ပွင့်ဖြူမြို့နယ်၌ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေပေးဝေမည်

 

ပွင့်ဖြူ     ဖေဖော်ဝါရီ   ၂၀


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃  ခုနှစ်   နွေသီးနှံစိုက်ပျိုးရာတွင်   ဒေသခံ တောင်သူများ နွေသီးနှံအချိန်မီ    စိုက်ပျိုးနိုင်ရေး အတွက် မဲဇလီ  ရေလွှဲဆည်မှ   မတ်လဆန်းတွင်   စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။ 

 


ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်     ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနအနေဖြင့်      မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ   ရာသီအလိုက်   သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲ ဆည်မှ ဆည်ရေများကို  တောင်မုန်းမြောင်းမကြီးနှင့်  မြောက်မုန်း မြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် နှစ်စဉ်   ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 


“တောင်သူတွေကို စိုက်ပျိုးရေ ဖြန့်ဝေပေးရာမှာ မဲဇလီရေလွှဲဆည် မှ ဆည်ရေတွေကို တောင်မုန်း မြောင်းမကြီးနဲ့ မြောက်မုန်း မြောင်းမကြီး တို့ကနေတစ်ဆင့် နွေစပါး၊ နွေနှမ်းနဲ့ အခြားနွေသီးနှံ အချိန်မီစိုက်ပျိုး နိုင်ဖို့ ဖြန့်ဝေပေးတာပါ။ အခုနှစ်မှာတော့ ဆည်ရေနည်းတဲ့အတွက် နွေစပါးအတွက် စိုက်ပျိုးရေဖြန့်ဝေတာတွေမလုပ်ဘဲ နွေနှမ်းနဲ့ အခြား နွေသီးနှံ စိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေဖြန့်ဝေပေးသွားမှာ   ဖြစ်ပါတယ်။ စိုက်ပျိုးရေဖြန့်ဝေပေးတဲ့ရက်ကတော့  မတ်လ ၁ ရက်ကစပြီး ၃၁ ရက် အထိ အချိန် တစ်လ  ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ နွေသီးနှံစိုက်ပျိုး တောင်သူတွေကိုလည်း လယ်ယာမြေတွေ   ကြိုတင်ပြဆင်နိုင်ရေးအတွက် စိုက်ပျိုးရေဖြန့်ဝေမယ့်ရက်ကို   ကြိုတင် အသိပေးအကြောင်းကြားပြီး ဖြစ်ပါတယ်။

 

ဆည်ရေနည်းတဲ့အတွက် တောင်သူတွေအနေနဲ့ နွေနှမ်းနဲ့  အခြားနွေသီးနှံစိုက်ပျိုးရာ  ဆည်ရေ လေလွင့်ဆုံးရှုံးမှုမဖြစ်ဖို့ စနစ်တကျ  သုံးစွဲစေချင်ပါတယ်” ဟု မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောသည်။ 

 


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုး ရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၆၀၄၂၈ ဧက၊ မင်းဘူး (စကု)မြို့နယ်အတွင်းရှိ   အိုင်းမ ရေလွှဲဆည်ရေဖြင့် ဧက ၅၀၀၊ စုစု ပေါင်း နွေနှမ်းစိုက်ပျိုးဧက ၆၀၉၂၈ ဧက လျာထားစိုက်ပျိုးမည်ဖြစ် ကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၏   နွေသီးနှံစိုက်ပျိုးမှုစာရင်း များအရ သိရသည်။                                        

ရဲဝင်းနိုင် (ညောင်ဦး)