
လင်းဟန်သစ်
မကြာသေးမီလများအတွင်း အမေရိကန်ပြည်ထောင်စုမှာ ဈေးနှုန်း တွေ မိုးထိအောင်မြင့်တက်လာခဲ့တယ်လို့ ဝါရှင်တန် ဒီစီရှိ အလယ် အလတ် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသက် ၃၅ နှစ်ရှိ ဒန်ဝီလ်ဆန် က ပြောကြားလိုက်ပါတယ်။
စားသောက်ဆိုင်လုပ်ငန်းကို စိတ်ဝင်စားနေတဲ့ သူနဲ့ သူ့ဇနီးဟာ အဲဒီရက်တွေတုန်းက အိမ်မှာပဲအများဆုံးချက်ပြုတ်စားသောက်ကြပါတယ်။ သူတို့ရဲ့အကြိုက်အစားအသောက်တွေရဲ့ ဈေးတွေကလည်း မြင့်တက်လာခဲ့ပါတယ်။
နှစ် ၄၀ အတွင်းမှာ အမြန်ဆုံးမြင့်တက်လာ
အမှန်တကယ်တော့ အမေရိကန်တွေဟာ မကြာသေးမီလများ အတွင်းက ငွေကြေးဖောင်းပွခြင်းကို နင့်နင့်သီးသီးခံစားခဲ့ကြရပါတယ်။ ကုန်ဈေးနှုန်းတွေဟာ အစောပိုင်းနှစ်ထက် ၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ နှစ် ၄၀ အတွင်းမှာ အမြန်ဆုံးမြင့်တက် လာတာပဲဖြစ်ပါတယ်။
အမေရိကန်အများစုဟာ အစားအသောက်ဈေးနှုန်းတွေ၊ အိမ်ရာ ဈေးနှုန်းတွေ၊ ဆီဈေးနှုန်းတွေ အများအပြား မြင့်တက်လာတဲ့အခါ လိုအပ်ချက်တွေပြည့်စုံအောင်ဖြည့်ဆည်းဖို့ဆိုတာ မလွယ်တဲ့ကိစ္စ ဖြစ်လာသလို အခက်အခဲတွေနဲ့လည်း ရင်ဆိုင်လာကြရပါတယ်။
ဒီလိုအခြေအနေတွေဖြစ်လာခြင်းက လက်ရှိအမေရိကန်သမ္မတ အတွက် ဒီနှစ်မှာပြုလုပ်မယ့် လွှတ်တော်သက်တမ်းဝက်ရွေးကောက် ပွဲမှာ နာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။
ငွေကြေးဖောင်းပွခြင်းက အစိုးရအတွက် စိန်ခေါ်မှုဖြစ်
ငွေကြေးဖောင်းပွလာခြင်းဟာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အမေရိကန် ပြည်သူတွေရဲ့ လူနေမှုကုန်ကျစရိတ်တွေကို ရုတ်ခြည်းမြင့်တက်စေ ခဲ့တဲ့အတွက် ဒါဟာ အမေရိကန်အစိုးရအတွက်တော့ အဓိကစိန်ခေါ်မှု ကြီးတစ်ရပ်ဖြစ်လာခဲ့တယ်လို့ ဘရွတ်ကလင်းအင်စတီကျုရဲ့ အဆင့်မြင့်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒါရယ်ဝက်တ်က ပြောကြားလိုက်ပါ တယ်။
ဒီနေ့ရဲ့ငွေကြေးဖောင်းပွခြင်းက အမေရိကန်ဗဟိုဘဏ်ရဲ့ သတ်မှတ်ငွေကြေးဖောင်းပွမှု နှစ်ရာခိုင်နှုန်းထက် သိသိသာသာ ပိုနေတယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အရာရှိ ဟောင်းလည်းဖြစ်၊ပြည်သူ့ရေးရာမူဝါဒသုတေသနဆိုင်ရာ အမေရိကန် အင်စတီကျုပညာရှင်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဒက်စ်မွန့်ဒ် လာ့ချ် မင်းန်က ပြောကြားလိုက်ပါတယ်။
ငွေကြေးမူဝါဒအပေါ် ပြင်းထန်တဲ့သက်ရောက်မှုတွေဖြစ်စေ
ငွေကြေးဖောင်းပွခြင်းက မတ်လအစမှာအတိုးနှုန်းမြင့်တက်လာခြင်းတွေနဲ့အတူ ငွေကြေးမူဝါဒအပေါ် ပြင်းထန်တဲ့သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်က ဒီလိုအခြေအနေတွေကို မကြာမီမှာ ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ သို့သော်လည်း ဒါက စီးပွားရေးအပေါ်ခက်ခဲမှုတွေဖြစ်စေနိုင်ပြီး နောက်ထပ်စီးပွား ပျက်ကပ်လိုမျိုးတောင် ဖြစ်လာနိုင်ပါတယ်။
အတိုးနှုန်းတွေ မြင့်တက်လာခြင်းက ရှယ်ယာတန်ဖိုးတွေနဲ့ အိမ်ခြံမြေဈေးကွက်ကို ရုတ်တရက်ကောင်းတဲ့အခြေအနေကနေ ဆိုးတဲ့အခြေအနေကို ဖြစ်စေနိုင်ပါတယ်။
စီးပွားပျက်ကပ်ဟာ အိမ်ဖြူတော်ကို ထိန်းချုပ်ထားတဲ့ သို့မဟုတ် အမေရိကန်အစိုးရတိုင်းအတွက် အမြဲတမ်းသတင်းဆိုးတစ်ခုပါပဲ။ ဒီလိုမျိုး နိုဝင်ဘာမတိုင်မီက တစ်ခါဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်း က အမေရိကန်တွေရဲ့ ဆန္ဒမဲပုံးတွေမှာ အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။
ငွေကြေးအဆမတန်ဖောင်းပွခြင်းဟာ
ကောင်းတဲ့လက္ခဏာမဟုတ်
ငွေကြေးအဆမတန်ဖောင်းပွခြင်းဟာ နိုင်ငံရေးအရတော့ သိပ်ကောင်းတဲ့ လက္ခဏာတစ်ခုတော့မဟုတ်ပါဘူး။ လူထုသဘော ထားစစ်တမ်းမှာလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စီးပွားရေး ကိုင်တွယ်မှုအပေါ် အမေရိကန်မဲဆန္ဒရှင်တွေက အားရစရာမကောင်း တဲ့ အဆင့်သတ်မှတ်ချက်မျိုးပဲ ပေးခဲ့ကြပါတယ်။ လာမယ့်နိုဝင်ဘာသက်တမ်းဝက်ရွေးကောက်ပွဲမှာ မစ္စတာဘိုင်ဒန် ရဲ့ အခွင့်အလမ်း ကတော့ တိမ်ဖုံးလို့လမသာ ဖြစ်လာမလားဆိုတာ မသိသေးပါဘူး။ စီးပွားအခက်အခဲတွေ ဒီထက်ပိုပြီးဖြစ်လာမယ်ဆိုရင်တော့ ဒီထက် ပိုပြီးဆိုးသွားဖို့ပဲရှိပါတယ်။
ကွီနင်ပီရက် တက္ကသိုလ်ရဲ့ မကြာသေးမီက ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့ အမေရိကန် ၅၄ ရာခိုင်နှုန်းက စီးပွားရေး ဒီထက်ပိုဆိုးလာမယ်ဆိုတာကို ယုံကြည်ထားတယ်လို့ ဖြေကြားခဲ့ပါ တယ်။ ၁၅ ရာခိုင်နှုန်းလောက်သာ တိုးတက်လာမယ်လို့ ပြောထားပါ တယ်။ ၃၀ ရာခိုင်နှုန်းကတော့ စီးပွားရေးက ဒီအတိုင်းပဲ ဆက်ဖြစ်သွား မယ်လို့ ပြောပါတယ်။
ငွေကြေးဖောင်းပွခြင်းက ရွေးကောက်ပွဲအပေါ်လွှမ်းမိုးနိုင်
ဝါရှင်တန် ဒီစီရဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့ အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဂျွန်နာဝီလာက ကုန်စိမ်းစတိုးဆိုင် တွေမှာရောင်းတဲ့ ဈေးတွေဟာ တချို့အမယ်တွေမှာ ပိုပြီးကြီးလာတယ် လို့ပြောကြားလိုက်ပြီး ငွေကြေးဖောင်းပွလာခြင်းက ရှေ့လာမယ့် ရွေးကောက်ပွဲမှာ သူဘယ်လိုမျိုး မဲပေးမလဲဆိုတဲ့အပေါ် အများကြီး လွှမ်းမိုးလိမ့်မယ်လို့ ပြောပါတယ်။
အစားအသောက်၊ တစ်ပတ်ရစ်ကား၊ ကုန်တင်ကားနဲ့ အိမ်ရာတွေ မှာ ဈေးတွေဟာ မြင့်တက်လာတယ်။ရေနံဈေး လောင်စာဈေးတွေ လည်း မြင့်တက်လာပါတယ်။ ယူကရိန်း ပဋိပက္ခကြောင့်လည်း နောက်ထပ်ဈေးတွေ ထပ်တက်လာဦးမယ်လို့ စီးပွားရေးကျွမ်းကျင်သူ တွေက ခန့်မှန်းထားပါတယ်။
ရီပတ်ဘလီကန်တွေကတော့ ဘိုင်ဒန်ရဲ့ Green Energy မူဝါဒ တွေကို ပြစ်တင်ဝေဖန်ထားပြီး အဲဒါက ဓာတ်ငွေ့ဈေးနှုန်းတွေကို နောက်ထပ် မြင့်တက်စေတယ်လို့ ပြောလိုက်ပါတယ်။
ကပ်ရောဂါက ငွေကြေးဖောင်းပွမှုကိုဖြစ်စေ
သို့သော်လည်း အိမ်ဖြူတော်ကတော့ ကပ်ရောဂါဟန့်တား နှောင့်ယှက်မှုကို ပြစ်တင်ထားပြီး ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကုန်စည်လည်ပတ်စီးဆင်းမှုတွေ ကြန့်ကြာပြီး ငွေကြေးဖောင်းပွမှုတွေ ဖြစ်တဲ့အပေါ် ဖော်ပြထားပါတယ်။
သို့သော်လည်း ဒီမိုကရက်တွေက ငွေကြေးဖောင်းပွမှုကိုလျော့ကျစေမယ့် အမေရိကန်ဒေါ်လာ ၂ ထရီလီယံရှိတဲ့ Build Back Better ဥပဒေကြမ်းအပေါ် ကျေနပ်လျက်ရှိပါတယ်။ သို့သော်လည်း ဒီအပေါ် ရီပတ်ဘလီကန်တွေကတော့ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်လို့ ပြောကြား လိုက်ပြီး အစိုးရရဲ့ အသုံးစရိတ်ထက် ပိုများနေတယ်လို့ ပြောကြားလိုက် ပြီး ငွေကြေးဖောင်းပွမှုဖြစ်လာတဲ့အပေါ် ပြစ်တင်ထားပါတယ်။
ငွေကြေးဖောင်းပွမှုတွေကြောင့် သာမန်အမေရိကန်မိသားစုတစ်စု ဟာ တစ်လကို နောက်ထပ် အမေရိကန်ဒေါ်လာ ၂၇၆ ဒေါ်လာ သုံးစွဲ နေရတယ်လို့ Moody’s Analytics ကဖော်ပြထားတယ်လို့ ရီပတ် ဘလီကန်အထက်လွှတ်တော် ငွေကြေးကော်မတီအမတ် တစ်ဦး ဖြစ်တဲ့ မိုက်ကရာပိုက ပြောကြားလိုက်ပါတယ်။
လွှတ်တော်အနေနဲ့ ကောင်းကောင်းဖြေရှင်းဖို့လုပ်ဆောင်ရမယ်
အန္တရာယ်ဖြစ်စေတဲ့ သက်ရောက်မှုတွေ ဖြစ်ပွားစေနိုင်တဲ့ ဒီငွေကြေးဖောင်းပွမှုတွေကို လွှတ်တော်အနေနဲ့ ကောင်းကောင်း ဖြေရှင်းဖို့ လုပ်ဆောင်ရမယ်လို့ ကရာပိုက ပြောလိုက်ပါတယ်။ နိုင်ငံ့ အပေါ် ငွေကြေးဖောင်းပွမှု သက်ရောက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်သွားမလဲဆိုတဲ့အပေါ် မတ် ၁ ရက်မှာတော့ ဘိုင်ဒန်က မိန့်ခွန်းပြောကြားသွားမှာဖြစ်ပါတယ်။
ကိုးကား- အေအက်ဖ်ပီ၊ ဆင်ဟွာ
- Log in to post comments