ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် မိုးကုတ်မြို့ ညောင်သုံးပင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား မြန်မာနိုင်ငံသို့ပင့်ဆောင်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၇


ထိုင်းနိုင်ငံ  ဘန်ကောက်မြို့ရှိ ဆေးရုံ၌  ဆေးကုသမှု ခံယူစဉ် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့်  မိုးကုတ် မြို့    ညောင်သုံးပင်သာမဏေကျော် စာသင်တိုက် ဆရာတော်    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်)    အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ     အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဓမ္မကထိကဗဟုဇန ဟိတဓရ ဆရာ တော်    ဒေါက်တာ  ဘဒ္ဒန္တတေဇောသာရ၏   ဥတုဇ ရုပ်ကလာပ်တော်အား ပြန်လည်ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို    ယနေ့မွန်းလွဲပိုင်းတွင်    မန္တလေး တိုင်းဒေသကြီး       တံတားဦးမြို့နယ်     တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။

 


အဆိုပါအခမ်းအနားသို့  မန္တလေးမြို့  မစိုးရိမ် ကျောင်းတိုက် မဟာနာယကဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ   ဇောတိကဓဇ  ဘဒ္ဒန္တ   ဝါသေဌာ ဘိဝံသ  အမှူးပြုသော  သံဃာတော်များ၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဒါယကာ၊ ဒါယိကာမများ တက်ရောက် ကြသည်။

 


ဦးစွာ   မန္တလေးမြို့    မစိုးရိမ်ကျောင်းတိုက် မဟာနာယကဆရာတော် အမှူးပြုသော  ဆရာတော်၊ သံဃာတော်များ၊ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင် များက လေယာဉ် ဆိုက်ရောက်သည့် နေရာ၌ အသင့် စောင့်ဆိုင်း၍ ဆရာတော်ကြီး၏   ရုပ်ကလာပ်တော် အား   မိုးကုတ်မြို့သို့  ပင့်ဆောင်သယ်ယူသွားမည့် မော်တော်ယာဉ်ထံသို့     သယ်ယူပင့်ဆောင်ကြရာ   ဒါယကာ၊   ဒါယိကာမများက    ဖူးမြော်ကြည်ညိုကြ ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်