
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန “Tourism Vs Statistics” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ တာဝန် ရှိသူများ၊ အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ်နှင့် မန္တလာတက္ကသိုလ်တို့မှ ဆရာ ဆရာမများနှင့် Enlightened Myanmar Research Foundation မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲတာဝန်ခံများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
လမ်းညွှန်ထားရှိ
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ကြီးဌာနများရှိ Data များကို Up to Date ဖြစ်စေရန်နှင့် Data နှင့်ပတ်သက်၍ မှတ်တမ်းများကို ပြည့်ပြည့်စုံစုံဖြင့် သေချာစွာထိန်းသိမ်းပြုစုထားရန် လမ်းညွှန်ထားရှိကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲကိုလည်း ခရီးသွား ဆိုင်ရာ စာရင်းဇယားကိန်းဂဏန်းအချက်အလက်များ ကောက်ယူ ထိန်းသိမ်းရေးအတွက် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ခရီးသည် ရောက်ရှိသုံးစွဲမှု မြင့်မားတိုးတက်ရေး စသည့်ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ကိန်းဂဏန်းအချက်အလက် ဖော်ဆောင်မှုမှာ အလွန်အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အာဆီယံ၊ မဟာမဲခေါင်ဒေသခွဲ၊ ဘင်းမ်စတက်ကဲ့သို့ ဒေသတွင်းအဖွဲ့ အစည်းများ၌သာမက ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)၊ ပစိဖိတ်အာရှခရီးသွားလုပ်ငန်းအဖွဲ့ (PATA) နှင့် ကမ္ဘာ့ခရီးသွားကောင်စီ (WTTC) စသော နိုင်ငံတကာအဖွဲ့အစည်းများတွင်ပါ အဖွဲ့ဝင်ဖြစ်ကာ ၎င်းတို့နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းများထိခိုက်ခဲ့ရာမှ နိုင်ငံတကာ အနေဖြင့် ယခုအခါတွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ခဲ့ရာမှ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို စနစ်တကျကောက်ယူပြီး စိစစ် လေ့လာသုံးသပ်၍ စီမံခန့်ခွဲဆောင်ရွက်မှသာ တာဝန်ယူမှုရှိပြီး ရေရှည် တည်တံ့သော ခရီးသွားလုပ်ငန်းအဖြစ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်း၊ ဗဟို စာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်နီနီမြင့် ၊ Enlightened Myan-mar Research Foundation မှ Research Manager ဒေါက်တာခင်မျိုးဝေ တို့က ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဆွေးနွေးမှုများအပေါ် အဖွဲ့လေးဖွဲ့ခွဲ၍ ခရီးသွား လုပ်ငန်းဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်းအချက်အလက်များ၊ အာဆီယံနှင့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ၊ Tourism Satellite Account ၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းနှင့် သုတေသနပြုလုပ် ခြင်း စသည့် ခေါင်းစဉ်လေးခုဖြင့် အဖွဲ့လိုက် စားပွဲဝိုင်းဆွေးနွေးမှုများကို လုပ်ဆောင်ကြပြီး အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်များက မိမိတို့အဖွဲ့၏ ဆွေးနွေးဖော်ထုတ်ချက်များကို သက်ဆိုင်ရာခေါင်းစဉ်အလိုက် တင်ပြ ဆွေးနွေးကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကြသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ၏ သဘာပတိဖြစ်သူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များအပေါ် အကျဉ်းချုပ် ရှင်းလင်းတင်ပြ ပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန၌ တရုတ် နိုင်ငံ ချုံချင့်မြို့အခြေစိုက် South Asia Future Investment Group Pte.Ltd ၏ ဥက္ကဋ္ဌ Mr. Zhang Jun နှင့် အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြိတ်ကျွန်းစု အတွင်းရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်မည့်အခြေအနေများ၊ ခရီးသွားလာရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်