ပေါင်းစည်းတူယှဉ် ပြည်ထောင်စုဥယျာဉ်

Type
၅

 

မြတ်နိုးမေ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး  ၁၀၀ ကျော်တို့သည် ရှေးနှစ်ပေါင်း ထောင်ချီသောကာလကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲ နေထိုင်ခဲ့ကြပါသည်။ တောင်တန်း၊ ပြည်မဒေသမတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှုမတူကွဲပြားကြသော်လည်း မြန်မာပြည်သားဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပထဝီအနေအထား နှင့် သမိုင်းကြောင်း ယဉ်ကျေးမှုကြီးမားသော အိန္ဒိယယဉ်ကျေးမှုနှင့် တရုတ်ယဉ်ကျေးမှုတို့အကြားတွင် တည်ရှိနေသော်လည်း ယနေ့ အထိခိုင်မာသော မြန်မာ့ယဉ်ကျေးမှုကို တည်ဆောက်နိုင်ခဲ့ပေသည်။ ထိုသို့ မြန်မာ့ယဉ်ကျေးမှု တည်တံ့ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊  မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်း သားပေါင်းစုံ၏ ယဉ်ကျေးမှုအဖုံဖုံတို့ ပေါင်းဆုံခြင်းမှ  ကမ္ဘာ့အလယ် တွင် မြန်မာ့ယဉ်ကျေးမှုထည်ဝါစွာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

 


ပိုမိုကျယ်ဝန်းသောစွမ်းရည်များ  ပေါ်ထွက်လာ


ပညာရပ်များလေ့လာသင်ကြားရာတွင်လည်း   “ မတူညီသော အရာများပေါင်းစပ်မှု ” သီအိုရီအရဘာသာရပ်များကို  ပေါင်းစပ် လေ့လာရာမှ  ပိုမိုကျယ်ဝန်းသောစွမ်းရည်များ  ပေါ်ထွက်လာသည်ကို တွေ့ရှိရပါသည်။ ယခုခေတ် လေ့လာသင်ယူနေသော သိပ္ပံပညာရပ် များ၊ ဝိဇ္ဇာပညာရပ်များသည် ဘာသာရပ်တစ်ခုချင်းအလိုက် သီးခြား ဂုဏ်ထူးဝိသေသများရှိသော်လည်း ၎င်းဘာသာရပ်များကို လိုအပ်သလိုပေါင်းစပ်လိုက်သောအခါတွင်  ပိုမိုကျယ်ဝန်းသော  စွမ်းရည် များထွက်ပေါ်လာပေသည်။ သိပ္ပံပညာရပ် အချင်းချင်း၊ ဝိဇ္ဇာပညာရပ် အချင်းချင်း ဆက်နွှယ်ပေါင်းစပ်လေ့လာနိုင်သလို  သိပ္ပံပညာရပ်နှင့် ဝိဇ္ဇာပညာရပ်များကိုလည်း လိုအပ်ပါက ပေါင်းစပ်လေ့လာရပေသည်။ သိပ္ပံပညာရပ်များဖြစ်သော ဇီဝဗေဒနှင့် ဓာတုဗေဒ ပေါင်းစပ်သောအခါ Biochemistry ဟူသော  ဘာသာရပ်ဖြစ်ပေါ်လာပြီး    ရူပဗေဒနှင့် ဓာတုဗေဒပေါင်းစပ်သောအခါ    Nuclear  chemistry   ဟူသော ဘာသာရပ်အသစ်များ ပေါ်ပေါက်လာပေသည်။

 


ထို့အတူ နိုင်ငံတစ်နိုင်ငံ(သို့မဟုတ်)လူမျိုးတစ်မျိူး၏ Socio- economy(လူမှုစီးပွားဘဝ)ကို လေ့လာလိုပါက ဝိဇ္ဇာပညာရပ်များဖြစ် သော သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ စသည့် ဘာသာရပ်များ ပေါင်းစပ် လေ့လာရပေသည်။ နိုင်ငံတစ်နိုင်ငံ၏ မဟာဗျူဟာ အချက်အချာ ကျမှုကိုသိရှိရန် သမိုင်းနှင့် ပထဝီကိုပေါင်းစပ်ပြီး Geopolitic ဟူသော ပထဝီနိုင်ငံရေး ရှုထောင့်မှ လေ့လာရပေမည်။ ထို့အပြင် သမိုင်းဘာသာ ရပ်နှင့်  မြန်မာစာဘာသာရပ်များကိုလည်း  လိုအပ်ပါက   ယှဉ်တွဲ လေ့လာသင့်ပေသည်။ ဥပမာအားဖြင့် ဒသမတန်းတွင်  သင်ကြား သည့် ကဗျာတစ်ပုဒ်ဖြစ်သော အချုပ်တန်းဆရာဖေ ရေးသားသည့် “ဆောင်းရတုပွဲ” ကဗျာကိုလေ့လာလျှင် မြန်မာစာ အရေးအသား ရှုထောင့်မှ လေ့လာရုံသာမက ထိုကဗျာပေါ်ထွန်းလာသော  ခေတ် အခြေအနေကို သမိုင်းရှုထောင့်ကပါ ပေါင်းစပ်လေ့လာပါက စာဖတ် သူအတွက် ပိုမိုပြည့်စုံသော အသိအမြင်နှင့် ခံစားချက်များကို ပေးစွမ်း နိုင်မည်ဖြစ်သည်။

 


လူ့လောကအတွက် ပိုမိုအကျိုးရှိစွာဆောင်ရွက်


ထိုကဲ့သို့ပင် မတူညီသော ပညာရပ်များကို လိုအပ်သလို ပေါင်းစပ် လေ့လာပါက လူ့လောကအတွက် ပိုမိုအကျိုးရှိစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခုကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် မတူညီသော အရာများကို   ပေါင်းစပ်ရာမှ   ပေါ်ထွက်လာသည့်   စွမ်းအင်များကို  နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်ပေးရန် ကြိုးပမ်းနေပြီဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများကို နယ်စပ် ဒေသများ၌ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး     ဒီဂရီကောလိပ်များ တည်ထောင်၍   ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။   ထိုဒီဂရီ ကောလိပ်များ  တက်ရောက်ရန်အတွက်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသား လူငယ်များ အား  သတ်မှတ်ထားသော  စည်းကမ်းများနှင့်အညီ  ရွေးချယ်ပြီး ဝိဇ္ဇာဘွဲ့(B.A)၊ သိပ္ပံဘွဲ့ (B.Sc)၊ အင်ဂျင်နီယာ  ဒီပလိုမာဘွဲ့  (AGTI) အတွက် သင်ကြားပို့ချလျက်ရှိပါသည်။

 


သင်ကြားရသော ဘာသာရပ်များ


ဝိဇ္ဇာဘွဲ့အတွက် သင်ကြားရသော ဘာသာရပ်များမှာ စီးပွားရေး ပညာ၊ မနုဿဗေဒ၊ မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊  အင်္ဂလိပ်စာ၊ စိတ်ပညာတို့ဖြစ်ပြီး သိပ္ပံဘွဲ့အတွက် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် အင်ဂျင်နီယာဘွဲ့အတွက် မြို့ပြ၊ အီလက်ထရွန်နစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှုစွမ်းအား   ဘာသာရပ်များ  ဖြစ်ကြသည်။ ကျောင်းသား    ကျောင်းသူအားလုံးအနေဖြင့်     ကွန်ပျူတာသိပ္ပံ၊ ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်နှင့် ယဉ်ကျေးမှု ဘာသာရပ်များ ကိုလည်း သင်ယူကြရပါသည်။

 


ထို့ကြောင့် ဤဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ သည် သက်ဆိုင်ရာ  စာပေဘာသာရပ် ပေါင်းစုံ၏ အခြေခံသဘောတရား များကို ခြုံငုံလေ့လာနိုင်သောကြောင့် အတွေးအမြင်များ ကျယ်ပြန့် စွာတွေးခေါ်နိုင်သကဲ့သို့    လက်တွေ့နယ်ပယ်၌   လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လက်တွေ့ကျကျ ထိရောက်စွာ ဆောင်ရွက် နိုင်ပေမည်။ ဤဒီဂရီကောလိပ်တို့မှ  အရည်အချင်းမီသူများသည် ဘွဲ့လွန်သင်တန်းများကို သက်ဆိုင်ရာတက္ကသိုလ်များတွင် ဆက်လက် တက်ရောက်နိုင်ပြီး မဟာဘွဲ့၊ မဟာသုတေသနဘွဲ့၊ ပါရဂူဘွဲ့များ အသီးသီးရရှိနိုင်ပါသည်။ ထို့အပြင် အင်ဂျင်နီယာ ဒီပလိုမာ ရရှိပြီး သောသူများအနက်မှ  ထူးချွန်ထက်မြက်သောသူများကို ဆက်လက် ပညာ ဆည်းပူးခွင့်ရအောင် စီစဉ်ပေးသဖြင့် အင်ဂျင်နီယာဘွဲ့ (B.E) နှင့် မဟာအင်ဂျင်နီယာဘွဲ့ (M.E) များရရှိသည်အထိ ဆက်လက် ကြိုးစားခွင့်ရှိပါသည်။

 


ဒေသပေါင်းစုံမှ တိုင်းရင်းသားများ


ဤဒီဂရီကောလိပ်များတွင်  မြန်မာနိုင်ငံ၏    ဒေသပေါင်းစုံမှ တိုင်းရင်း သားများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူငယ်များ လာရောက်ပေါင်းဆုံ၍ ပညာသင်ယူလျက်ရှိသည်။  ထိုတိုင်းရင်းသားလူငယ်များသည် မိမိတို့၏ကျောင်းစာများသာမက တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီး (ရန်ကုန်)က ကြီးမှူးကျင်းပသော အာဂုံဆောင်စာပြန်ပွဲများ၊ သာသနာ ရေးဝန်ကြီးဌာနက  ကျင်းပသော  အဘိဓမ္မာစာမေးပွဲများ၊ ကျောင်း တွင်း အားကစားလှုပ်ရှားမှုနှင့် အခြားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ပြီး ထူးချွန်ဆုများ ရရှိခဲ့ကြပါသည်။

 


ဤဒီဂရီကောလိပ်ကျောင်းများတွင် တိုင်းရင်းသားရေးရာဌာနကို ဖွင့်လှစ်ထားပြီး   ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်၊   အဆင့်မြင့် ယဉ်ကျေးမှု ဘာသာရပ်များကို ပထမနှစ်မှ  စတုတ္ထနှစ်အထိ သင်ကြား ပို့ချလျက်ရှိပါသည်။   မျက်မှောက်ခေတ်   မြန်မာ့ရေးရာသာမက ကမ္ဘာ့ရေးရာများကိုလည်း သင်ကြားပို့ချပေးပါသည်။ ထိုသို့သင်ကြားရ သည့်အတွက်  ပြည်ထောင်စုစိတ်ဓာတ်    ပိုမိုရှင်သန်ခိုင်မာလာပြီး တိုင်းရင်းသားအချင်းချင်း   နားလည်မှုရရှိကာ   စည်းလုံးညီညွတ်မှု ခိုင်မြဲစေသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲ လာသော အခြေအနေများနှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် ကူးလူးဆက်ဆံ ရာတွင် ဝန်းရံထိုးဖောက်လာသော Cultural Globalization များကို ဘေးတွင်အကာအဖြစ်သာထားပြီး မျိုးချစ်ပြည်ချစ်စိတ်နှင့် ညီညွတ်မှု ရှိသော ပြည်ထောင်စုစိတ်ဓာတ် (Union Spirit) ကို အနှစ်အဖြစ် ထားကာ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ခံအင်အားကို တည်ဆောက်ရမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် ခေတ်မီရင်ပေါင်တန်းနိုင်ရန် တိုင်းရင်း သားအားလုံးစည်းလုံးညီညွတ်သည့် ပြည်ထောင်စု စိတ်ဓာတ် (Union Spirit) သည်သာ အဓိကစွမ်းအားဖြစ်ပေသည်။ ထို့ကြောင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော    ဒီမိုကရေစီနိုင်ငံတော်   တည်ဆောက်ရန်အတွက် တိုင်းရင်းသားအားလုံး  ပြည်ထောင်စုစိတ်ဓာတ်ကို   ခိုင်ကျည်စွာ မွေးမြူရန် အထူးလိုအပ်ပါသည်။ သို့မှသာ ပတ်ဝန်းကျင်က ရိုက်ခတ် လာသော ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်၊  ရိုးရာ ယဉ်ကျေးမှု များကို ထိန်းသိမ်းလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီး တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်နိုင်ပေမည်။

 


စနစ်တကျ လေ့ကျင့်ကြိုးပမ်း


ဤဒီဂရီကောလိပ်များမှ ကျောင်းဆင်းသော ပညာတတ်လူငယ် များသည်  ဒို့တာဝန်အရေးသုံးပါးကို အသက်နှင့်ထပ်တူ ထိန်းသိမ်း စောင့် ရှောက်လိုသော စိတ်ရှိခြင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ခိုင်မာ၍ ပြည်ထောင်စုဖြိုခွဲမည့် ရန်သူများအား ကာကွယ်ဖယ်ရှား စောင့်ရှောက်လိုစိတ်ရှိခြင်း၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ   မပျောက်ပျက်အောင်   ထိန်းသိမ်းလိုစိတ်ရှိခြင်း၊ တစ်အူထုံ့ဆင်း     ညီရင်းအစ်ကိုများပမာ     ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်လိုခြင်း၊  အနာဂတ်တွင်    တိုင်းရင်းသားလူမျိုး အချင်းချင်း တစ်ဦးနှင့်တစ်ဦး နားလည်ပြီး အေးအတူပူအမျှ အေးချမ်း သာယာသော လူ့ဘောင်လောက ဖော်ဆောင်လိုခြင်းစသော  လောက ပါလတရားများပြည့်ဝသည့် လူကောင်းလူတော်  နိုင်ငံသားကောင်း များဖြစ်ပေါ်လာရန် စနစ်တကျ လေ့ကျင့်ကြိုးပမ်းခဲ့သူများဖြစ်သည်။ 

 


ဤဒီဂရီကောလိပ်များမှသင်ကြားသော  ပညာရပ်များနှင့် လေ့ကျင့် ပျိုးထောင်ပေးသော  လက်တွေ့သင်ခန်းစာများကြောင့် ကျောင်းတော် သားများသည်  ဘာသာရပ်ပေါင်းစုံ၏    စုပေါင်းမှုစွမ်းအားကို ရရှိပေ သည်။ ကျောင်းတော်သားများသည် ကျောင်းတော်ကြီးက သင်ကြား ပေးလိုက်သော   ပညာရပ်အရောင်အသွေးများဖြင့်  စုံလင်သော  သက်တံ ရောင်စဉ်များ    လွှမ်းခြုံနေသောသူများဖြစ်ကြောင်း   တင်စားကာ ဆိုလိုက်ချင်ပါသည်။ သက်တံရောင်စဉ်များသည် ဤဒီဂရီကောလိပ် များမှ စတင်ပေါ်ထွက်လာပြီး ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံတော် တစ်ဝန်းလုံး၏   နယ်နိမိတ်အဆုံးတိုင်  လွှမ်းခြုံသက်ရောက်သွားမည် ဖြစ်ပေသည်။  ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာပြည့်ဝသော၊ ပညာရပ် အမြင်ကျယ်ပြန့်သော၊ လက်တွေ့ဖော်ဆောင်နိုင်စွမ်းရှိကာ တိုင်းရင်း သား    လူငယ်များသည်    ဘွဲ့ရပညာတတ်လူငယ်များအဖြစ်ဖြင့် နိုင်ငံတော်၏ အစွန်အဖျား ဒေသအသီးသီးတွင် နိုင်ငံတာဝန်ကို အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ရာ  သက်တံရောင်စဉ်များ   နိုင်ငံ တစ်ဝန်းထွန်းလင်းဖြာလျက်  ရှိနေပြီဖြစ်ပါတော့သည်။ 

 


 တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း   မှီတင်းနေထိုင် ကြသော တိုင်းရင်းသားများအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးကို ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများက  အစဉ်တစိုက်   ရှေးရှု ဆောင်ရွက်ခဲ့ကြသည်။  ထိုဆောင်ရွက်ချက်များ၏  အသီးအပွင့်များ အဖြစ် ပေါ်ထွန်းလာခဲ့သော နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ (စစ်ကိုင်း) တို့သည် လျင်မြန်စွာ  ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး  ပြည်ထောင်စုဖွားတိုင်းရင်းသား လူငယ်များအား      လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အတွက် ဝန်ထမ်းကောင်း၊  ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြပေသည်။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး သည် တိုင်းရင်းသားပေါင်းစုံ  စည်းလုံးတူယှဉ်ကာ    ပွင့်လန်းနေသော ပန်းဥယျာဉ်ကြီးသာ ဖြစ်ပေတော့သည်။  မြန်မာပြည်ဖွား  တိုင်းရင်း သားတို့၏ ချစ်ကြည်ပေါင်းစည်းမှုကို ဖော်ဆောင်သော ကဗျာတစ်ပုဒ် အား ဂုဏ်ပြုစပ်ဆို ဖော်ပြအပ်ပါသည်-

    *    မြောက်ဖျားမြန်မာ
        ကချင်ပြည်မှာ
        မေခ မလိခပေါင်းဆုံကာ
        တောလည်းတောင်သာ
        ဖြတ်ကျော်တော့
        ဧရာဝတီဖြစ်တည်ပေါ့။
    *     ချင်းပြည်နယ်လည်း ဖြတ်သန်းလာ
        ဧရာချင်းတွင်း ပေါင်းဆုံကာ
        မေတ္တာရေတွေ တိုးကာပွား
        တောင်ပေါ်မြေပြန့်  ညီအစ်ကိုများ။
    *     ရှမ်းပြည်နယ်မှ ကိုရွှေလီ၊ 
        ဧရာဝတီနဲ့    ပေါင်းဆုံသည်
        မြန်ပြည်အလှ တိုးကာပွား
        တစ်အူထုံ့ဆင်း ညီအစ်ကိုများ။
    *     ရခိုင်ဒေသ ကစ္စပနဒီ
        စီးဆင်းလာသည့် မြန်ရွှေပြည် ၊
        ညီပုကလေး စစ်တောင်းလည်း
        အားဖြည့်ကာပင် စီးဆင်းမြဲ။
   *     ရွှေသံလွင်လည်း မနေသာ
        ကရင်၊ ကယား ၊ မွန်  မကျန် 
        သယ်ဆောင်လာ
        မြန်ပြည်အင်အားတိုးကာပွား
        အေးအတူ ပူအမျှ ညီအစ်ကိုများ။
   *     ဤသို့သာပင်
        မြန်ပြည်တခွင်
        မြစ်နဒီတို့ အလှဆင်
        ကချင်လည်းချစ် ချင်းလည်းချစ်
        ရခိုင် မွန် ကယား ရှမ်းပါချစ်။
    *     တိုင်းရင်းသားတို့ မေတ္တာဝေ
        တောင်တန်းမြေပြန့် မခွဲခြားပေ 
        ပေါင်းဆုံလာလို့ ချစ်ကြည်မဆုံး
        မြန်ပြည်သားတို့ တစ်ပြုံးပြုံး
        သွေးစည်းကြမည် တစ်သက်လုံး။     ။