
ရန်ကုန် ဖေဖော်ဝါရီ ၁၇
အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံရေးအသိပညာ မြင့်မားလာစေရန် အတွက် အာဆီယံ-ဂျပန် ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းများက အသိပညာမြှင့်တင်ရေးလှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်ခြင်း (Joint Awareness Rising Activity)အနေဖြင့် “မိုဘိုင်းပစ္စည်းများအတွက် ဆိုက်ဘာလုံခြုံရေး” စာအုပ်ငယ်(Booklet)ကို အာဆီယံ ၁၀ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပေါင်းစပ်ဖန်တီးထားကြရာ ထိုစာအုပ်ကို မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့(mmCERT)က မြန်မာမှုပြု ဘာသာပြန်ပြီး မူရင်းနှင့်အတူ အွန်လိုင်းတွင် ဖေဖော်ဝါရီ ၃ ရက်မှစ၍ တင်ပေးထားသည်။
စုစုပေါင်း ၁၄ မျက်နှာပါသော အဆိုပါ စာအုပ်ငယ်တွင် မြန်မာ နိုင်ငံအနေဖြင့် “Ransomware in Mobile Device” ခေါင်းစဉ်ဖြင့် စာမျက်နှာတစ်ခု ဖန်တီး၍ အခြားနိုင်ငံများနည်းတူ ပါဝင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့က ဖန်တီးထားသော “မိုဘိုင်းစက်ပစ္စည်းတွင် ကြုံတွေ့ရသော ငွေညှစ်သည့်ဆော့ဖ်ဝဲ” စာမျက်နှာတွင် မိုဘိုင်းဖုန်းများတွင်တွေ့ရသော ငွေညှစ်သည့်ဆော့ဖ်ဝဲသည် မိုဘိုင်းများကို အသုံးမပြုနိုင်ရန်နှင့် မိုဘိုင်းထဲရှိဖိုင်များကို အသုံးမပြုနိုင်ရန် ပြုလုပ်ပြီး ၎င်းတို့ကို အသုံးပြု လိုပါက Bitcoin ကဲ့သို့ ခရစ်ပတိုငွေကြေး(Cryptocurrency)ကို ပေးချေရကြောင်း ရှင်းလင်းရေးသားထားသည်။
အဆိုပါ ငွေညှစ်သည့်ဆော့ဖ်ဝဲများသည် အရေးကြီးသော အချက် အလက်များကို ခိုးခြင်း၊ မိမိ၏အရေးကြီးသော အချက်အလက်များကို အများပြည်သူသို့ ချပြခြင်း၊ သိမ်းထားသောဖိုင်များကို ဖျက်ပစ်ခြင်းတို့ ပြုလုပ်ပြီး ၁၁ စက္ကန့်တိုင်းတွင် စီးပွားရေး/ အဖွဲ့အစည်းတစ်ခုခုကို တိုက်ခိုက်နေသောကြောင့် မိမိမသိရှိသော အက်ပလီကေးရှင်းများကို အသုံးမပြုရန်၊ ဖိုင်အားလုံးကို ပွား၍သိမ်းဆည်းရန်နှင့် မိုဘိုင်း၏ စနစ်နှင့် လုံခြုံရေးစနစ်တို့ကို နောက်ဆုံးအခြေအနေအထိ အဆင့် မြှင့်တင်ထားရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။
ယင်းစာအုပ်တွင် နိုင်ငံအလိုက် ဖန်တီးထားသော အကြောင်းအရာ များကို တစ်မျက်နှာစီ ဖော်ပြထားရာ ဘရူနိုင်းနိုင်ငံက လုံခြုံရေးစနစ် နှစ်ဆင့်အသုံးပြုခြင်း၊ ကမ္ဘောဒီးယားနိုင်ငံက မိုဘိုင်းစက်ပစ္စည်းများ အတွက် စကားဝှက်အား စီမံခန့်ခွဲခြင်း၊ အင်ဒိုနီးရှားနိုင်ငံက လုံခြုံရေး စနစ် နှစ်ဆင့်အသုံးပြုခြင်း(ရုပ်ပြကာတွန်း)၊ ဂျပန်နိုင်ငံက သင်၏ စိတ်ပိုင်းဆိုင်ရာလုံခြုံရေး အားနည်းချက်ကို ဖာထေးပါ၊ လာအိုနိုင်ငံက မိုဘိုင်းလုံခြုံရေးအတွက် အကြံပြုချက်၊ မလေးရှားနိုင်ငံက အွန်လိုင်း တည်ရှိမှုလုံခြုံရေး၊ မြန်မာနိုင်ငံက မိုဘိုင်းစက်ပစ္စည်းများတွင် ကြုံတွေ့ ရသော ငွေညှစ်သည့်ဆော့ဖ်ဝဲ(Ransomware)၊ ဖိလစ်ပိုင်နိုင်ငံက အွန်လိုင်းသင်ကြားရေးပလက်ဖောင်းများ၊ စင်ကာပူနိုင်ငံက အီးမေးလ် ဖြင့် လိမ်လည်ငွေညှစ်မှု၊ ထိုင်းနိုင်ငံက မိုဘိုင်းကို လုံခြုံစိတ်ချအောင် ဘယ်လိုအသုံးပြုကြမလဲ၊ ဗီယက်နမ်နိုင်ငံက အခမဲ့ ဆော့ဖ်ဝဲများ စသည့် အကြောင်းအရာများကို ဖန်တီးဖော်ပြထားသည်။
PDF ဖိုင်အမျိုးအစားအဖြစ် ဖန်တီးထားသော အဆိုပါစာအုပ်ကို ဒေါင်းလုပ်ရယူလိုပါက မူရင်းဖိုင်ကို https://www.mmcert.org.mm/CyberSecurityforMobileDevices.pdf လိပ်စာနှင့် မြန်မာမှုပြု ထားသော PDF ဖိုင်ကို https://www.mmcert.org.mm/Cyber SecurityforMobileDevicesMyanmar.pdf ဝက်ဘ်ဆိုက်လိပ်စာတွင် ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။
ကိုစိုး