
စာချစ်သူ
ပညာနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိသည်။ ပညာဟူသည့် ဝေါဟာရနှင့် စပ်လျဉ်း၍ “ပ” ကို အထူးထူးအပြားပြား၊ “ညာ”ကို သိခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုချက်လည်းရှိသည်။
စာပေကျမ်းဂန်လာအတိုင်း ပညာရပ်တို့ ကလည်း အထူးထူးအပြားပြား များပြားလှသည်။ ဝိဇ္ဇာပညာ၊ သိပ္ပံနှင့်နည်းပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာ၊ လက်မှုပညာ၊ စာပေ၊ ဂီတ၊ ရုပ်ရှင် စသည့် အနုသုခုမပညာ စသဖြင့် ဘာသာရပ်ဆိုင်ရာ ပညာရပ်များက မရေ မတွက်နိုင်အောင် များပြားလှသည်။ ခြုံငုံဆိုရသော် အသိပညာ၊ အတတ်ပညာနှင့် လောကီ၊ လောကုတ္တရာပညာတို့ဟုသာ ဆိုရပါမည်။
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသက “ပညာဆိုတာ ဘာလဲ - လုပ်သင့်တာ၊ မလုပ်သင့်တာကို ခွဲခြားသိတယ်။ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိ တယ်။ အခွင့်ကောင်းကြုံတယ်၊ မကြုံဘူး။ အခွင့် ကောင်းရှိရင် ဘာလုပ်သင့်လဲဆိုတာသိတဲ့ ပညာ သည်သာလျှင် တကယ့်ရတနာအစစ်ပါ။ ဒါကြောင့် မို့လို့ မြတ်စွာဘုရားက ရတနာအစစ်ဆိုတာ စိန်တွေ၊ ရွှေတွေ၊ ပတ္တမြားတွေမဟုတ်ဘူး။ ‘ပညာ နရာနံ ရတနံ’ ၊ ‘အသိပညာသည်သာ လူရဲ့ရတနာ’ လို့ဆိုတယ်” ဟူ၍ ဟောကြားတော်မူခဲ့သည်။
မိလိန္ဒပဉှာတွင် ပညာ၏လက္ခဏာနှင့် စပ်လျဉ်း၍ “ပညာသည်ပိုင်းဖြတ်ခြင်း၊ ထွန်းလင်း တောက်ပခြင်း လက္ခဏာရှိသည်။ ဥပမာအားဖြင့် ယောကျ်ားတစ်ယောက်သည် မိုက်မှောင်သော အိမ်ထဲ၌ ဆီမီးထွန်းညှိလိုက်ရာ ဆီမီးသည် အမိုက်မှောင်ကို တိုက်ထုတ်၏။ အလင်းရောင်ကို တောက်ပြောင်စေ၏။ ထိုအလင်းရောင်ဖြင့် အိမ်ထဲရှိ အရာဝတ္ထုတို့၏ အဆင်းအရောင်တို့ကို ထင်ထင်ရှားရှား သိမြင်လာရာ၏။ ထို့အတူသာပင် ပညာဖြစ် ပေါ်လာလတ်သော အဝိဇ္ဇာအမှောင်တိုက် ကို တိုက်ထုတ်ဖျက်ဆီး၏။ ဝိဇ္ဇာဉာဏ်အလင်း ရောင်ထွန်းပြောင်လာ၏။ အရိယာသစ္စာတို့ကို သိမြင်လာ၏”ဟူ၍ ဖော်ပြထားသည်။
ပညာသည်အတိုင်းအဆမထင်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကမူ “ပညာဆိုသည်မှာ စာအုပ်စာတမ်း ကို ဖတ်၍ စာသိမျှကို ပညာဟုမဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြောနက်နဲလှပေ သည်။ ကမ္ဘာရှိစာအုပ်အားလုံးပင်လျှင် ပညာ အားလုံးကို ဖော်ပြခြင်းငှာ မတတ်နိုင်ပေ။ ပညာ အားလုံးကို လောကပြင်ကျယ်တည်းဟူသော အကြီးဆုံးကျောင်း၌သာ တွေ့ရှိနိုင်လေသည်။ ထိုလောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ ပညာသင်သားများဖြစ်နေကြ ပေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန် စင်စစ်အားဖြင့် လူ၏တစ်သက်ပန်တွင် ကုန်ဆုံး သည်ဟုပင် မဆိုနိုင်ပေ။
ပညာသည် စာအုပ်များထဲ၌သာ ရှိသည် မဟုတ်၊ စာအုပ်များကိုကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဉာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံမဟုတ် လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒ အား လုပ်အားကို နူးညွတ်စေရမည်။ ထက်ကောင်းကင် ကြယ်တာရာများသို့ တက်စွမ်းနိုင်စေရမည်။ ရာဇဝင် သိရုံသာမဟုတ် ရာဇဝင်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကိုသိရုံမဟုတ် လောကဓာတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပထဝီဝင်ပညာကို သိရုံသာမဟုတ် မြေသစ်၊ ရေသစ်၊ တောတောင်သစ်ကို ရှာဖွေစူးစမ်းနိုင်စွမ်းရှိစေရမည်။ လောကအကြောင်း ကို နားလည်စေရုံသာမဟုတ် သည်ထက်ကောင်း သော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏သရုပ်အကျဉ်းမျှပင်တည်း” စသဖြင့် ပညာ၏ သဘောသဘာဝနှင့်ပတ်သက်၍ သုံးသပ်ရေးသား ခဲ့ပါသည်။
ပညာခေတ်
ယနေ့မျက်မှောက်ခေတ်ကို ပညာခေတ်ဟုဆိုကြ သည်။ နိုင်ငံတိုင်းသည် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြိုင်အဆိုင်တီထွင်ကြံဆ ကြိုးပမ်း လုပ်ဆောင်နေကြရသည်။ ပညာခေတ်တွင် ပညာရှင် များ၏အခန်းကဏ္ဍသည် များစွာအရေးပါလာသည်။ ပညာရှင်များ စဉ်ဆက်မပြတ် ထွက်ပေါ်လာရေး အတွက် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျမွေးမြူ၊ မွေးထုတ်လျက်ရှိကြသည်။
အလေးထားလမ်းဖွင့်ပေးခဲ့
အိမ်နီးချင်းတရုတ်ပြည်ကြီး၏ တိုးတက် ပြောင်းလဲမှုအဆင့်ဆင့်ကို လေ့လာအကဲခတ်ကြည့် လျှင် ဆဝါးသိမြင်နိုင်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များ တွင် “ပန်းပေါင်းတစ်ရာ ပွင့်ပါစေ၊ ပညာရှင်တိုင်း ငြင်းခုံကြပါစေ”ဟု ဥက္ကဋ္ဌကြီးမော် (မော်စီတုန်း)က ကြွေးကြော်ပြီး ပညာရှင်များ၏အခန်းကဏ္ဍကို အလေးထားလမ်းဖွင့်ပေးခဲ့သည်။
သို့ရာတွင် ၁၉၅၈ ခုနှစ်က ပြုလုပ်ခဲ့သည့် စီးပွားရေး အရ “ရှေ့သို့ ခုန်ပျံကျော်လွှားရေးလှုပ်ရှားမှု” နှင့် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်းက ဖြစ်ပွားခဲ့သောမော်၏ “မဟာယဉ်ကျေးမှုတော်လှန်ရေး” တို့ကြောင့် တရုတ် ပြည်ကြီးသည်လည်း ဒုဗ္ဘိက္ခန္တရကပ်ဘေးကြီး ဆိုက်ရောက်ခဲ့သလို ပန်းပေါင်းများစွာသည်လည်း ညှိုးနွမ်းကြေမွသွားခဲ့ရသည်။
တိန့်ရှောင်ဖိန်ခေတ်တွင် တိန့်သည် “သိပ္ပံနှင့် နည်းပညာသည် ပထမတန်းစား ကုန်ထုတ်စွမ်းအားစု ဖြစ်သည်၊ ပညာရေးသည်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် နှစ်တစ်ရာ ရေရှည်စီမံကိန်းဖြစ်သည်”ဟုယူဆပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်၏မဟာဗျူဟာ အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့၍ တရုတ်ပြည်၏ ပညာရေးအဆင့်အတန်းသည် တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာသည်။ သိပ္ပံနှင့် နည်းပညာထူးချွန်သူအမြောက်အမြားကိုလည်း မွေးမြူနိုင်ခဲ့သည်။
၂၀၀၀ ပြည့်လွန်ကာလများ အရောက်တွင်မူ တရုတ်ပြည်၏ သိပ္ပံနှင့်နည်းပညာရှင် လူအင်အား အရင်းအမြစ်မှာ စုစုပေါင်း ၄၂ ဒသမ ၄၆ သန်းရှိလာပြီး အမေရိကန် ၄၂ သန်း ထက်ပိုများလာသည်။ အီးယူ၏ ၅၄ သန်းနှင့် နှိုင်းယှဉ်လျှင် နည်းပါးသော်လည်း တစ်နိုင်ငံချင်းစာရင်းအရမူ ကမ္ဘာ့နံပါတ်တစ်အဆင့် ရောက်ရှိသွားခဲ့သည်။
မရှိမဖြစ်အင်အားစုတစ်ခုဖြစ်လာ
ပညာတော်သင်များစေလွှတ်ရေးသည်လည်း တရုတ်ပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးစေ့ဆော်ပေးသည့် မရှိမဖြစ်အင်အားစုတစ်ခုဖြစ်လာသည်။ အမေရိကန်၊ အင်္ဂလန်နှင့် ဂျပန်နိုင်ငံတို့သို့ သွားရောက်ပညာသင်ယူကြသည့် ပညာတော်သင်အရေအတွက်က အများဆုံးဖြစ် သည်။ ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် တရုတ်ပြည် ပြည်မကြီးမှ နှစ်စဉ်ပျမ်းမျှ နှစ်သောင်းကျော် တိုင်းတစ်ပါးသို့ ပညာတော်သင်သွားရောက်ခဲ့ ကြရာမှ ၁၉၉၇ ခုနှစ်တွင်မူ လေးသိန်းအထိဖြစ် သွားသည်။
ယခင်က ပညာတော်သင်လေးဦးတွင် တစ်ဦး နှုန်းသာ မိခင်နိုင်ငံသို့ပြန်လာပြီး အလုပ်အကျွေးပြု သော်လည်း ၂၀၀၉ ခုနှစ်မှစ၍ တိုင်းပြည်သို့ပြန်လာ သည့် ပညာတော်သင်အရေအတွက်မှာ တစ်သိန်း ကျော်အထိရှိလာပြီး နှစ်စဉ်တိုးတက်လာသည်။ တိုင်းတစ်ပါးတွင် အလုပ်အကိုင်ရှိနေကြသည့် သိပ္ပံ ပညာရှင်များအပါအဝင် အထက်တန်းမန်နေဂျာ အများအပြားကိုလည်း စီးပွားရေးတစ်ဟုန်ထိုး တိုးတက်နေသော အခွင့်အလမ်းများကိုပြပြီး ဆွဲဆောင်ခဲ့သည်။
စီမံကိန်းအများအပြား
ထို့ပြင် တိန့်ရှောင်ဖိန်ခေတ်တွင် တရုတ်ပြည် သည် မီးပွားစီမံကိန်း(တရုတ်ပြည်၏ ပထမဆုံး အကြိမ် သိပ္ပံနှင့်နည်းပညာအပေါ် မှီခိုအားထားပြီး ကျေးလက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို တွန်း အားပေးလှုံ့ဆော်ပေးသည့်စီမံကိန်း)၊ မီးရှူးတိုင် စီမံကိန်း (တရုတ်ပြည်အဆင့်မြင့်နည်းပညာသစ် စက်မှုလုပ်ငန်း၏ ရှေ့ဆောင်မှုအခန်းဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနှင့် သိပ္ပံနှင့်နည်းပညာ အသီး အပွင့်များကို စီးပွားရေးဆန်ရေး၊ စက်မှုလုပ်ငန်း ဆန်ရေး၊ နိုင်ငံတကာဆန်ရေးတို့ကို ရည်မှန်းချက် ပန်းတိုင်အဖြစ် ထားရှိအကောင်အထည်ဖော် ဆောင်ရွက်ရေး)၊ ၈၆၃ စီမံကိန်း(တရုတ်ပြည် အဆင့်မြင့်နည်းပညာ စူးစမ်းလေ့လာမှုဖွံ့ဖြိုးတိုးတက်ရေး) အပါအဝင် သိပ္ပံနှင့် နည်းပညာစူးစမ်း လေ့လာရေးစီမံကိန်းအများအပြားကို အဆက် မပြတ် ချမှတ်လုပ်ဆောင်ခဲ့သည်။
စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက် ခြင်း၏ အကျိုးဆက်အဖြစ် ခရီးရှည်ချီတက်ခြင်း (Long March) အမည်နှင့် သယ်ဆောင်ဒုံးပျံ (carrier rocket)များ တသီတတန်းလွှတ်တင် နိုင်ခဲ့ခြင်း၊ အထွက်ကောင်းသည့် မျိုးကူးစပ်စပါး (hybrid rice)၊ အဆင့်မြင့်ကွန်ပျူတာ စသည့် သိပ္ပံနှင့်နည်းပညာ အသီးအပွင့်များ၊ အဆင့်မြင့်နည်း ပညာသစ်စက်မှုလုပ်ငန်း အမြောက်အမြား တစ်ဟုန်ထိုး ပေါ်ထွန်းလာသည်။
ဖြေရှင်းနိုင်ခဲ့
“လက်ထဲမှာ ရိက္ခာရှိနေရင် စိတ်ထဲမှာ ဘာမှ ထိတ်ထိတ်ပြာပြာမဖြစ်ဘူး” ဆိုသည့် စကားအတိုင်း တရုတ်ပြည်သည် သန်း ၁၃၀၀ ကျော်ရှိသော ပြည်သူတို့၏စားဝတ်နေရေးကို သိပ္ပံနှင့်နည်းပညာ အကူအညီဖြင့်ပင် ဖြေရှင်းနိုင်ခဲ့သည်။ ယခင်က ရိက္ခာမဖူလုံမှုကြောင့် ကုလသမဂ္ဂက တရုတ်ပြည် ကို ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFO)ဖြင့် ၂၆ နှစ်တိုင်တိုင် ကူညီပံ့ပိုးပေးခဲ့ရသည်။
တရုတ်ပြည်၏ ရိက္ခာအခက်အခဲကို ကူညီ ဖြေရှင်းဆောင်ရွက်ပေးခဲ့သူမှာ လယ်ယာလုပ်ငန်း ဆိုင်ရာ သိပ္ပံနှင့်နည်းပညာရှင် ယွင်လုံဖိန်ဖြစ်သည်။ ယွင်လုံဖိန်သည် ၁၉၆၄ ခုနှစ်မှ စတင်ပြီး စပါးမျိုး ကူးစပ်ပေးခြင်း(hybrid rice)ကို စူးစမ်းလေ့လာ ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် စူးစမ်းလေ့လာမှု အောင်မြင်ပြီး တစ်မျိုးနှင့်တစ်မျိုး ကူးစပ်ပေးထား သည့် ကပြားစပါးမျိုးစေ့စိုက်ပျိုးရေးနည်းပညာ ပေါ်ထွက်လာသည်။
၁၉၉၅ ခုနှစ် ဩဂုတ်လတွင် ယွင်လုံဖိန်သည် ဆက်စပ်မှုနှစ်နည်းနှင့် စပါးမျိုးကူးစပ်ပေးထား သည့် ကပြားစပါး မျိုးစေ့ရအောင် ကိုးနှစ်ကြာ စူးစမ်းလေ့လာခဲ့သည်။ ယွင်လုံဖိန်၏ ကပြားစပါး အကျိုးဖြစ်ထွန်းမှု (သီးပွားမှု)နှုန်းမှာ ၉၅ ရာခိုင် နှုန်းကျော်အထိရှိ ခဲ့ပြီး သမားရိုးကျ စပါးမျိုးစေ့ ထက်အထွက် ၂၀ ရာခိုင်နှုန်းနီးနီး ပိုထွက် ခဲ့သည်။ ထို့ကြောင့် တရုတ်လယ်သမားတစ်ဦးက “ထမင်း စားရရေး ပြဿနာပြေလည်ရေးအတွက် ကျုပ်တို့ဟာ ဖိန်နှစ်ယောက်အပေါ် မှီခိုနေရ တယ်။ ပထမတိန့်ရှောင်ဖိန် (ကုန်ထုတ်လုပ်ရေးကို မိသားစုအလိုက် ကန်ထရိုက်ယူ တာဝန်ခံလုပ်ကိုင် သည့် စနစ်)ကို မှီခိုရပါတယ်။ ဒုတိယအားဖြင့် ယွင်လုံဖိန် (ကပြားစပါးမျိုးစေ့)ကို မှီခိုရတယ်” ဟု ဆိုသည်။
ပထမတန်းစားကုန်ထုတ်စွမ်းအားစု
တိန့်ခေတ်အလွန် သမ္မတ ကျန်ဇီမင်းခေတ် တွင်လည်း “သိပ္ပံနှင့်နည်းပညာသည် ပထမတန်းစား ကုန်ထုတ်စွမ်းအားစုဖြစ်တယ်” ဆိုသည့် အတွေး အခေါ်ဖြင့် ဘက်စုံအကောင်အထည်ဖော်ဆောင်ရွက် ခဲ့သည်။
သမ္မတ ဟူကျင်ထောင်ခေတ်တွင်မူ ၂၀၂၀ ပြည့်နှစ်ရောက်သည့်အခါ တရုတ်ပြည်သည် မိမိဘာသာ အသစ်အဆန်းတီထွင်ဖန်တီးနိုင်သည့် စွမ်းအားသိသိသာသာတိုးပွားလာစေပြီး အသစ် အဆန်းတီထွင်ဖန်တီးသည့်နိုင်ငံများ၏ စာရင်းဝင် နိုင်ငံဖြစ်စေရမည်ဟု ရည်မှန်းချက်ထားရှိကာ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ပြည်အစိုးရက နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ရေရှည်နှင့် တာလတ်စီမံကိန်း(၂၀၀၆-၂၀၂၀) အကျဉ်းချုပ်ကို ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။
ကောင်းမွန်သည့်ဂေဟစနစ်
လက်ရှိ သမ္မတ ရှီကျင့်ဖျင်ခေတ်တွင်လည်း သမ္မတရှီက “ဆန်းသစ်တီထွင်မှုဟာ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ လူသားတို့ရဲ့ ဘုံစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းရာမှာ အဆုံးအဖြတ် ပေးတဲ့အကြောင်းရင်းဖြစ်ပါတယ်” ဟု ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် G-20 နိုင်ငံခေါင်းဆောင်များ (၁၆)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။ တစ်ဆက်တည်း မှာပင် သမ္မတရှီက “G-20 က ဆန်းသစ်တီထွင်မှုနှင့် မောင်းနှင်သည့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန် သည့်ဂေဟစနစ်ကို ဖန်တီးပေးသင့်ပါတယ်” ဟု တိုက်တွန်းပြောကြားခဲ့သည်။
လူထုတီထွင်ဖန်တီးမှု
နိုင်ငံတော်ကောင်စီဝင် ဝန်ကြီးချုပ် လီခချန်း ကမူ “လူထုတီထွင်ဖန်တီးမှု” ဟူသော စကားလုံးဖြင့် ပြည်သူလူထု၏စိတ်ဓာတ်ကို တက်ကြွလာအောင် ၂၀၁၅ ခုနှစ်ကတည်းက လှုံ့ဆော်နှိုးဆွပေးခဲ့သည်။ ယာယီအခွန်ကင်းလွတ်ခွင့်နှင့် ဖြေလျှော့မှုများစွာ ပါဝင်သည့် ပေါ်လစီမူဝါဒနှင့်အတူ လူထုတီထွင် ဖန်တီးမှုကိုလည်း ပို၍အကွက်စေ့အောင် စီစဉ် ဆောင်ရွက်ခဲ့သည်။ ဝန်ကြီးချုပ် လီခချန်း၏ အကြိမ်ကြိမ်ဖော်ထုတ်မှုကြောင့် “လူထုတီထွင်ဖန်တီး မှု” ဟူသော စကားလုံးသည် ထင်ရှားကျော်ကြား လာသည်။ ရည်ရွယ်ချက်မှာ တစ်တိုင်းပြည်လုံးရှိ ပြည်သူလူထု၏ လုပ်ငန်းတီထွင်မှု ငုပ်လျှိုးစွမ်းအားကို ထုတ်ဖော်ရန်ဖြစ်သည်။
မျက်မှောက်ကာလတွင် တရုတ်ပြည်နည်းတူ အမေရိကန်၊ ဂျပန်၊ အီးယူနိုင်ငံများ အပါအဝင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးသည် မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အသစ်အသစ်သော သိပ္ပံနှင့် နည်းပညာရပ်များကို တီထွင်ကြံဆလုံ့လစိုက် ကြိုးပမ်းလျက်ရှိကြသည်။ ရင်းနှီးမြှုပ်နှံမှုပေါင်းများစွာဖြင့် အားဖြည့်ဆောင်ရွက်လျက်ရှိကြ သည်။
မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့်မူ များသော အားဖြင့် ပညာရှင်ထက် တစ်တောတစ်ဖ သူရဲကောင်းဝါဒကိုသာ ပို၍လက်ကိုင်ထားကြသည်။ ပညာခေတ်တွင် ပညာရှင်များကို လေးစားတန်ဖိုး ထားကြရပါမည်။ ပညာတတ် လူ့စွမ်းအားအရင်း အမြစ်များ စဉ်ဆက်မပြတ်မွေးထုတ်ရေး၊ လူထု တီထွင်ဖန်တီးမှု စွမ်းပကားများ မြင့်မားလာစေရေး တို့အတွက် နိုင်ငံတော်နှင့် မြန်မာလူ့ဘောင်အဖွဲ့ အစည်းက ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးဖော် ဆောင်ပေးဖို့လိုသည်။ ပညာခေတ်တွင် ပညာသည် သာ တကယ့်ရတနာအစစ်ဖြစ်ပါသည်။
မြန်မာတွေ အိပ်မောကျမနေသင့်တော့ ပေ။ ။
- Log in to post comments