင်းဖြင့် ချက်ချင်း အရေးယူဆောင်ရွက်ရန်
ad hoc Ministerial Committee အား တိုက်တွန်းခဲ့ ပါသည်။”
၁၃။ ဒီနေရာမှာ တင်ပြရမယ့် အဓိကအချက် ၃ ချက် ရှိပါတယ်။ ပထမအချက်က အစ္စလာမ္မစ် ထိပ်သီးအစည်းအဝေးက တရားစွဲ ဆိုရန် တိုက်တွန်းခဲ့ကြောင်း၊ ဒုတိယတစ်ချက်က OIC ကော်မတီ က တရားစွဲဆိုဆောင်ရွက်ခဲ့ရာတွင် ဂမ်ဘီယာမှကော်မတီ ဥက္ကဋ္ဌအဖြစ် ဖော်ပြခဲ့ကြောင်းနှင့် တတိယအချက်က အဆိုပါ တရားစွဲဆိုဆောင်ရွက်ခြင်းကို OIC ကိုယ်စား ဆောင်ရွက်ခဲ့ခြင်း တို့ဖြစ်ပါတယ်။
၁၄။ တစ်လအကြာဖြစ်သော ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေချုပ်နှင့် တရားရေးဝန်ကြီးက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအား တရား စွဲဆို၍ အရေးယူဆောင်ရွက်ရန် ဂမ်ဘီယာနိုင်ငံအတွက် OIC ၏ အဆိုပြုချက်စာတမ်းကို ဂမ်ဘီယာနိုင်ငံအစိုးရအဖွဲ့သို့ တင်သွင်းခဲ့ပါတယ်။ အစိုးရအဖွဲ့ကလည်း အဆိုပါ OIC အဆိုပြု ချက်စာတမ်းကို အတည်ပြုခဲ့ပါတယ်။
၁၅။ ဒီအခြေအနေမှာ အချက်သုံးချက် တွေ့ရှိရပါတယ်။ ပထမအချက် က ဂမ်ဘီယာနိုင်ငံ၏ ဆုံးဖြတ်ချက်သည် OIC ၏ အဆိုပြုချက် နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းအချက် ဖြစ်ပါတယ်။ ဒုတိယအချက် က ဂမ်ဘီယာနိုင်ငံက ဦးဆောင်၍ တရားစွဲဆိုရမည်ဆိုခြင်း သည် ၎င်း၏ တစ်နိုင်ငံတည်းသဘောဖြင့် ကိုယ်ပိုင်အခွင့်အရေး အရ တရားစွဲဆိုခဲ့သည်ဟူသောအဆိုနှင့် ဆန့်ကျင်နေပါတယ်။ တတိယအချက်က ဂမ်ဘီယာနိုင်ငံမှ OIC ကိုယ်စား တရားစွဲဆို သင့်ကြောင်း အစ္စလာမ္မစ်ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ် ချက် ချမှတ်ခဲ့ပြီး တစ်လအကြာမှာ ဂမ်ဘီယာနိုင်ငံက OIC ၏ အဆိုပြုချက်ကို လက်ခံခဲ့ခြင်း ဖြစ်ပါတယ်။
၁၆။ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုရန် လျှောက်ထားသည့်နေ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ် ဥပဒေအကျိုးဆောင်များက ဘာသာခြောက်မျိုး ဖြင့် သတင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ သတင်းဖော်ပြချက် အစပိုင်းတွင် ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ဝင် နိုင်ငံ ၅၇ နိုင်ငံကိုယ်စား ဆောင်ရွက်ခြင်း ဖြစ်ပါတယ်လို့ ဖော်ပြ ထားပါတယ်။ ယင်းတို့၏တစ်ဆက်တည်း သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါအတိုင်း ကိုးကားတင်ပြလိုပါတယ်-
“OIC အဖွဲ့အစည်းမှ ၎င်းကိုယ်စား တရားစွဲဆို ဆောင်ရွက်
နိုင်ရန် OIC အဖွဲ့ဝင်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံကို ခန့်အပ်ခဲ့
ပါသည်။”
၁၇။ ယင်းစကားရပ်အား ဂမ်ဘီယာနိုင်ငံမှ သေသေချာချာဂရုပြု၍ ရွေးချယ်အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။
၁၈။ သို့ဖြစ်၍ ဂမ်ဘီယာက OIC ကိုယ်စား တရားစွဲဆိုခြင်းဖြစ်တယ် ဆိုတဲ့ ပြောကြားချက်ကို ဂမ်ဘီယာနိုင်ငံ၏ ကိုယ်စားလှယ်နှင့် OIC ၏ အမြင့်ဆုံးသော အာဏာပိုင်အဖွဲ့အစည်းက ပြောကြားခဲ့ ခြင်းဖြစ်တာကို ကျွန်တော်တို့အနေနဲ့ တင်ပြလိုပါတယ်။ အခြား စာရွက်စာတမ်းများမှာလည်း အလားတူဖော်ပြချက်များ ပါဝင် နေပါတယ်။
၁၉။ OIC ကော်မတီနှင့် OIC အဖွဲ့အစည်းက ယခုအမှုအား တရားစွဲဆို ခြင်းဖြစ်သည်ဆိုသော ထုတ်ပြန်ချက်များကို ၂၀၂၀ ပြည့်နှစ် အတွင်း OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီမှ ထပ်မံ၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ OIC ဂျာနယ်၊ OIC သတင်းထုတ်ပြန်ချက်၊ OIC တွစ်တာစာမျက်နှာ၊ အစိုးရ မဟုတ် သော အဖွဲ့အစည်းဖြစ်သည့် Fortify Rights တို့ကလည်း အလားတူ ထုတ်ပြန်ခဲ့ကြပါတယ်။
၂၀။ OIC ဂျာနယ်၊ OIC သတင်းထုတ်ပြန်ချက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ၏ လူ့အခွင့်အရေးအခြေအနေအား အစီရင်ခံစာ တင်သွင်းလျက် ရှိသည့် ကုလသမဂ္ဂ၏အထူးကိုယ်စားလှယ်တို့က ယခုအမှုကို OIC က တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။
၂၁။ ဂမ်ဘီယာနိုင်ငံမှ OIC ကိုယ်စား တရားစွဲဆိုကြောင်းကို OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ၏ ဆုံးဖြတ်ချက်တွင်လည်း ကောင်း၊ ဂမ်ဘီယာနိုင်ငံသမ္မတရုံး၊ ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ဂမ်ဘီယာနိုင်ငံ ဒုတိယသမ္မတ၊ မော်ဒိုက်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီး များ၏ ပြောကြားချက်များတွင်လည်းကောင်း၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာ များနှင့် အခြားနိုင်ငံများ၏ မီဒီယာသတင်းဖော်ပြချက်များ တွင်လည်းကောင်း အသီးသီးဖော်ပြခဲ့ပါတယ်။
၂၂။ ယင်းကဲ့သို့ တရားစွဲဆိုရန်အတွက် OIC အဖွဲ့အစည်းက ဂမ်ဘီယာနိုင်ငံအား ဆောင်ရွက်ရန် သို့မဟုတ် ထိုသို့ဆောင်ရွက် ရန် ရွေးချယ်ခဲ့ကြောင်း ပြောကြားချက်များကို ဂမ်ဘီယာနိုင်ငံ သမ္မတရုံး၊ OIC ၏သတင်းထုတ်ပြန်ချက်နှင့် မီဒီယာများတွင် အသီးသီး ဖော်ပြခဲ့ပါတယ်။
၂၃။ ယခုအမှုအား ဂမ်ဘီယာနိုင်ငံမှ OIC ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှု အခွင့်အာဏာအတွင်းမှ စွဲဆိုဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အတိအလင်း သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ၏ ဆုံးဖြတ်ချက်၊ မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် OIC၏သတင်း ထုတ်ပြန်ချက် သုံးခုတို့တွင် ဖော်ပြခဲ့ပါတယ်။
၂၄။ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုပိုင်ခွင့်အရ တရားစွဲဆိုခြင်း မဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံမှ ဦးဆောင်၍ တရားစွဲဆိုခြင်း သို့မဟုတ် စုပေါင်း၍တရားစွဲဆိုခြင်းဖြစ်ကြောင်း ပြောကြားချက် ကို ဂမ်ဘီယာနိုင်ငံသမ္မတရုံး၊ ဂမ်ဘီယာနိုင်ငံ၏ဒုတိယသမ္မတနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ထပ်မံ ဖော်ပြခဲ့ကြပါတယ်။
၂၅။ မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်ချက်၏ နောက်ဆက်တွဲပါစာရွက် စာတမ်းများတွင် တရားစွဲဆိုရန်အတွက် ကုန်ကျမည့်စရိတ်ကို ဂမ်ဘီယာနိုင်ငံ၏ စီမံခန့်ခွဲမှုမဟုတ်သော မိမိသဘောဆန္ဒ အလျောက် ထည့်ဝင်ရသည့် OIC မှ မတည်ထားသော အထူး ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါ တယ်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း သတင်းအစီရင်ခံစာ တစ်ခုက အလှူရှင်များမှာ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ နိုင်ဂျီရီးယား၊ မလေးရှားနှင့် အစ္စလာမ်ညီညွတ်ရေး ရန်ပုံငွေတို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဆိုပါ အထောက် အထားများတွင် ဂမ်ဘီယာသည် အမှုကုန်ကျစရိတ်တစ်စုံတစ်ရာ ကို ကိုယ်တိုင်ကျခံမည့်အကြောင်း မပါရှိသကဲ့သို့ ထိုသို့ကျခံ ခြင်း မပြုဟုလည်း ဖော်ပြထားခြင်းမျိုး ရှိပါတယ်။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊
၂၆။ အဆိုပါအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဂမ်ဘီယာမှ မည်သို့ ဖြေကြားခဲ့ပါသလဲ။
၂၇။ အလွန်အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင်ပင် ဂမ်ဘီယာ က ဘာမျှမပြောခဲ့ပါ။ အထက်ပါဖြစ်ရပ်များအပေါ် အခြားနည်း ဖြေရှင်းချက်လည်း မပေးခဲ့သည့်အပြင် ယင်းအထောက် အထားများနှင့် စပ်လျဉ်း၍ ရှင်းလင်းချက်လည်းမရှိခဲ့ပါ။ အဆိုပါ အကြောင်းအရာများ မရှိကြောင်းကိုလည်း အထောက်အထား မပေးနိုင်ခဲ့ပါ။ ထိုအကြောင်းအရာများကို ရည်ညွှန်းထားခြင်း မရှိကြောင်းလည်း အကြောင်းပြချက်ပေးနိုင်မည်မဟုတ်ပါ။
၂၈။ ဂမ်ဘီယာနိုင်ငံ၏ စာဖြင့်ရေးသားတင်ပြချက်များ (Written Observations) တွင် နောက်ဆက်တွဲ တစ်ရပ်ကို ဖော်ပြထား သော်လည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဂမ်ဘီယာ နိုင်ငံ၏ တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတင်း ထုတ်ပြန်ချက်ဖြစ်သည့် တစ်ခုတည်းသော စာရွက်စာတမ်း အထောက်အထားအသစ်နှင့်သာ ဤကိစ္စနှင့် သက်ဆိုင်ပါ တယ်။ ယင်းစာရွက်စာတမ်း အထောက်အထားအသစ်က ဂမ်ဘီယာနိုင်ငံသည် OIC အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အရ OIC အဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပြောထားပါတယ်။
၂၉။ ဤအချက်တွေကို ကျော်လွှားဖို့အတွက် ဂမ်ဘီယာအနေဖြင့် ယေဘုယျသာလျှင် ပြောနိုင်ပြီး သက်သေအထောက်အထား တစ်ခုခုဖြင့် အခိုင်အမာ တင်ပြနိုင်ခြင်းမရှိပါဘူး။
၃၀။ ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုခြင်းနှင့် စပ်လျဉ်း၍ ၎င်းတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဂမ်ဘီယာ နိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် OIC မှ အတည်ပြုထောက်ခံ ထားခြင်းမရှိသဖြင့် OIC ၏ မေတ္တာရပ်ခံချက်အရ ၎င်းကတရားစွဲ ဆိုရသည်ဆိုသည့် စွပ်စွဲချက်အတွက် အခြေခံအကြောင်းခြင်းရာ မရှိဘူးလို့ ဖော်ပြနေပါတယ်။ အဲ့ဒီအတွက် သက်သေအထောက် အထားက ဘယ်နေရာမှာများရှိပါသလဲ။ ကျွန်တော်တို့အနေဖြင့် ဂမ်ဘီယာက တရားစွဲဆိုရန် OIC ၏အဆိုပြုချက်ကို ဂမ်ဘီယာ နိုင်ငံ အစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး OIC ကော်မတီမှ OIC ကိုယ်စား တရားစွဲဆိုသင့်ကြောင်း အစ္စလာမ္မစ်ထိပ်သီးအစည်း အဝေးပြီးနောက် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်ဆိုသော စာရွက်စာတမ်းအထောက်အထားများကိုသာ တွေ့မြင်နေရပါ တယ်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံ၏ တရား ရေးဝန်ကြီးကိုယ်တိုင် ဤအမှုအား OIC မှ စတင်ဆောင်ရွက်ခဲ့ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သို့ပါ၍ ဂမ်ဘီယာက ဤအကြောင်းအရာအပေါ် ဖြေရှင်းချက်ပေးနိုင်မည်မဟုတ်ပါ။
၃၁။ ဂမ်ဘီယာနိုင်ငံက ၎င်းအနေဖြင့် OIC ဆုံးဖြတ်ချက်များချမှတ်၍ OIC ကော်မတီ ဖွဲ့စည်းဆောင်ရွက်ရာတွင် အရေးပါသည့် ကဏ္ဍတွင် ပါဝင်ခဲ့သဖြင့့် ထိုကိစ္စကို အသိအမှတ်ပြုသော အားဖြင့် ၎င်းအား ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စေခြင်း ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအတွက် အထောက် အထားကဘယ်မှာလဲ။ ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရခြင်း သည် ဂမ်ဘီယာနိုင်ငံက အဆိုပါကော်မတီကို ဖွဲ့စည်းရာတွင် အရေးပါသူ သို့မဟုတ် ကော်မတီ၏ အရေးယူဆောင်ရွက်မှုကို အဓိကပံ့ပိုးသူဖြစ်ခြင်းကြောင့်ဟု ယူဆလို့ မရနိုင်ပါဘူး။ တရားရုံးရှေ့တင်ပြချက်များသည် အမှန်အားဖြင့် မည်သူက မည်သည့်အဆိုပြုချက်ကို မည်သည့်အချိန်တွင် ပြုလုပ်ခဲ့သည် သို့မဟုတ် အားပေးထောက်ခံခဲ့သည်ဟူသော အချက်ကို အတိအကျ တင်ပြနိုင်ခြင်းမရှိပါဘူး။ ထိုသို့ဆောင်ရွက်နေ သည့်ကိစ္စကို မြန်မာနိုင်ငံက မသိနိုင်သလို ဂမ်ဘီယာနိုင်ငံက လည်း အသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။ အမှန်အားဖြင့် အမှုကိစ္စ အဓိကဆောင်ရွက်သူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသော် လည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သည့် Contact Group ကိုသော်လည်းကောင်း ထည့်သွင်းပါဝင်စေနိုင်သည် ဆိုသည့် ယူဆချက်များလည်းရှိပါတယ်။ အခြားစာရွက်စာတမ်း တွင် OIC က ဤအမှုကိုစွဲဆိုစေရန်အတွက် နိုင်ငံတစ်ခုကို ရှာဖွေ နေခဲ့ကြောင်း ပါရှိပါတယ်။
၃၂။ ဂမ်ဘီယာနိုင်ငံက OIC အဖွဲ့အစည်းမဟုတ်ဘဲ ၎င်းကသာ အမှုကို အလုံးစုံထိန်းချုပ်ညွှန်ကြားကြောင်း ဆက်လက်ရပ်တည် နေပါတယ်။ ယင်းရပ်တည်မှုအတွက် ဘာအထောက်အထားရှိပါ သလဲ။ တရားရုံးရှေ့တင်ပြချက်များက မည်သူက မည်သည့် ဆုံးဖြတ်ချက်ကို ချမှတ်နေကြောင်း ပြသနိုင်ခြင်း မရှိပါဘူး။ မိမိတို့အနေဖြင့် Provisional Measures အတွက် ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်အဖွဲ့၌ OIC အကြီးတန်းအရာရှိ သုံးဦးပါဝင်နေကြောင်း သိရှိထားပြီး ဂမ်ဘီယာနိုင်ငံ၏ အဆိုလွှာ ကို မတင်သွင်းမီ ရက်အနည်းငယ်အလိုတွင် OIC ကော်မတီတွင် တွေ့ဆုံဆွေးနွေးမှုရှိခဲ့ဟန် တူပါတယ်။ ဂမ်ဘီယာနိုင်ငံမှ OIC ကို အမှုတိုးတက်မှုအခြေအနေကို အကျဉ်းရုံးရှင်းပြခဲ့ကြောင်း မိမိတို့သိပါတယ်။ OIC ၏ မှတ်တမ်းတစ်ခုမှာ တရားဝင် ကိုယ်စားလှယ်ရွေးချယ်ရန်ကိစ္စကို ဂမ်ဘီယာနိုင်ငံ၏ လုပ်ပိုင်ခွင့် အဖြစ် ဖော်ပြထားပါတယ်။ သို့တိုင် အဆိုပါလုပ်ပိုင်ခွင့်ကို OIC အဖွဲ့အစည်းက အပ်နှင်းခဲ့ခြင်းမဟုတ်ဟု ပြောနိုင်ပါသလား။
၃၃။ နောက်ဆုံးအနေဖြင့် ဂမ်ဘီယာနိုင်ငံက OIC ထံမှ အထောက်အပံ့ ရှာဖွေရယူခြင်းသာဖြစ်ကြောင်း ဆိုပါတယ်။ သို့ရာတွင် ဂမ်ဘီယာနိုင်ငံကို ပေးနေသော အထောက်အပံ့များကို ဖော်ပြ သည့် စာရွက်စာတမ်းများတွင် မိမိရည်ညွှန်းဖော်ပြပြီးဖြစ်သော အခြားထုတ်ဖော်ပြောဆိုချက်အားလုံးနှင့် ဆန့်ကျင်ရန်မဆိုထား နှင့် ကွဲပြားမှုပင်မရှိသလောက် ဖြစ်နေပါတယ်။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းခင်ဗျာ၊
၃၄။ တရားရုံးရှေ့ ရောက်လာသောအမှုများတွင် လျှောက်ထားသူနိုင်ငံ က တတိယနိုင်ငံ၊ အဖွဲ့အစည်းအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခြင်း ဟုတ် မဟုတ်နှင့် စပ်လျဉ်းသည့် မေးခွန်း မရှိသလောက်ပင်ဖြစ်ပါတယ်။ သို့ရာတွင် အဆိုပါကိစ္စရှိခဲ့ပါက မဟုတ်မှန်ကြောင်း သက်သေပြရန် တာဝန်မှာ တရားပြိုင်အပေါ် တွင် မဟုတ်ဘဲ အမှုစွဲဆိုသည့် လျှောက်ထားသူ နိုင်ငံအပေါ်တွင် ရှိရမည် ဖြစ်ပါတယ်။
၃၅။ ဤကိစ္စတွင် တရားမျှတမှုရှိကြောင်း သိသာထင်ရှားသည့် အကြောင်းပြချက် လိုအပ်ပါ တယ်။ လျှောက်ထားတဲ့နိုင်ငံသာလျှင် ၎င်းနှင့် အခြားတတိယနိုင်ငံတို့အကြား ဆက်သွယ်ဆောင်ရွက်မှု အကြောင်းစုံကို အသေးစိတ်သိရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေဖြင့် ဂမ်ဘီယာနိုင်ငံနှင့် OIC အဖွဲ့အစည်းအကြား သော်လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် အခြား OIC အဖွဲ့ဝင် နိုင်ငံများအကြားသော်လည်းကောင်း ပြုလုပ်နေသည့် အပေး အယူဆက်ဆံမှု အသေးစိတ်ကို မသိရှိနိုင်ပါဘူး။ ဤကိစ္စကို ဂမ်ဘီယာနိုင်ငံက သိရှိပြီး သတင်းအချက်အလက်ထုတ်ဖော် ပြသရန် ပျက်ကွက်နေကြောင်း ထင်ရှားနေပါတယ်။
၃၆။ ထို့အပြင် မူသဘောအားဖြင့်ဆိုပါက တရားရုံးဥပဒေပြဋ္ဌာန်း ချက်များအရ အမှုတိုင်းတွင် အခြေခံကျသော စီရင်ပိုင်ခွင့်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန်လိုအပ်သည့် အချက်အလက် အထောက်အထားများကို ပြသရမည့်သူမှာ အမှုလျှောက်ထား သည့် နိုင်ငံသာဖြစ်ပါတယ်။ အမှုစွဲတင်စဉ်ကတည်းက အငြင်း ပွားမှုရှိကြောင်း သက်သေပြရန် တာဝန်ရှိသူမှာ အမှုစွဲဆိုသူ သာလျှင်ဖြစ်သည်မှာ အပြည့်အဝလက်ခံထားပြီး လုပ်ငန်းစဉ် ဖြစ်ပါတယ်။ အမှုလျှောက်ထားသူ အမှန်သည် မည်သူမည်ဝါ ဖြစ်သည်ဟူသောကိစ္စမှာ အကြောင်းခြင်းရာ ပြဿနာပင်ဖြစ် ပါတယ်။
၃၇။ သက်သေပြရန်တာဝန်သည် ဂမ်ဘီယာနိုင်ငံအပေါ်တွင် မရှိဘူး ဆိုလျှင်ပင် တရားရုံး အနေဖြင့် ဆက်စပ်အကြောင်းခြင်းရာများကို ဆုံးဖြတ်သည့်အခါ ရုံးရှေ့တင်ပြထားချက်အပေါ် အခြေခံ၍ ဆုံးဖြတ်ရန် လိုအပ်မှာဖြစ်ပါတယ်။
၃၈။ ဂမ်ဘီယာနိုင်ငံအနေဖြင့် ရုံးရှေ့တင်ပြချက်များ၏ မှန်ကန်မှု အပေါ် အငြင်းပွားခြင်းမရှိသလို ယင်းတွင်ပါဝင်သည့် သီးခြား ဖော်ပြချက်များကို ငြင်းဆိုခြင်း သို့မဟုတ် ရှင်းလင်းရန် တောင်းဆိုခြင်းမပြုခဲ့သည့်အပြင် ဆန့်ကျင်ဘက်သက်သေ အထောက်အထား တင်ပြခြင်းလည်း မပြုလုပ်ခဲ့ပါ။ အထောက် အထားတင်ပြထားခြင်းမရှိသော ဂမ်ဘီယာနိုင်ငံ၏ တိကျ ရှင်းလင်းမှုမရှိသည့် စွပ်စွဲတင်ပြချက်များကို တရားရုံးက ဆက်စပ်အကြောင်းခြင်းရာအဖြစ် မှတ်ယူအသုံးပြုနိုင်မည် မဟုတ်ပါ။
၃၉။ တရားရုံးရှေ့မှောက်တွင် OIC အဖွဲ့အစည်းက ၎င်းကိုယ်စား ယခုအမှုကို စွဲဆိုရန် ဂမ်ဘီယာနိုင်ငံကို တာဝန်ပေးထားသည်ဟု ဖော်ပြပါရှိသည့် ဂမ်ဘီယာနိုင်ငံနှင့် OIC ပင်မအဖွဲ့ကြီးတို့၏ တရားဝင်ထုတ်ပြန်ချက်များရှိပါတယ်။ ဤအချက်ကို အခြား စာရွက်စာတမ်းများစွာတွင်လည်း မီးမောင်းထိုးဖော်ပြထားပါ တယ်။ ယင်းအတွက် ဆန့်ကျင်ဘက် သက်သေအထောက် အထား တင်ပြထားခြင်းလည်းမရှိပါဘူး။ အမှုအား ယင်းအချက် အပေါ် အခြေခံပြီး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါတယ်။
ဥပဒေကြောင်းကိစ္စ
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊
၄၀။ ဥပဒေကြောင်းကိစ္စနှင့်စပ်လျဉ်း၍ တင်ပြလိုပါတယ်။
၄၁။ တရားရုံး၏ အငြင်းပွားမှုဆိုင်ရာစီရင်ပိုင်ခွင့်တွင် ကန့်သတ် ချက်ရှိသည်ဟူသောအချက်မှာ အခြေခံကျသည့်အချက် ဖြစ်ပါ တယ်။
၄၂။ ကန့်သတ်ချက်တစ်ခုမှာ နိုင်ငံများကသာ ရုံးရှေ့အမှုသည်များ အဖြစ် ပါဝင်ဆောင်ရွက်နိုင်သည်ဟူသော အချက်ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုအနေဖြင့် ဆောင်ရွက်ခွင့် မရှိသလို အစိုးရမဟုတ်သောအဖွဲ့အစည်း၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းများလည်း ဆောင်ရွက်ခွင့်မရှိပါဘူး။ ဤအမှုတွင် တိုက်ရိုက်ပေါ်ပေါက် သည့် မေးခွန်းတစ်ခုမှာ နိုင်ငံမဟုတ်သည့် အဖွဲ့အစည်းတစ်ခု သည် ၎င်းကိုယ်စား အမှုစွဲဆိုပေးရန် နိုင်ငံတစ်နိုင်ငံကို တာဝန် ပေးခြင်း သို့မဟုတ် ခန့်အပ်ခြင်းဖြင့် တရားရုံး၏ စီရင်ပိုင်ခွင့် ကန့်သတ်ချက်ကို ရှောင်တိမ်း၍ ရနိုင်လားဆိုသည့်ကိစ္စ ဖြစ်ပါ တယ်။
၄၃။ ဒုတိယကန့်သတ်ချက်မှာ တရားရုံးအနေဖြင့် အငြင်းပွားမှု ဆိုင်ရာအမှုများတွင် နှစ်ဖက်အမှုသည်များ၏ သဘောတူညီချက် ဖြင့်သာ စီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်သည်ဟူသောအချက် ဖြစ်ပါ တယ်။ ဥပမာ၊ နှစ်ဖက်နိုင်ငံများပါဝင်သည့် နိုင်ငံတကာစာချုပ် တစ်ခုပါ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်း စည်းကမ်းချက်အပိုဒ်တွင် ဖော်ပြသည့် သဘောတူညီချက်မျိုးဖြစ်ပါတယ်။ ဒါနဲ့ ဆက်စပ် သည့် မေးခွန်းတစ်ခုမှာ အဆိုပါ ကန့်သတ်ချက်ကိုရော အထက် တွင် ဖော်ပြသည့်နည်းဖြင့် ရှောင်ရှားနိုင်သလားဆိုသည့်ကိစ္စ ဖြစ်ပါတယ်။ ဥပမာ၊ နိုင်ငံ “က” သည် ဂျီနိုဆိုက် ကွန်ဗင်းရှင်း အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံဖြစ်ပြီး နိုင်ငံ “ခ” နှင့် နိုင်ငံ “ဂ” တို့မှာ ကွန်ဗင်းရှင်းကို ခြွင်းချက်ပြုလုပ်ထားခြင်းမရှိသည့် အဖွဲ့ဝင်နိုင်ငံ များဖြစ်သည်ဆိုပါစို့။ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံ “က” က ဂျီနိုဆိုက်ကွန်ဗင်းရှင်းအရ နိုင်ငံ “ခ” အပေါ် အမှုစွဲဆိုရန်အတွက် နိုင်ငံ “ဂ” ကို တာဝန်ပေးခြင်း သို့မဟုတ် ခန့်အပ်ခြင်းပြုနိုင်ပါ သလား။
၄၄။ ဤဒုတိယမေးခွန်းသည် လက်ရှိအမှုနှင့်စပ်ဆိုင်နေပါတယ်။ အဘယ်ကြောင့်ဆိုသော် OIC အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံအနက် ၂၀ နိုင်ငံသည် ဂျီနိုဆိုက်ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ မဟုတ်ကြပါဘူး။ ဒါမှမဟုတ် အဖွဲ့ဝင်ဖြစ်ပါက ဂျီနိုဆိုက်ကွန်ဗင်းရှင်းအပိုဒ် ၉ ကို ခြွင်းချက်ပြုထားကြပါတယ်။ ယင်းတို့အနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မလေးရှားနိုင်ငံ ၂ နိုင်ငံက OIC ကော်မတီတွင်ပါဝင်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ ဒီအမှုအတွက် ရန်ပုံငွေထက်ဝက် ကို ပံ့ပိုးထားသူများ ဖြစ်ကြပါတယ်။ အနည်းဆုံး သတင်းမီဒီယာ ဆောင်းပါးတစ်ခုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမှုစွဲဆိုရန် OIC ကို စည်းရုံးဆွဲဆောင်ရာ၌ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း ဆိုထားပါတယ်။
၄၅။ ထိုသို့သော မေးခွန်းများမှာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းအရ စွဲဆိုသည့် အမှုများအတွက်သာ မဟုတ်ပါဘူး။ အခြားနိုင်ငံတကာစာချုပ် များအရ စွဲဆိုသည့်အမှုများတွင်လည်း ဖြစ်ပေါ်နိုင်ပါတယ်၊ အထူးသဖြင့် အဆိုပါစာချုပ်တွင် အခြားသောစာချုပ်ဝင်နိုင်ငံများ အပေါ် စာချုပ်ဝင် တစ်နိုင်ငံချင်းက တာဝန်ရှိခြင်းကို အကြောင်း ပြု၍ အမှုစွဲဆိုခွင့်ပါရှိကြောင်း လျှောက်ထားသူတစ်ဦးဦးက တင်ပြသည့်အခါတွင် ဖြစ်ပေါ်နိုင်ပါတယ်။ သို့ဖြစ်၍ ဤသို့သော မေးခွန်းများသည် သဘာဝပတ်ဝန်းကျင်၊ စွမ်းအင် သို့မဟုတ် ကုန်သွယ်ရေးဥပဒေ၊ ပင်လယ်ရေကြောင်းဆိုင်ရာဥပဒေ သို့မဟုတ် နျူကလီးယားလက်နက်အပါအဝင် ဥပဒေနယ်ပယ် များစွာနှင့် ဆက်စပ်သည့် နိုင်ငံတကာစာချုပ်များအရ စွဲဆို သည့်အမှုများတွင် ဖြစ်ပေါ်နိုင်ပါတယ်။
၄၆။ ဤမေးခွန်းနှင့်စပ်လျဉ်း၍ တင်ပြရမည်ဆိုပါက လျှောက်ထားသူ အစစ်အမှန်မှာ ၎င်းအား ကိုယ်စားပြုစွဲဆိုပေးရန်ခိုင်းစေထားသည့် တတိယနိုင်ငံအဖွဲ့အစည်းဖြစ်ပြီး ကိုယ်စားလှယ် Proxy နိုင်ငံဆိုသည်မှာ ယင်းတတိယနိုင်ငံ အဖွဲ့အစည်းကို ကိုယ်စားပြု စွဲဆိုပေးသည့် နိုင်ငံဖြစ်သည်လို့ မိမိရည်ညွှန်းလိုပါတယ်။
၄၇။ ယခု စောဒကတက်နိုင်သည်မှာ ကြားခံကိုယ်စားလှယ်နိုင်ငံ အနေဖြင့် ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားရရှိမှုမရှိဘဲ အခြားသူ အတွက် အမှုစွဲဆိုပေးခြင်းဖြင့် ဒုက္ခရှာလိမ့်မည် မဟုတ်ဟူသော အချက်ဖြစ်ပါတယ်။ သို့ရာတွင် ထိုသို့မှတ်ယူ၍မရပါ။ သီအိုရီ အားဖြင့် ကြားခံ ကိုယ်စားလှယ်နိုင်ငံတွင် ရည်ရွယ်ချက်များစွာ ရှိနေနိုင်ပါတယ်။ ဥပမာ၊ အမှန်တကယ်အမှုလျှောက်ထားသူ အတွက် နိုင်ငံရေးအကျိုးအမြတ်ရရှိရေး ဆောင်ရွက်ပေးခြင်းဖြင့် အပြန်အလှန်အကျိုးပြုမှု ပြန်လည်ရရှိရေးအတွက် ဖြစ်နိုင်ပါ တယ်။ လျှောက်ထားသူအမှန်က အမှုစွဲဆိုပေးခြင်းအတွက် ကိုယ်စားလှယ်နိုင်ငံကို ငွေကြေးပေးချေရနိုင်ပါတယ်။ မည်သည့် အခြေအနေတွင်မဆို ဂမ်ဘီယာနိုင်ငံက ပြောဆိုသည့်အတိုင်း တရားစွဲဆိုရတဲ့ ရည်ရွယ်ချက်များသည် စီရင်ပိုင်ခွင့်ရှိ မရှိ ကိစ္စ နှင့် စပ်ဆိုင်မှုမရှိဟု အသိအမှတ်ပြုထားခြင်းဖြစ်ပါတယ်။
၄၈။ မည်သည့်ရည်ရွယ်ချက်မျိုးရှိစေကာမူ အခြေအနေသည် အောက်ပါအတိုင်း ဖြစ်ရမည်ဖြစ်ပါတယ်။ တတိယပုဂ္ဂိုလ် အဖွဲ့ အစည်းသည် နိုင်ငံတစ်နိုင်ငံမဟုတ်ခြင်းကြောင့်ဖြစ်စေ၊ အမှု စွဲဆိုခံရမည့်နိုင်ငံနှင့် ၎င်းအကြား အမှုစီရင်ခွင့်နှင့်စပ်လျဉ်း၍ အပြန်အလှန်လက်ခံထားမှုမရှိခြင်းကြောင့်ဖြစ်စေ ၎င်း ကိုယ်တိုင် အမှုမစွဲဆိုနိုင်သည့်ကိစ္စတွင် ကိုယ်စားလှယ်ကို အမှု စွဲဆိုစေခြင်းဖြင့် တရားရုံး၏ စီရင်ပိုင်ခွင့်ကန့်သတ်ချက်ကို ရှောင်ရှား၍ မရနိုင်ပါဘူး။
၄၉။ သဘောရိုးဖြင့်ဆောင်ရွက်ခြင်းနှင့် အကျိုးသက်ရောက်မှုဆိုင်ရာ နိုင်ငံတကာဥပဒေမူသဘောအရ ဤသို့ကောက်ချက်ချရန် ဖြစ်ပါတယ်။ တရားရုံး၏စီရင်ပိုင်ခွင့်ကို ယင်းတရားရုံး၏ ဥပဒေ အရ ဆုံးဖြတ်ရမှာဖြစ်ပြီး ယင်းဥပဒေမှာ နိုင်ငံတကာစာချုပ် ဖြစ်ပါတယ်။ နိုင်ငံတကာစာချုပ်ဆိုင်ရာဥပဒေတွင် သဘောရိုး ဖြင့် ဆောင်ရွက်ခြင်းနှင့် အကျိုးသက်ရောက်မှုဆိုင်ရာ မူသဘော အခိုင်အမာရှိထားပြီး ယေဘုယျအားဖြင့် နိုင်ငံတကာဥပဒေ၏ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ ကြားခံကိုယ်စားလှယ် နိုင်ငံကို အသုံးပြုခြင်းဖြင့် တရားရုံး၏စီရင်ပိုင်ခွင့်ကို ကန့်သတ် သည့် ဥပဒေပြဋ္ဌာန်းချက်များကို ကျော်လွှားရှောင်ရှားမည်ဆို ပါက ထိုဥပဒေပြဋ္ဌာန်းချက်များ၏ အကျိုးသက်ရောက်မှုမှာ အားနည်းသွားမှာဖြစ်ပါတယ်။
၅၀။ ရှေ့က မိမိပေးခဲ့သည့်ဥပမာအရ ဂျီနိုဆိုက်ကွန်ဗင်းရှင်း အဖွဲ့ဝင် မဟုတ်သည့်နိုင်ငံ “က” အပေါ် မည်သည့်အမှုမျှ စွဲတင်ခွင့် မရှိချိန်တွင် နိုင်ငံ “က” သည် နိုင်ငံ “ဂ” ကို ကိုယ်စားလှယ် အဖြစ်အသုံးချ၍ နိုင်ငံ “ခ” အပေါ် ကွန်ဗင်းရှင်းအရ အမှုစွဲနိုင် သလိုဖြစ်နေပါတယ်။ ဤသဘောသည် အပြန်အလှန်ပြုမူ ဆောင်ရွက်ခြင်းမူသဘောနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေ ပါတယ်။ တရားရုံး၏စီရင်ပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များအား ယင်းတို့၏ ရည်ရွယ်ချက်အမှန်ကိုကြည့်၍ အဓိပ္ပာယ်ဖွင့်ဆိုမည် ဆိုပါက အထက်တွင်ဖော်ပြသည့် အမှုစွဲဆိုခြင်းနည်းကို ခွင့်ပြု၍ မရပါဘူး။
၅၁။ ဒါ့အပြင် လျှောက်ထားသူနိုင်ငံသည် အခြားသူအတွက် ဆောင်ရွက်ပေးခြင်း ဟုတ် မဟုတ်ဆိုသည့် ပြဿနာသည် လုပ်ထုံးလုပ်နည်းဆိုင်ရာပြဿနာမျှသာမဟုတ်ဘဲ အကြောင်း ခြင်းရာ ပြဿနာ၊ အမှု၏ အဓိကအကြောင်းအရာနှင့် သက်ဆိုင် သည့် ပြဿနာဖြစ်ပါတယ်။ လျှောက်ထားသူသည် အမှန် တကယ် အခြားသူအတွက် ဆောင်ရွက်ခြင်းဖြစ်သည်မှန်လျှင် နိုင်ငံတကာဥပဒေ သို့မဟုတ် ပြည်တွင်းဥပဒေအရ ချုပ်ဆိုသည့် ကိုယ်စားပြုခွင့်ဆိုင်ရာ သဘောတူညီချက်ကဲ့သို့သော ကြားခံ ကိုယ်စားပြုသည့် နိုင်ငံနှင့် အမှန်စွဲဆိုသူနိုင်ငံတို့အကြား ဥပဒေ ကြောင်းအရ စည်းနှောင်မှုရှိသည့် ဆက်နွှယ်မှု ရှိ မရှိ သို့မဟုတ် အမှန်စွဲဆိုသူက ကိုယ်စားပြုဆောင်ရွက်သူကို အတင်းအကျပ် ဆောင်ရွက်စေရန် ဥပဒေအရလုပ်ပိုင်ခွင့် ရှိ မရှိ ကိစ္စမှာ အရေးပါ သည့်ကိစ္စမဟုတ်ပါ။ ထိုအခြေအနေများရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မိမိရည်ညွှန်းဖော်ပြခဲ့သည့် မူသဘောတရားများ၏ သက်ရောက်မှုအတူတူပင် ဖြစ်ပါတယ်။ မည်သို့ဆိုစေကာမူ ယခုအမှု၌ ဂမ်ဘီယာနိုင်ငံအနေဖြင့် OIC ၏ အဖွဲ့အစည်းတစ်ခု အဖြစ် သို့မဟုတ် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည်ဟု ကောက်ချက်ချနိုင်သည့် အကြောင်းရင်းများရှိပါတယ်။
၅၂။ ထို့ပြင် လျှောက်ထားသူသည် အမှန်တကယ် အခြားသူအတွက် ဆောင်ရွက်ခြင်းဖြစ်သည်မှန်လျှင် အမှုကို ဆောင်ရွက်ရန် နည်းလမ်းနှင့်စပ်လျဉ်း၍ အမှန်တကယ်အမှုလျှောက်ထားသူ က ၎င်း၏ကိုယ်စားလှယ်ကို ကိုယ်ပိုင်ချင့်ချိန်ဆုံးဖြတ်ပိုင်ခွင့် ပေးထားရုံမျှဖြင့် ကိုယ်စားပြုဆောင်ရွက်ပါသည်ဟူသော အချက်ကို ပြောင်းလဲပစ်နိုင်မည်မဟုတ်ပါ။
၅၃။ ကိုယ်တိုင်အမှုမစွဲဆိုနိုင်သည့် တတိယပုဂ္ဂိုလ်အဖွဲ့အစည်း အတွက် ကိုယ်စားလှယ်အဖြစ် အမှုစွဲဆိုပေးခြင်းအား အမှု ဖြစ်စဉ်ကို အလွဲသုံးစားပြုခြင်းဟု မှတ်ယူနိုင်ပါတယ်။ အမှုစွဲဆို ခွင့် မရှိသူတစ်ဦးက တရားရုံးကို အသုံးပြုလာနိုင်ရေးအတွက် နိုင်ငံတစ်ခုက ၎င်း၏ အမှုစွဲဆိုခွင့်ကို အသုံးပြုသည့်ကိစ္စသည် လုပ်ထုံးလုပ်နည်းဆိုင်ရာ အခွင့်အရေးအပ်နှင်းခံရသည့် နိုင်ငံ များနှင့် မသက်ဆိုင်သည့် ရည်ရွယ်ချက်အတွက် အသုံးပြုခြင်း မဟုတ်ပါဟု မည်သို့ ဆိုနိုင်ပါမည်နည်း။ ယင်းကို အမှုဖြစ်စဉ်အား အလွဲသုံးစားပြုခြင်းအဖြစ် မှတ်ယူသည်ဖြစ်စေ၊ မမှတ်ယူသည် ဖြစ်စေ အပြန်အလှန်ပြုမူဆောင်ရွက်ခြင်း၊ ရိုးဖြောင့်သော သဘောရှိခြင်းနှင့် စာချုပ်အကျိုးသက်ရောက်မှုဆိုင်ရာ သဘော တရားများသည် ထိုကဲ့သို့သော အလေ့အထတစ်ခု မည်သည့် အခြေအနေတွင်မဆို တားဆီးရမှာဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ၊
၅၄။ ဥပဒေကြောင်းကိစ္စနှင့်စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံက မည်သို့ ဆိုထားပါသလဲ။
၅၅။ ဂမ်ဘီယာနိုင်ငံအနေဖြင့် ယင်းပြဿနာနှင့်စပ်လျဉ်း၍ ရှင်းလင်း ထားခြင်း မရှိပါ။
၅၆။ ၎င်းသည် အမှုလျှောက်ထားလွှာပါ လျှောက်ထားသူဖြစ်ကြောင်း နှင့် အမှုစွဲဆိုရန်အတွက် လိုအပ်သည့် စီရင်ပိုင်ခွင့်ဆိုင်ရာကိစ္စ ရပ်အားလုံး ပြီးပြည့်စုံကြောင်းသာပြောပါတယ်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပထမအကြိမ် ကန့်ကွက်လွှာ ကို ပိတ်ပင်ထားပြီး ဖြစ်သည်ဟုလည်း ဆိုထားပါတယ်။ မည်သို့ ဖြစ်ကြောင်းကိုတော့ ရှင်းလင်းထားခြင်းမရှိပါဘူး။ ဂမ်ဘီယာ နိုင်ငံအနေဖြင့် အမှုစွဲဆိုခွင့်မရှိသူ မည်သူမဆို ကိုယ်စားလှယ် မှ တစ်ဆင့် ဆောင်ရွက်နိုင်ခွင့် အမြဲရှိသည်ဟု ယူဆပုံရပါတယ်။ ထိုသို့ဆိုလျှင် ဂမ်ဘီယာနိုင်ငံ၏ပြောဆိုချက်ကို ငြင်းချက် ထုတ်ရန်မလိုသလို မြန်မာနိုင်ငံ၏ ငြင်းချက်ကို ချေပရန်မလို သကဲ့သို့ ဖြစ်စေပါတယ်။
၅၇။ ဂမ်ဘီယာနိုင်ငံက လျှောက်လွှာတွင် ၎င်း၏ကိုယ်စားလှယ်သည် ဂမ်ဘီယာနိုင်ငံ အမည်ဖြင့် သို့မဟုတ် ဂမ်ဘီယာနိုင်ငံကိုယ်စား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆိုပါတယ်။ သို့ရာတွင် အဆိုပါကိုယ်စားလှယ်သည် ဂမ်ဘီယာနိုင်ငံအတွက် ဆောင်ရွက်ခြင်းမှန်လျှင်ပင် ယင်းဖော်ပြချက်သည် ဂမ်ဘီယာ နိုင်ငံအနေဖြင့် OIC အဖွဲ့အစည်းကိုယ်စား ဆောင်ရွက်နေခြင်း ဟုတ် မဟုတ်ဟူသော ပြဿနာကို ပြေလည်စေနိုင်မည်မဟုတ် ပါ။
၅၈။ နိုင်ငံတစ်နိုင်ငံ၏ အမှုစွဲဆိုရန် အရင်းခံအကြောင်းများသည် စီရင်ပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်မှုမရှိဟူသော သဘောတရားကို ဂမ်ဘီယာနိုင်ငံက ညွှန်းဆိုထားပါတယ်။ အမှန်အားဖြင့် ဖော်ပြပါသဘောတရားများနှင့် အကျုံးဝင်သည့် ယခင်အမှုများတွင် လက်ရှိ မိမိတို့ပြောနေသည့် ပြဿနာမျိုး မရှိပါ။ ယခုကိစ္စမှာ စီရင်ပိုင်ခွင့်နှင့်အမှုလက်ခံနိုင်ခွင့်ကို အဆုံး အဖြတ်ပေးရန်အတွက် မည်သူ့အား အစစ်အမှန် လျှောက်ထား သူဟု မှတ်ယူရမည်ကို ရှင်းလင်းစေရန်ဖြစ်ပါတယ်။ မည်သူ၏ တိုက်တွန်းမှုကြောင့် သို့မဟုတ် မည်သူ့အတွက်ကြောင့် ပြုလုပ် သည်နှင့် သက်ဆိုင်ခြင်းမရှိပါ။
၅၉။ ထို့ပြင် ဂမ်ဘီယာနိုင်ငံက ၎င်းနှင့် မြန်မာနိုင်ငံအကြား အမှုစွဲတင် သည့်အချိန်က အငြင်းပွားမှုရှိကြောင်း ပြောထားပါတယ်။ ထို အချက်ကို မြန်မာနိုင်ငံ၏ ပဏာမကန့်ကွက်လွှာ စတုတ္ထအချက် တွင် တင်ပြမည်ဖြစ်ပါတယ်။ သို့ရာတွင် မည်သည့်အဆင့်တွင်မဆို လျှောက်ထားသူသည် အခြားတတိယပုဂ္ဂိုလ်အဖွဲ့အစည်း၏ ကိုယ်စားလှယ်အဖြစ်စွဲဆိုခြင်းဖြစ်ကြောင်း ပေါ်ပေါက်သည့် အခါ အဆိုပါကိုယ်စားလှယ်နှင့် လျှောက်ထားခံရသူအကြား ဖြစ်ပွားသည့် အငြင်းပွားမှု ရှိ မရှိ ကိစ္စများတွင် အပြန်အလှန် ပြုမူဆောင်ရွက်ခြင်း၊ သဘောရိုးဖြင့် ဆောင်ရွက်ခြင်းနှင့် အကျိုး သက်ရောက်မှုရှိခြင်းဆိုင်ရာမူသဘောများသည် အလားတူ ရှိမြဲ ရှိနေမည်ဖြစ်ပါတယ်။
နိဂုံး
ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများ ခင်ဗျာ၊
၆၀။ ပဏာမကန့်ကွက်လွှာ ပထမအချက်အပေါ် မိမိ၏ တင်ပြချက် ကို ဤမျှဖြင့် အဆုံးသတ်လိုပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ဆက်စပ်အကြောင်းခြင်းရာများ ရှင်းရှင်းလင်းလင်းရှိကြောင်း ဆိုထားပြီးဖြစ်ပါတယ်။ ဥပဒေအရဆိုလျှင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုက တရားရုံးသို့ အမှုစွဲဆိုရန်အလို့ငှာ နိုင်ငံ တစ်နိုင်ငံကို အမှုလျှောက်ထားသူကိုယ်စားလှယ်အဖြစ် အသုံး ပြုရန် မဖြစ်နိုင်ပါ။ အဆိုပါအချက်ကို ဂမ်ဘီယာနိုင်ငံဘက်မှ ကြီးကြီးမားမား တုံ့ပြန်ထားခြင်းမရှိပါ။ ဤအမှုသည် ဖော်ပြပါ ပြဿနာမျိုးပေါ်ပေါက်သည့် ပထမဆုံးအမှုဖြစ်နိုင်ပါတယ်။ သို့ရာတွင် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ကျန်အမှု သည် နောက်ဆုံးကိစ္စဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မည်။ ဤအမှုက အရေးပါသည့်စီရင်ထုံးတစ်ခုကို ဖြစ်ပေါ်စေမည်ဖြစ်ပါတယ်။
၆၁။ စိတ်ပါဝင်စားစွာ နားထောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါတယ်။ ဥက္ကဋ္ဌခင်ဗျာ၊ ဆက်လက်၍ ပဏာမကန့်ကွက်လွှာ ဒုတိယအချက်ကို တင်ပြပေးဖို့ မြန်မာနိုင်ငံ၏ ရှေ့နေ Professor Talmon ကို လျှောက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
*************