၂၀၂၂ ခုနှစ် အာဆီယံဆု (ASEAN Prize 2022) လျှောက်ထားနိုင်ကြောင်း ကြေညာ

 

၁။    အာဆီယံဒေသအတွင်းရှိ လူမှုဘဝများတိုးတက်စေရေး၊   လူမှုအဖွဲ့အစည်းများ   ချိတ်ဆက်မှု အားကောင်းစေရေးနှင့် ကပ်ရောဂါကြောင့် ထိခိုက်မှုများအား ပြန်လည်ထူထောင်ရေးအတွက် စံနမူနာ အဖြစ် စွမ်းစွမ်းတမံဆောင်ရွက်ပေးကြသော လူပုဂ္ဂိုလ်/အဖွဲ့အစည်းများ၏ အောင်မြင်မှုများကို အသိ အမှတ်ပြုသည့်အနေဖြင့် ဂုဏ်သိက္ခာကြီးမားသည့် ဒေသဆိုင်ရာ ဆုတစ်ခုဖြစ်သည့် ၂၀၂၂ ခုနှစ် အာဆီယံဆု (ASEAN Prize 2022) ကို   ပေးအပ်ချီးမြှင့်သွားနိုင်ရန်  အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ   အဆိုပြု လျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။

 

၂။    အဆိုပြုလျှောက်ထားသူများအနေဖြင့် အောက်ဖော်ပြပါနယ်ပယ်များတွင် တစ်ဖက်တစ်လမ်းမှ အားဖြည့်ဆောင်ရွက်နေသူများဖြစ်ရပါမည်-
    (က)    အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းစွမ်းတမံဆောင်ရွက်မှုများ၊
    (ခ)    အာဆီယံနှင့်ကမ္ဘာတစ်ဝန်းအကြား စွမ်းစွမ်းတမံဆောင်ရွက်မှုများ၊
    (ဂ)     အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ၊
    (ဃ)    အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ၊
    (င)    အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးအတွက် အထောက်အကူဖြစ်စေသည့် စွမ်းစွမ်း တမံ ဆောင်ရွက်ချက်များ၊

 

၃။    လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့်   အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများအပါအဝင် ထင်ရှားသည့် အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် အကဲဖြတ်ဒိုင်အဖွဲ့က ဆုရရှိသူကိုရွေးချယ်၍ အာဆီယံ ဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါသည်။

 


၄။    အဆိုပါဆုအား လျှောက်ထားမည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းများသည်   အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အာဆီယံအခြေစိုက်အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေပြု သည့် ပြည်သူဗဟိုပြုအာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ ဖြစ်ကြောင်း အထောက်အထားတင်ပြနိုင်သူဖြစ်ရပါမည်။ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးနှင့် အာဆီယံဒေသတွင်း   ပူးပေါင်းဆောင်ရွက်မှုများတွင်   ပါဝင်ဆောင်ရွက်ခဲ့သည့်    ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့် အာဆီယံနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို စာမျက်နှာ (၃) မျက်နှာမှ (၅) မျက်နှာအကြား အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာတွင် အကျဉ်းချုပ်ရေးသားဖော်ပြရမည် ဖြစ်ပါသည်။ လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်၏ အင်တာနက်စာမျက်နှာ https://aseanl.org/asean-prize/ တွင် ရယူနိုင်ပါသည်။

 


၅။    ၂၀၂၂ ခုနှစ် အာဆီယံဆုအတွက် အဆိုပြုလျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ဧပြီလ ၂၅ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး ပြည့်စုံစွာဖြည့်စွက်ထားသည့် လျှောက်လွှာများကို အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်(သို့မဟုတ်) dgasean@gmail.com သို့ သတ်မှတ်ရက်ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားနိုင်ပါသည်။

 


၆။     ၂၀၁၈ ခုနှစ်တွင် အာဆီယံဆု စတင်ချီးမြှင့်ခဲ့သည့်အချိန်မှစ၍   ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသားများ (သို့မဟုတ်) မြန်မာနိုင်ငံ အခြေစိုက် အဖွဲ့အစည်းများအနေဖြင့်လည်း အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းများ တွင် မိမိတို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ချက်များကို ဖော်ထုတ်ပြသနိုင်ရန်အတွက် အခွင့်အရေးကို အမိအရယူကြဖို့ တိုက်တွန်းအပ်ပါကြောင်းနှင့်  အသေးစိတ်ကို ဖော်ပြပါ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် လေ့လာနိုင်ပါကြောင်း အသိပေးအပ်ပါသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန