
မန္တလေး ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ယခုနှစ် မိုးစပါး ရာသီတွင် စိုက်ပျိုးရေးတောင်သူများ မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ ထွက်ရှိရေးစီမံချက်အနေ ဖြင့် ခရိုင် ငါးခရိုင်တွင် မိုးစပါးစိုက်ဧက ၁၁၇၀ ကို စိုက်ပျိုးဆောင်ရွက်ခဲ့ရာ အထွက်နှုန်းမှာ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနန္ဒထွဋ်တင် က ပြောကြားသည်။
အဆိုပါ စီမံချက်ကို ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး ရာသီတွင် မိုးစပါးဧက ၁၀၀ အထွက်နှုန်း တင်း ၁၀၀ ထွက်ရှိရေး စံပြကွက်များကို ခရိုင်ငါးခုရှိ မြို့နယ် ၁၄ မြို့နယ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဧက ၁၀၀၊ တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေဖြင့် ဧက ၁၀၇၀ စုစုပေါင်း ဧက ၁၁၇၀ စိုက်ပျိုးဆောင်ရွက် ခဲ့ရာ ပျမ်းမျှအထွက်နှုန်း ၁၀၆ ဒသမ ၇၉ တင်းနှုန်းဖြင့် အထွက်တင်းပေါင်း ၁၂၄၉၅၂ ဒသမ ၀၄ တင်း ထွက်ရှိ ခဲ့ကြောင်း၊ စိုက်ပျိုးခဲ့သည့် စပါးမျိုးများသည် ဧရာ မင်း၊ မနောသုခ၊ ရွှေသွယ်ရင်စသည့်မျိုးများကို အဓိက ထားစိုက်ပျိုးခဲ့ရာ အထွက်နှုန်းမှာ တင်း ၁၀၀ ကျော် ထွက်ရှိခဲ့ပြီး အောင်မြင်ဖြစ်ထွန်းခဲ့ကြောင်း သိရ သည်။
‘‘မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန က မိုးစပါးရာသီမှာ ခရိုင်ငါးခရိုင် မြို့နယ် ၁၄ မြို့နယ် မှာ တစ်ဧကကို တင်း ၁၀၀ ထွက်ရှိရေးအတွက် ဧက ၁၁၇၀ ကို ဆောင်ရွက်ခဲ့ပါတယ်။ မိုးစပါးကို ဧပြီလ ကနေ စစိုက်ခဲ့ပြီးတော့ သြဂုတ်လမှာ ရိတ်သိမ်း ခဲ့ပါတယ်။ စိုက်ပျိုးကြတဲ့ တောင်သူတွေအတွက် သွင်းအားစုတွေရယ်၊ လုပ်အားခစရိတ်တွေရယ်နဲ့ စပါးမျိုးကောင်းမျိုးသန့်များကို ပံ့ပိုးပေးခဲ့ပါတယ်။ တင်း ၁၀၀ ထွက်ရှိရေးကို ဌာနကနည်းပညာရပ်များ ပေးကာ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်။ စိုက်ပျိုး ခဲ့တဲ့ မြို့နယ်အလိုက်အထွက်နှုန်းဟာ တင်း ၁၀၀ ကျော် ထွက်ရှိပြီး ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းခဲ့ ပါတယ်။ မိုးစပါး အောင်မြင်ဖြစ်ထွန်းခဲ့တာကြောင့် နွေစပါးကိုလည်း ဧကတိုးစိုက်ပျိုးသွားမှာပါ။ မိုးစပါး ကို ဆည်ရေ၊ မြစ်ရေတင်၊ စက်ရေတွင်း၊ မိုးရေ၊ ချောင်းမြောင်းပိတ်၊ အခြားနည်းလမ်းတွေနဲ့ စိုက်ပျိုး ခဲ့ပါတယ်။ မျိုးသက်တမ်းကတော့ သက်တမ်းကြီးတဲ့ ဧရာမင်းနဲ့ မနောသုခမျိုးတွေဖြစ်တဲ့ အတွက်ကြောင့် ၁၃၅ ရက်ကနေ ရက် ၁၅၀ ကြားတွေ ဖြစ်ပါတယ်။ ဝမ်းစာဖူလုံရေးအတွက် ရာနှုန်းပြည့် အောင်မြင် ဖြစ်ထွန်းခဲ့ပါတယ်’’ဟု ၎င်းကပြောသည်။
မိုးစပါးရာသီတွင် မိုးစပါးတစ်ဧကလျှင် တင်း ၁၀၀ ထွက်ရှိရေးအတွက် မြို့နယ်အလိုက် စိုက်ပျိုး ခဲ့ရာ တိုင်းဒေသကြီးအချုပ်အနေဖြင့် စုစုပေါင်းမိုးစပါး စိုက်ဧက ၁၁၇၀ ကို စိုက်ပျိုးခဲ့ပြီး ပျမ်းမျှတစ်ဧက အထွက်နှုန်းအနေဖြင့် ၁၀၆ ဒသမ ၇၉ တင်း ထွက်ရှိ ကာ အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။
မောင်အေးချမ်း