ပြည်သူအားလုံးနှင့် ထိုက်တန်သည့်ဒီမိုကရေစီ

Type
1

 

ကနောင်
 

 

ဒီမိုကရေစီစနစ်ဟာ တိုင်းပြည်အုပ်ချုပ်တဲ့စနစ်တွေအနက် အခက်ခဲဆုံးစနစ်တစ်ခုဖြစ်ပြီး ပြည်သူပြည်သားတွေရဲ့ အသိဉာဏ်ပညာနဲ့ဆင်ခြင်တုံတရား မလုံလောက်ခဲ့ဘူးဆိုရင် ဒီမိုကရေစီစနစ်ဟာ ဗရုတ်သုက္ခဖြစ်စေနိုင်တယ်လို့ မြန်မာနိုင်ငံသား၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ဆိုခဲ့ဖူးသည်။

 

ထို့အတူ  လွတ်လပ်ရေးဖခင်ကြီး   ဗိုလ်ချုပ် အောင်ဆန်းကလည်း ဒီမိုကရေစီဆိုတာ ပြည်သူ တွေက ရွေးချယ်တင်မြှောက်ပေးရုံ၊ အစိုးရအဖွဲ့ဖွဲ့ ရုံနဲ့မပြီးဘဲ ပြည်သူ့အရေးကို ရှေ့တန်းတင်၊ ပြည်သူ့ ဘဝကိုမြှင့်တင်၊  သိမြင်အောင်  ဆောင်ရွက်နိုင်မှ ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ပြည်သူတွေမျှော်မှန်းတဲ့ ဒီမိုကရေစီဖြစ်မည်ဟု မိန့်ခွန်းတစ်ရပ်၌ ပြောကြား ခဲ့ဖူးသည်။

 


ဒီမိုကရေစီစနစ်၏ အလိုအပ်ဆုံးအခြေခံနှစ်ခု


ဒီမိုကရေစီစနစ်သည် ပြည်သူ့ထံမှ ဆင်းသက် လာသည့် အာဏာအရ အုပ်ချုပ်သည့်စနစ်တစ်ခု ဆိုလျှင် မပြည့်စုံသေး၊  ဒီမိုကရေစီစနစ်၏ အလိုအပ် ဆုံးအခြေခံနှစ်ခုမှာ      စည်းနှစ်စည်းဖြစ်သည့် စည်းကမ်းရှိမှုနှင့် စည်းလုံးညီညွတ်မှု လိုအပ်သည်။ ထို့ပြင် တရားမျှတမှု၊ လုံခြုံပြည့်ဝမှု၊ တန်းတူရည်တူ ရှိမှုဟူသည့်    လူမှုရေးရာအကြောင်းအရာများ ပါဝင်သလို၊ လူအများ၏ စိတ်ဓာတ်အရည်အသွေး များဖြစ်သည့် သည်းခံခွင့်လွှတ်မှု၊ စိတ်ရှည်နားလည် မှုတို့  လိုအပ်သည်။

 


ဒီမိုကရေစီဘိုးအေကြီးများဟု  ခေါ်ဆိုထိုက် သည့်  နိုင်ငံများတွင် လူမျိုးရေး၊ ဘာသာရေး၊ ပညာ ရေး   အစစအရာရာ    တန်းတူညီမျှမှုရှိသည်။ ကောင်းလေစွ။  သို့တိုင်အောင်   အစွန်းရောက် အကြမ်းဖက်သမားတို့ တိုက်ခိုက်မှုလည်း မကင်း သေးချေ။ အပြစ်မဲ့ ပြည်သူများကို အစွန်းရောက် သူများက     သတ်ကြဖြတ်ကြသည့်အခါ   ဒီမို ဘက်တော်သားများက ငါတို့ ဒီလောက် ဒီမိုကရေစီ ပိုင်ဆိုင်ထားလျက်နှင့်ဆိုကာ ခံပြင်းကြသည်။

 


ဥပမာအားဖြင့်   ပြင်သစ်နိုင်ငံ    ပါရီမြို့က ချာလီဟဘ်ဒို ကာတွန်းမဂ္ဂဇင်းတိုက်ကို ဘာကြောင့် အကြမ်းဖက်သမားတွေ ဝင်ရောက်ပစ်ခတ်ခဲ့သလဲ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟူသည့် ဒီမို ကရေစီ၏စံနှုန်းဖြင့် တစ်ဖက်ကို ထိခိုက်စေခဲ့မိခြင်း သည် ပြဿနာ၏ အစဖြစ်သည်။ ကမ္ဘာမှာ ဒီမို ကရေစီတော်လှန်ရေးကိုစတင်ခဲ့သည့် ပြင်သစ်တို့က လွတ်လပ်ခြင်းဟူသည့်   လက်ဝဲအတွေးအခေါ် အပြည့်ဖြင့် အခြားသူများ တန်ဖိုးထားသည့်အရာ အချို့ကို ချိုးဖောက်မိရာ၊ ဆွမိရာရောက်ခြင်းဟု ပြောဆိုဝေဖန်ကြတာ     ရှိခဲ့သည်။      အစိုးရက  လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်ကို ကာကွယ်ဖို့ နှင့် အစွန်းရောက် အကြမ်းဖက်ဝါဒကို လက်မခံ ကြောင်း ကြေညာခဲ့သည်။ 

 


လွတ်လပ်ခွင့်နှင့်ဒီမိုကရေစီ


အကြမ်းဖက်ခြင်းကို   လက်သင့်မခံသည့်တိုင် ထိလွယ်ရှလွယ်ကိစ္စရပ်များနှင့်   စံသတ်မှတ်မှု တန်ဖိုးများကို မထီမဲ့မြင်မှုသည် ဒီမိုကရေစီနှင့် မလျော်ဟု ယူဆမိပါသည်။ ဒီမိုကရေစီသည် မည်သူ တစ်ဦးတစ်ယောက်အပေါ်မျှ ထိခိုက်မှု၊ အဟန့် အတား၊ စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ဥပဒေ ဘောင်အတွင်းမှာ နေထိုင်သည့် လွတ်လပ်ခြင်းမျိုး၊ သူတစ်ပါးက ဥပဒေနှင့်အညီ လွတ်လပ်စွာ နေထိုင် ခြင်းကို    လေးစားအသိအမှတ်ပြုခြင်းမျိုးသာ ဖြစ်သင့်သည်။ ထို့ကြောင့်ပင် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီသည်သာ အကောင်းမွန် ဆုံးသော ဒီမိုကရေစီနည်းလမ်းဟု ဆိုချင်ပါသည်။

 


စည်းကမ်းရှိမှု


ဒီမိုကရေစီစနစ် အခြေခံဖြစ်သည့် စည်းကမ်းရှိမှု ဟု ဆိုလိုက်လျှင် လမ်းပေါ်  ကွမ်းတံတွေးထွေး၊ အမှိုက်ပစ်သည်ကိုသာ ဆိုလိုသည် မဟုတ်၊ ထိုမှအစ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ လူမျိုးရေး၊   စီးပွားရေး အစရှိသည့်  နယ်ပယ်အသီးသီး၌ စည်းစနစ်တကျနှင့် ပြည်သူပြည်သားတိုင်းက အံဝင်ခွင်ကျ၊ နိုင်ငံကြီး သား  ပီသစွာနေထိုင်နိုင်ဖို့  လိုအပ်ပါသည်။ ထို့အတူ ဒီမိုကရေစီစနစ်ကိုပိုင်ဆိုင်လိုသည့် နိုင်ငံသားတွေ ဖြစ်သည်ဟုဆိုကာ ငါနှင့်မတူ ငါ့ရန်သူစိတ်ထားပြီး တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ပြည်နယ် နှင့် တစ်ပြည်နယ်၊ တစ်ပါတီနှင့်တစ်ပါတီ တိုက်ခိုက်  ရန်လို    အပြစ်ရှာနေလျှင်  စည်းလုံးညီညွတ်မှု အားနည်းပြီး ဒီမိုကရေစီနှင့်အလှမ်းဝေးနေဦးမည် ပင်။   ဒီမိုကရေစီနိုင်ငံသားတွေဟုဆိုပြီး   နိုင်ငံ အကျိုးစီးပွားအတွက် ဘယ်ဘက်ကမှ ကူညီမှုမရှိ ကန့်လန့်တိုက် ထင်ရာစိုင်းနေကြမည်ဆိုလျှင်လည်း ဒီမိုကရေစီ  တာရှည်ခံမည်မဟုတ်။

 


 ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ပုံသဏ္ဌာန်


ထို့အတူ  နိုင်ငံအလိုက်  ဒီမိုကရေစီ  ပြုပြင် ပြောင်းလဲမှု ပုံသဏ္ဌာန်များကလည်း ထပ်တူကျနိုင် မည်မဟုတ်ပါ။ ဒီမိုကရေစီကို  အခြားနိုင်ငံတစ်ခု ကနေ မှာယူတင်သွင်းဖို့ ကြိုးစား၍လည်း မရနိုင်ပါ။ ဥပမာအားဖြင့်   အင်္ကျီချုပ်သမားသည်  အဝတ် တစ်ထည် ချုပ်လုပ်နိုင်ဖို့အတွက် အတိုင်းအတာကို သိရှိကာ မလိုအပ်သည်များကိုဖြတ်ညှပ်၍ လည်း ကောင်း၊  ဝတ်ဆင်မည့်သူနှင့်  လိုက်ဖက်ညီမည့် အဆင်တန်ဆာတို့ကို ထည့်သွင်း၍ လည်းကောင်း အထည်ကို     အကောင်းဆုံး  ချုပ်လုပ်ကြသကဲ့သို့ ဒီမိုကရေစီသည်လည်း     နိုင်ငံတစ်နိုင်ငံချင်းစီ၏ နိုင်ငံရေးဖြတ်သန်းမှု၊  လူမျိုးရေး၊  ဘာသာရေး၊ ယဉ်ကျေးမှု၊ အလေ့အထနှင့် တိုင်းသူပြည်သားများ ၏ တန်ဖိုးထားမှုစံနှုန်းများ၊ ပညာအရည်အချင်းများ၊ စိတ်ဓာတ်အခြေအနေများ၊ တွေးခေါ်မှုအယူအဆ များ စသည့် မတူညီသည့်အချက်များကို ထည့်သွင်း စဉ်းစားပြီးမှသာ  အသင့်လျော်ဆုံးဖြစ်မည့်   ဒီမို ကရေစီ  ပြုပြင်ပြောင်းလဲမှု (Democratization) အဆင့်ဆင့်ကို ပြည်သူများအားလုံးက ဝိုင်းဝန်းပုံ ဖော်ပေးကြဖို့ လိုအပ်မည်ဟု  စာရေးသူကတော့ ထင်မြင်မိပါသည်။

 


မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း


မိမိတို့နိုင်ငံနှင့်   ဒီမိုကရေစီခရီးသည်  ၂၀၀၈ ခုနှစ်တွင် ပေါ်ထွက်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မှစတင်သည်။ ယင်းအခြေခံဥပဒေဖြင့် အရပ်သား အစိုးရ  နှစ်ဆက်တာဝန်ယူခဲ့ပြီး  ဖြစ်သည်။  ဒီမို ကရေစီ  ပြုပြင်ပြောင်းလဲခြင်း၏    အခြေခံလုပ်ငန်း စဉ်သည် လွတ်လပ်ပြီး  တရားမျှတသော  ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခြင်းဖြစ်ပါသည်။ ပြည်သူရွေးချယ်မှုဖြင့် တာဝန်ယူ၊ တာဝန်ခံ မည့်  အစိုးရတစ်ရပ်သည် ရှေ့အစိုးရအဖွဲ့တို့၏ အားနည်းချက်များကို    ပြုပြင်ရင်း၊
အားသာချက်များကို အခြေခံကာ   တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရမည် မဟုတ်ပါ လား။  သို့တိုင် ၂၀၂၀ ပြည့်နှစ်   ရွေးကောက်ပွဲ၌   မဲမသမာမှုများစွာ ဖန်တီး၍ နိုင်ငံတော်အာဏာကို အတင်းရယူရန် ကြိုးပမ်းသူများကြောင့်    ဒီမိုကရေစီ လမ်းကြောင်း တုံ့ဆိုင်းခဲ့ရပြီ။ ရိုးသားမှုမရှိသည့် ရွေးကောက်ပွဲ၊ ရွှေရည်စိမ်ဒီမိုကရေစီ၊ တစ်ပါတီ ကောင်းစားရေးဟူ၍   သမိုင်းအမည်းစက်ထင်ခဲ့ပြီ။  ထို့ကြောင့် နိုင်ငံတော်ကို   အရေးပေါ်အခြေအနေ ကြေညာ၍    တပ်မတော်က   ထိန်းသိမ်းပေးကာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို  စစ်ဘက်၊  အရပ်ဘက် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း၍ ဦးတည်ချက်၊ ရည်မှန်းချက်များဖြင့် တာဝန်လွှဲပြောင်းရယူထား ခဲ့ရသည်မှာ ရာသီစက်ဝန်း တစ်ပတ်လည်ခဲ့ပြီ။

 


အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ  ဆောင်ရွက်ဖွယ်ရာများ ပြီးစီးသွားချိန်တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသွားမည်။ ထိုအခါ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အားလုံးပါဝင် လာနိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်များ ညှိနှိုင်း သတ်မှတ်ခြင်း၊  လူတိုင်းမဲပေးနိုင်ရန်   နိုင်ငံသား ကတ်ပြားများ  ထုတ်ပေးခြင်းစသည်တို့ကိုလည်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက      ဦးစီး ဆောင်ရွက်နေကြသည်။ နိုင်ငံ၏ စီးပွားရေး၊ လူမှု ရေး၊ ငြိမ်းချမ်းရေး စသည့်ကဏ္ဍအသီးသီးတွင်လည်း မြင့်မားတိုးတက်စေဖို့ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ ဒီမိုကရေစီအရေခြုံအကြမ်းဖက်သမား၊ နိုင်ငံ့သစ္စာဖောက်များနှင့်    အဖျက်သမားများ၏  ရန်ကိုလည်း တားဆီးပေးလျက်ရှိသည်။ ယင်းသည် ပင်     ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အဆင့်များဖြစ်သည်။

 


ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို    အခြေခံသည့် ပြည်ထောင်စု  


စင်စစ်    ဒီမိုကရေစီစနစ်သည်    လူတစ်ဦး၏ နှုတ်ထွက်စကားနှင့် စိတ်ကူးပေါက်ရာကို အကောင် အထည်ဖော်ရသည့် နိုင်ငံရေးစနစ်မျိုးမဟုတ်သကဲ့သို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွင် အဆင့်လိုက်၊ အဆင့်လိုက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်မှသာ ပြည်သူများ  လိုလားတောင့်တသည့်  စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့်  ကျင့်သုံးလာနိုင်မည်။   ဒီမို ကရေစီနှင့်     ဖက်ဒရယ်စနစ်ကို    အခြေခံသည့် ပြည်ထောင်စု  စနစ်တကျပေါ်ထွက်လာမည်ဖြစ်   ပါသည်။

 


ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး   ခရီးသည် လွယ်ကူချောမွေ့သည့် ခရီးစဉ်တော့  မဟုတ်ပါ။ ပြည်သူတင်မြှောက်သည့် အစိုးရသည် ကောင်းမွန် သောအုပ်ချုပ်ရေးကို တည်ဆောက်ရမည်၊ ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တရားဥပဒေစိုးမိုးမှုစသည်တို့ တာဝန်ယူမှု၊  တာဝန်ခံမှုအပြည့်ဖြင့်    ကြိုးပမ်း ထမ်းဆောင်ရမည်ဖြစ်သကဲ့သို့ ပြည်သူလူထုသည် လည်း စည်းလုံးညီညွတ်မှု၊ စည်းကမ်းပြည့်ဝမှုနှင့် တရားဥပဒေစိုးမိုးစေဖို့ ကူညီထမ်းရွက်ကြဖို့လိုအပ် ပါသည်။ ဒီမိုကရေစီသည် အလိုအလျောက်ရရှိလာ မည့် အခွင့်အရေးမဟုတ်။  ပြည်သူများက  တက်ကြွ စွာဖြင့်  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များအပေါ် နှလုံးသားအပြင်    ဦးနှောက်အသိတရားနှင့်ပါ ဆောင်ရွက်သင့်ပါသည်။

 


ထိုက်တန်သည့်ဒီမိုကရေစီ


ဒီမိုကရေစီဟု တွင်တွင်သုံးစွဲနေသူတို့သည် ဒီမို ကရေစီနှင့် လားရာဆန့်ကျင်နေသည့် အကြမ်းဖက် လုပ်ရပ်များကို  လက်ခံ၍မဖြစ်။  အယူအဆမတူ၊ ရပ်တည်ချက်မတူတိုင်း ဒီမိုကရေစီမဟုတ်ဘူးဟူ၍ မျက်စိမှိတ်ခံငြင်းနေ၍မရ။ ဒီမိုကရေစီ (Democracy) ဟူသော   ဝေါဟာရကို  အဓိပ္ပာယ်ဖွင့်ဆိုရာတွင် Discipline(စည်းကမ်းရှိမှု)၊ Equality  (တန်းတူ ညီမျှရှိမှု)၊      Morality(ကိုယ်ကျင့်တရားကောင်းမွန်မှု)၊  Organization(အတူတကွပေါင်းစည်းမှု)၊  Citizen(နိုင်ငံကြီးသားပီသမှု)၊ Religion (ဘာသာ တရားအပေါ်လေးစားမှု)၊ Ability  (စွမ်းရည်ရှိမှု)၊   Chief  (ဦးဆောင်ဦးရွက်ပြုမှု )နှင့်  Youth (တက်ကြွ ဖျတ်လတ်မှု) ဟူ၍   တင်စားခိုင်းနှိုင်းကြသည်။ ထိုဝေါဟာရများ၊ အဓိပ္ပာယ်များသည် ဒီမိုကရေစီ အစိုးရကိုသာ ကိုယ်စားပြုသည် မဟုတ်၊ ဒီမိုကရေစီ နိုင်ငံသားတို့ကိုလည်း ကိုယ်စားပြုသည်။ နိုင်ငံသား တို့ကပူးပေါင်းပေးမှသာ မိမိတို့နှင့်ထိုက်တန်သည့်  ဒီမိုကရေစီကို  အမှန်ပိုင်ဆိုင်မည်ဖြစ်ပါသည်။

 


မိမိတို့မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး မျှော်လင့်တောင့်တနေသည်ကား စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို   တည်ဆောက်နိုင်ရေးပင် ဖြစ်ပါသည်။ အချို့သောသူများကဲ့သို့ ဒီမိုကရေစီရရှိ ရေး ဒီမိုကရေစီရရှိရေးဟု အော်ဟစ်ကြွေးကြော် နေခြင်း၊ ကန့်လန့်တိုက်ဆန္ဒပြ၊ ချုံခိုတိုက်ခိုက်နေ ခြင်းတို့ဖြင့် အချိန်မကုန်ဆုံးစေလိုပါ။ ဒီမိုကရေစီ၏ အနှစ်သာရ၊ အမှန်တရားကို သိမြင်နားလည်၍ မိမိ တို့နိုင်ငံနှင့်  အသင့်တော်ဆုံးဖြစ်မည့်  ဒီမိုကရေစီ  ပြုပြင်ပြောင်းလဲခြင်းအဆင့်တိုင်းကို ပြည်သူတိုင်းက စည်းကမ်းတကျ၊ စည်းစည်းလုံးလုံး ဖော်ဆောင်ရင်း ဒီမိုကရေစီနိုင်ငံတော်ကြီးကို    ပိုင်ဆိုင်ကြရမည့် အချိန်သာ ဖြစ်ပါကြောင်း။    ။