နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) တွင် အမှာစကားပြောကြား

 

ပြည်တွင်းထုတ်လုပ်မှုကို အားပေးမှသာ ကုန်ဈေးနှုန်းကျဆင်းလာမည်ဖြစ်ပြီး ငွေကြေးခိုင်မာမှု ရရှိလာမည်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး  အမှတ်စဉ်  (၁/၂၀၂၂) ကို  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။    

 


အစည်းအဝေးသို့    ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်     ဗိုလ်ချုပ်ကြီး    မြထွန်းဦး၊     ဦးဝဏ္ဏ မောင်လွင်၊    ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်၊   ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင် နိုင်ဦး၊      ဦးကိုကိုလှိုင်၊    ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင် သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊  ဒေါက်တာညွန့်ဖေ၊  ဒေါက်တာ မျိုးသိန်းကျော်၊    ဒေါက်တာ သက်ခိုင်ဝင်း၊   ဦးမင်း သိန်းဇံ၊  ဦးရွှေလေး၊  ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့  တက်ရောက်ကြသည်။ 

 


ရာနှုန်းပြည့်ဆောင်ရွက်နိုင်မှုအားနည်းခဲ့


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က         အဖွင့်အမှာစကား ပြောကြားရာ၌ ပြီးခဲ့သည့် ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာ ရေးနှစ်တွင် မိမိတို့ အစိုးရတာဝန်ယူဆောင်ရွက်မှုမှာ ၈ လတာကာလရှိခဲ့ပြီး  ယခင်အစိုးရမှ  တာဝန်ယူ ဆောင်ရွက်မှု ၄ လတာကာလရှိခဲ့ကြောင်း၊ မိမိတို့တာဝန်ယူပြီးချိန်နောက်ပိုင်း နိုင်ငံရေးအခြေအနေ များကြောင့် နိုင်ငံ၏စီးပွားရေး၊ လုံခြုံရေးအခြေအနေ များတွင်  အထိုက်အလျောက်သာ  တိုးတက်မှုရရှိခဲ့ ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ သယ်ယူပို့ဆောင် ရေး၊  ထုတ်လုပ်မှုအတွက်  လိုအပ်သည့်  ကုန်ကြမ်း ရရှိရေး၊ သွင်းအားစုများရရှိရေး လိုအပ်ပြီး အပြည့် အဝ ဆောင်ရွက်နိုင်မှု အားနည်းခဲ့သကဲ့သို့ နိုင်ငံရေး အရ ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်သမားများ မှ အကြမ်းဖက်လုယက်သတ်ဖြတ်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊   မီးရှို့ဖျက်ဆီးခြင်း   စသည့်အဖျက် အမှောင့်လုပ်ရပ်များအထိ အဆင့်ဆင့်လုပ်ဆောင် လာခဲ့သဖြင့် လုံခြုံရေးအဖွဲ့အစည်းများက ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊  အလားတူ  လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပတ်သက်၍လည်း တပ်မတော် အနေဖြင့် ထိရောက်စွာ ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်း များ ရှိကြောင်း၊ အဆိုပါထိန်းသိမ်း ဆောင်ရွက်သည့် ဖြစ်စဉ်များအတွင်း    အပြစ်မဲ့ပြည်သူများ၊    နိုင်ငံ့ ဝန်ထမ်းများနှင့် နိုင်ငံတော်လုံခြုံရေးအတွက် တာဝန် ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊       တပ်မတော်သားများ    ထိခိုက်သေကျေ ဒဏ်ရာရရှိခဲ့ရမှုများအတွက်လည်း   မိမိအနေဖြင့် စိတ်မကောင်းဖြစ်ရပါကြောင်း၊ အဆိုပါဖြစ်စဉ်များ ကြောင့် နိုင်ငံ၏စီးပွားရေးနှင့် ပတ်သက်ပြီး မိမိတို့ အနေဖြင့် ရာနှုန်းပြည့်ဆောင်ရွက်နိုင်မှု  အားနည်းခဲ့ ပါကြောင်း။ 

 


အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ


တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စု ဝန်ကြီးများအနေဖြင့်လည်း  ဝေဖန်တိုက်ခိုက်မှုများ၊ ဆူပူမှုများကြားမှ    ပြည်သူများနှင့်အတူ  ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့မှုများကြောင့်  ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း    အောက်တိုဘာလအထိ ယာယီစာရင်းအရ   ကုန်သွယ်မှုပိုငွေ   အမေရိကန် ဒေါ်လာ ၆၇၇ သန်းရှိခဲ့သည်ကို    တွေ့ရှိရကြောင်း၊ ယခုလာမည့်    ဘဏ္ဍာရေးနှစ်အတွင်းတွင်လည်း ကုန်သွယ်မှုပိုငွေများ  ထပ်မံတိုးတက်လာမည်ဖြစ် ကြောင်း၊     ယခုကဲ့သို့    နိုင်ငံ၏ကုန်သွယ်မှုပိုငွေ များ အတိုင်းအတာတစ်ခုအထိ တိုးတက်လာသဖြင့် အောင်မြင်မှုတစ်ခုဖြစ်ပြီး ထိုသို့ကြိုးပမ်းဆောင်ရွက် ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊   ပြည်ပနိုင်ငံများသို့   ပို့ကုန်များ ယခုထက်  ပိုမိုတင်ပို့နိုင်ရန်လိုအပ်ပြီး  သယံဇာတ ပစ္စည်းများ တင်ပို့ရောင်းချခြင်းထက် စိုက်ပျိုးမွေးမြူ ရေး ထုတ်ကုန်ပစ္စည်းများကို တင်ပို့ရောင်းချနိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး      ဆောင်ရွက်ရာတွင် လူအင်အားကိုအသုံးချ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် နိုင်ငံသားများ၏   အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များ   ယခုထက်    ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

 


 ပို့ကုန်များကို ပိုမိုတင်ပို့နိုင်


ပြည်ပပို့ကုန်များနှင့်      ပတ်သက်၍   မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ  ဖြစ်ကြသည့်      တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ မိမိတို့နိုင်ငံမှ     ထွက်ရှိသည့်     စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို များစွာတင်ပို့နိုင်ကြောင်း၊ အရည် အသွေးပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများ တင်ပို့နိုင် မည်ဆိုပါက     မိမိတို့နိုင်ငံအတွက်   ပြည်ပဝင်ငွေ များစွာရရှိမည်ဖြစ်ကြောင်း၊   ဆန်၊  ပဲ၊  ပြောင်းနှင့် မွေးမြူရေးထုတ်ကုန်များသည် မိမိတို့ပြည်သူများ၏ ၇၀ ရာခိုင်နှုန်းခန့်မှ   ဆောင်ရွက်နေသည့်   အဓိက စီးပွားရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပင် ဖြစ်ကြောင်း၊      ထို့ကြောင့်     ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍   အဓိကကျသည့်   စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများကို       တန်ဖိုးမြင့်ထုတ်ကုန်၊ အရည်အသွေးမြင့်ထုတ်ကုန်များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊      မိမိတို့အနေဖြင့် ၂၀၂၁  ခုနှစ်    အကျပ်အတည်းကာလအတွင်း၌ပင် တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခြေအနေ တည်ငြိမ်ကောင်းမွန်သည့် အချိန်ကာလတွင် ပို့ကုန် များကို ပိုမိုတင်ပို့နိုင်မည်ဟု ယုံကြည်ကြောင်း။

 


ပြည်တွင်း၌ ချည်ချောများအဖြစ်ထုတ်လုပ်


ပြည်ပပို့ကုန်များတွင်ပါဝင်သည့် ဝါဂွမ်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ တွက်ချက်မှုအရ မိမိတို့နိုင်ငံ၏ ဝါဂွမ်းစိုက်ပျိုးမှုသည် မိမိတို့နိုင်ငံ၏ လိုအပ်ချက်ထက် ကျော်လွန်ထုတ်လုပ် နိုင်မှုရှိသည်ဟု သိရှိရကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ် အတွင်း ချည်ထည်နှင့် ဆက်စပ်ပစ္စည်းမျိုးစုံ ပြည်ပမှ အမေရိကန်ဒေါ်လာ    ၁၂၈၀  ဒသမ  ၁၅၂  သန်းဖိုး တင်သွင်းခဲ့ရသည်ကို တွေ့ရှိရကြောင်း၊  မိမိတို့နိုင်ငံ မှ    ပြည်ပနိုင်ငံများသို့    ဝါဂွမ်းများတင်ပို့ရာတွင် ထိုက်သင့်သည့်  အခွန်အခများပေးရသကဲ့သို့    မိမိတို့ နိုင်ငံရှိ အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့် ချည်ထည်များ    တင်သွင်းရာတွင်လည်း   ဈေးနှုန်း ကြီးမြင့်စွာပေး၍ ဝယ်ယူနေရကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်း၌ ချည်ချော များအဖြစ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် နိုင်မည်ဆိုပါက  ပြည်ပမှတင်သွင်းမှုများ  လျော့ကျ သွားမည်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်နှင့်  ပြည်တွင်း အထည်ချုပ်လုပ်ငန်းကို များစွာအထောက်အကူပြု မည်ဖြစ်ကြောင်း၊       ပထမဦးစားပေးအနေဖြင့် ပြည်တွင်းအဝတ်အထည်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရန်ဖြစ်ပြီး  ဆက်လက်၍  အထည်ချုပ်လုပ်ငန်း များမှ   ပြည်ပနိုင်ငံများသို့   ပို့ကုန်များတင်ပို့နိုင်ရန် လိုကြောင်း၊ ထို့ကြောင့် ပြည်တွင်းရက်ကန်းလုပ်ငန်း များကို အဆင့်မြှင့်တင်ပြီး အရည်သွေးပြည့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို    ဖိတ်ခေါ်ဆောင်ရွက် သွားရန်လိုကြောင်း။

 


ပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်


မိမိတို့နိုင်ငံတွင် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါ နှစ်မျိုး စိုက်ပျိုးပြီး အများအားဖြင့် ချည်မျှင်ရှည်ဝါကို စိုက်ပျိုးကြကြောင်း၊ ဝါနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် အီဂျစ်၊   တူရကီ၊  ပါကစ္စတန်နှင့်   အိန္ဒိယနိုင်ငံတို့မှာ ထင်ရှားသည့်နိုင်ငံများဖြစ်ပြီး  ဗဟိုအာရှနိုင်ငံများ တွင်လည်း ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ အောင်မြင် သည့်နိုင်ငံများလည်းရှိကြောင်း၊ ဝါမျိုးကောင်းမျိုးသန့် များ   ရရှိရေးနှင့်    ချည်မျှင်ရှည်ဝါထုတ်လုပ်ရေး လုပ်ငန်းများအတွက် အဆိုပါနိုင်ငံများရှိ ပညာရှင်များ နှင့်   ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဆိုပါက   မိမိတို့ နိုင်ငံ၏   ဝါစိုက်ပျိုးထုတ်လုပ်မှုအတွက်    များစွာ အကျိုးရှိမည်ဖြစ်ကြောင်း။

 


ရေသုံးစွဲမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ရေကို စိုက်ပျိုးရေးလုပ်ငန်းများ၊  မွေးမြူရေးလုပ်ငန်းများနှင့် လူများသုံးစွဲမှုဟူ၍ သုံးမျိုးရှိကြောင်း၊ ၂၀၂၁ ခုနှစ် အတွင်း     ရာသီဥတုကောင်းမွန်ပြီး     မိုးကောင်းစွာ
ရွာသွန်းခဲ့မှုကြောင့် နိုင်ငံတစ်ဝန်းရှိ ဆည်များအတွင်း ရေဝင်ရောက်မှုကောင်းမွန်၍ ရေလုံလောက်စွာရရှိခဲ့ ကြောင်း၊   သို့သော်   အဆိုပါဆည်များမှရေများကို ရေအားလျှပ်စစ်ဓာတ်အား  ထုတ်လုပ်ခြင်းလုပ်ငန်း များ ရှိကြောင်း၊    ဆည်များရှိ  ရေများအား   ရေအား လျှပ်စစ်ဓာတ်အား  သုံးစွဲမှုတစ်ခုတည်းကိုသာမက စိုက်ပျိုးရေးလုပ်ငန်းများတွင်ပါ          ထိရောက်စွာ အသုံးချရန်    လိုအပ်ကြောင်း၊  လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့်ပတ်သက်၍    LNG  ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်းနှင့် သဘာဝဓာတ်ငွေ့များလုံလောက်စွာရရှိမှုမရှိခြင်း၊   သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်များ   ပြုပြင်ရခြင်းများ ကြောင့် လျှပ်စစ်ထုတ်လုပ်ရေးအတွက် အခက်အခဲ များဖြစ်ပေါ်ခဲ့သကဲ့သို့ မဟာလျှပ်စစ်ဓာတ်အားလိုင်း များကို အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးခြင်းများရှိခဲ့ကြောင်း၊    ထို့ကြောင့်   လိုအပ်သည့် လျှပ်စစ်ဓာတ်အားများပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး အတွက်     ဆည်များအတွင်း    သိုလှောင်ထားသည့် ရေများကိုအသုံးပြု၍    လျှပ်စစ်ဓာတ်အား  တိုးမြှင့် ထုတ်လုပ်ရခြင်းများရှိကြောင်း၊ အဓိကအားဖြင့်ရေကို စနစ်တကျဖြင့် အကျိုးရှိစွာအသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်  အသုံးပြုရာတွင် လည်း အဟောသိကံ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ရေသုံးစွဲမှုကိုစနစ်တကျဖြင့် ထိရောက်စွာအသုံးချရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မြစ်ရေတင်နှင့် ဆည်ရေ သောက်စိုက်ပျိုးရေးလုပ်ငန်း      လုပ်ကိုင်နေသည့် လယ်ယာမြေများစွာရှိပြီး အဆိုပါလယ်ယာမြေများ တွင် ရေစနစ်တကျသုံးစွဲရေးအတွက် ပညာပေးခြင်း များ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုအခါ ကမ္ဘာ ပေါ်တွင်    ရေချိုရှားပါးလျက်ရှိသည့်   နိုင်ငံများစွာ ရှိကြောင်း၊ ဧရာဝတီမြစ်ရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ပင်လယ်အတွင်းသို့ ရောက်ရှိသွားပြီး ၂၀ ရာခိုင်နှုန်း ကိုသာ  အကျိုးရှိစွာအသုံးချနိုင်သည်ကို  ကျွမ်းကျင် ပညာရှင်များ၏   သုံးသပ်ချက်အရ   လေ့လာသိရှိရ ကြောင်း၊    အစ္စရေးနိုင်ငံသည်  ရေချိုရှားပါးသည့် နိုင်ငံတစ်ခုဖြစ်သော်လည်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု၌   ကမ္ဘာပေါ်တွင်   တစ်ဧက   စိုက်ပျိုး ထုတ်လုပ်မှုနှုန်း  အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်       သဘာဝရေအရင်းအမြစ်များ ပေါများစွာရှိသဖြင့်   အဆိုပါရေအရင်းမြစ်များအား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်       ထိရောက် အကျိုးရှိစွာအသုံးချနိုင်ရေး  တာဝန်ရှိသည့်  ဝန်ကြီး ဌာနများအနေဖြင့်         ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း။

 


နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်


လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့်  လျှပ်စစ်အသုံးပြု ၍      မြစ်ရေတင်စီမံကိန်းများ      ဖော်ဆောင်ပေးရန် လိုကြောင်း၊      လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများဖြင့်လည်း ဆောင်ရွက်၍ရကြောင်း၊ မြစ်ရေတင်စီမံကိန်းများကို     အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက အညာဒေသ များတွင်    စိုက်ပျိုးရေးလုပ်ငန်းများကို  အောင်မြင် ဖြစ်ထွန်းအောင်  ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည်    နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊   ပြည်သူများ၏စီးပွားဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည် ဖြစ်သဖြင့်         စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပေးရန်လိုအပ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက် ရန်ရှိသည်များကို   ရဲရဲတင်းတင်းဖြင့်  ဆောင်ရွက် ကြရန်လိုကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်တင်ပို့ ရောင်းချခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဈေးကွက် သို့  အဆက်မပြတ်တင်ပို့နိုင်ရေး  ဈေးကွက်ရှာဖွေ ဆောင်ရွက်နေရန်လိုကြောင်း။

 


လူတစ်ဦးရေ   သုံးစွဲမှုအနေဖြင့်   ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ရေဂါလန် ၅၀ ခန့် သုံးစွဲသည်ကို တွေ့ရှိ ရကြောင်း၊      အချို့နိုင်ငံများတွင်    ရေသုံးစွဲမှုနှင့် ပတ်သက်၍     ကန့်သတ်ထိန်းချုပ်ထားကြောင်း၊ ရေသုံးစွဲမှုနှင့်ပတ်သက်၍ ပြည်သူများကို အသိပညာ ပေးမှုများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ဇီဝဖြစ်စဉ်အရ တိရစ္ဆာန်များအတွက်လည်း ရေများ လိုအပ်သည့်အတွက်  မွေးမြူရေးလုပ်ငန်းများတွင် ကောင်းမွန်သည့် ရေများရရှိရန်လိုကြောင်း၊ ရေကို အကျိုးရှိစွာဖြင့်      စနစ်တကျဖြင့်    အသုံးချရန် လိုကြောင်း။

 


အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်


လျှပ်စစ်မီးနှင့်ပတ်သက်၍     မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိရေးအတွက် အဘက်ဘက်မှ       ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ လျှပ်စစ်ဓာတ်အားများ တိုးတက်ထုတ်လုပ် နိုင်ရန်လိုအပ်သကဲ့သို့ ချွေတာသုံးစွဲရန်လည်း လိုအပ် ကြောင်း၊  ပြည်သူများ၏   လူနေမှုဘဝမြင့်မားရေး အတွက်    လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးသည် ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းတွင်ပါဝင်ကြောင်း၊ ပြည်သူများ၏ လူနေမှု ဘဝ၊ စီးပွားရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ခြင်းနှင့် Public Transportation လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက်     လျှပ်စစ်ဓာတ်အား များ   လုံလောက်စွာထုတ်လုပ်နိုင်ရေး  ဆက်လက် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ လျှပ်စစ်မီး သုံးစွဲမှုနှင့် ရေသုံးစွဲမှုချွေတာနိုင်ရေးအတွက် ပြည်သူ များကို   အသိပညာပေးခြင်း၊  တိုက်တွန်းနှိုးဆော် ခြင်းများကို    ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် စဉ်ဆက် မပြတ်ဆောင်ရွက်နေရန်လိုကြောင်း မှာကြားသည်။

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှင့်      ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “ဒီနှစ် ၂၀၂၂ ခုနှစ်ဟာ ကျွန်တော်တို့အတွက် စိန်ခေါ်တဲ့နှစ်တစ်နှစ်လည်း ဖြစ်လာနေပြီ။ ဘာလို့ဆိုတော့ ဒီစီးပွားရေးကို ပြန်ပြီး တော့       မတ်လာအောင်      လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့အပေါ်မှာ ပြည်သူက ယုံကြည်မှုရှိလာ မယ်။  ကျွန်တော့်ရဲ့  ရည်မှန်းချက် ၃ ခုရှိပါတယ်။ တစ်အချက်ကတော့     တိုင်းပြည်စီးပွားရေးကို ကျွန်တော်   ရအောင်ဆွဲတင်မယ်   ပြောထားတယ်။ ပြီးခဲ့တဲ့နှစ်အတွေ့အကြုံအရ ကျွန်တော်တို့ မလုပ်နိုင် စရာအကြောင်း မရှိဘူး။ ၂၀၂၂ ခုနှစ်မှာ စီးပွားရေး အားကောင်းအောင် ကျွန်တော်တို့ တိုးတက်အောင် လုပ်မယ်။ ပြီးရင် ဒုတိယကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊  ရှေ့လုပ်ငန်းစဉ်မှာဖော်ပြထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနဲ့    ပတ်သက်တဲ့ လုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ ရတဲ့လမ်းကြောင်း တွေမှာ  ကျွန်တော်တို့  အကုန်လုပ်မှာ။  အဲ့ဒီနှစ်ခု နိုင်ငံရေးကလည်း   ကောင်းနေတယ်။   စီးပွားရေး ကလည်း     အားကောင်းလာပြီဆိုရင်    ဒီဘက်က နိုင်ငံတော်ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ကို နောင်ကျွန်တော်တို့သွားရမယ်။ အားလုံးပါဝင်တဲ့။      ဥပမာ    ကျွန်တော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်းဥပဒေ  မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ   စစ်မှုထမ်းဖို့  တာဝန်ရှိတယ်။

 

အမျိုးသားစစ်မှုထမ်းဥပဒေ ကျွန်တော်တို့ မကျင့်သုံး ရတာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေရှိလို့ ကျွန်တော်တို့လုပ်လို့ မရဘူး။ ခုနက ပြောတဲ့    တစ်ရယ်၊   နှစ်ရယ်     ကျွန်တော်တို့က ကောင်းကောင်းထိန်းနိုင်ပြီ၊   လုပ်နိုင်ပြီ၊   လက်ထဲ မှာ     ပိုင်ပိုင်နိုင်နိုင်ရှိပြီဆိုလို့ရှိရင်   တတိယဖြစ်တဲ့ ကာကွယ်ရေးစွမ်းပကားတွေကိုရအောင် ကျွန်တော် တို့က မြှင့်တင်ရမယ်။ အဲ့ဒီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေအရ နိုင်ငံသားတွေ စစ်မှုထမ်းရမယ်။ ၂ နှစ် တန်သည်၊ ၃ နှစ်တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထားတဲ့ ဟာအတိုင်း စစ်မှုထမ်းရမယ်။ တစ်နှစ်လည်းဖြစ်ရင် ဖြစ်မယ်၊ တစ်နှစ်ခွဲလည်းဖြစ်ရင် ဖြစ်မှာပေါ့။ အခြေ အနေအပေါ်မူတည်ပြီးတော့၊   တိုင်းပြည်ရဲ့အခြေ အနေပေါ်မူတည်ပြီးတော့ လုပ်ရမှာ။ ဒါကလုပ်ရမှာ၊ မလုပ်လို့မရဘူး။

 

ကာကွယ်ရေးစွမ်းအား မကောင်းရင် တော့     ကျွန်တော်တို့   ခံသွားရမှာပေါ့။   သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။ စီးပွားရေး အားမကောင်းရင်လည်း ပိုက်ဆံမရှိတော့ မျက်နှာ ငယ်ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို မျိုးစုံပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မယ်။ ကျွန်တော်တို့တွေ စော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာ မဟုတ် ဘူး။  ဒီ ၃ ခုက ကျွန်တော်တို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့က ဒီနှစ်မှာ တတ်နိုင်သလောက် ဆွဲတင်ပြီးတော့ ဆောင်ရွက်သွား ဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

 


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့်  ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည် ပြုချက်ရယူကြသည်။

 


ပြည်တွင်းငွေကြေးဖြင့်သာ သုံးစွဲ


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံခြားငွေသုံးစွဲမှုနှင့်စပ်လျဉ်း၍ ယခင်အစိုးရများလက်ထက်တွင် ကုန်သွယ်မှုလိုငွေ များရှိခဲ့ပြီး ရေရှည်တွင် ကြွေးမြီပြဿနာများ ကြီးမား လာနိုင်ပါကြောင်း၊   ယင်းကို   ကြိုတင်တွက်ဆ၍ ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံခြားသုံးငွေကို ခြိုးခြံ ချွေတာပြီး မဖြစ်မနေသုံးစွဲရမည့်ကိစ္စများတွင်သာ သုံးစွဲကြစေလိုကြောင်း၊   ဖြစ်နိုင်ပါက   ပြည်တွင်း ငွေကြေးဖြင့်သာ  သုံးစွဲကြစေလိုကြောင်းနှင့် ဝန်ကြီး ဌာနများအနေဖြင့် မလိုအပ်သည့်  ကိစ္စရပ်များတွင် သုံးစွဲခြင်းမပြုဘဲ အမှန်တကယ်လိုအပ်သည့် ရေရှည် တည်တံ့မည့် တည်ဆောက်ရေးလုပ်ငန်းများတွင်သာ သုံးစွဲကြရန်လိုကြောင်း။

 


နိုင်ငံတကာချေးငွေများနှင့်စပ်လျဉ်း၍ အကျိုးရှိ စွာ သုံးစွဲကြရန်လိုအပ်ပြီး ဌာနအတွက် အမှန်တကယ် အကျိုးရှိသော ချေးငွေများဖြစ်ရန် လိုအပ်ကြောင်း၊ အခွန်အကောက်နှင့်  စပ်လျဉ်း၍ ဝန်ကြီးဌာနများ အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ရရှိရေး ဆောင်ရွက်သွားကြရန်    လိုကြောင်း၊    ပုဂ္ဂလိက ထုတ်လုပ်မှုကဏ္ဍ     တိုးတက်မှသာ   ပြည်ပပို့ကုန် ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး ယင်းဝင်ငွေမှ နိုင်ငံတော် အတွက်     အခွန်ငွေများ    ရရှိနိုင်မည်ဖြစ်ကြောင်း၊ အခွန်တိုးမြှင့်ကောက်ခံခြင်းထက် ရသင့်ရထိုက်သော အခွန်အခများ မှန်မှန်ကန်ကန်ရရှိနိုင်ရေး ဝန်ကြီးဌာန များအနေဖြင့်  ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 


ဝန်ထမ်းများ     ခန့်အပ်ခြင်းနှင့်     စပ်လျဉ်း၍ မလိုအပ်ဘဲ ဖွဲ့စည်းခန့်အပ်ခြင်းများ မပြုလုပ်ကြရန် နှင့်   ခန့်အပ်ပြီး    ဝန်ထမ်းများ၏   အရည်အသွေး တိုးတက်စေရေးနှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင် ကြရန်အတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း။

 


စက်သုံးဆီသုံးစွဲမှုကို ထိထိရောက်ရောက်လျှော့ချ


လက်ရှိခြေအနေတွင်  ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်မှု၊    ပို့ဆောင်ရေးစရိတ်    ကြီးမြင့်မှုနှင့် ကုန်ကြမ်းဈေးနှုန်း မြင့်မားမှုတို့ကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို  ထိန်းချုပ်နိုင်ရန်အတွက်  ဝန်ကြီးဌာန အလိုက်     သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၏    အဓိကအချက်အားဖြင့်   သယ်ယူ ပို့ဆောင်ရေး   ကုန်ကျစရိတ်များပြားခြင်းကြောင့် ဖြစ်သဖြင့်    အများပြည်သူ    ပို့ဆောင်ရေးစနစ် ကောင်းမွန်အောင်    ဆောင်ရွက်ပေးရန်   လိုအပ် ကြောင်း၊ ယင်းစနစ် ကောင်းမွန်ရန် ဆောင်ရွက်ပေး ခြင်းအားဖြင့် နိုင်ငံခြားငွေဖြင့် ဝယ်ယူသုံးစွဲနေရသည့် စက်သုံးဆီသုံးစွဲမှုကို ထိထိရောက်ရောက်လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအတွက်    ကုန်ကြမ်းများ   လုံလုံ လောက်လောက် ရရှိနိုင်ရေးနှင့် ဈေးကွက်အတွင်း ဝယ်လိုအားကို  ကာမိသည်အထိ တိုးမြှင့်ထုတ်လုပ် ပေးနိုင်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကို အားပေးမှသာ ကုန်ဈေးနှုန်းကျဆင်းလာမည်ဖြစ်ပြီး ငွေကြေးခိုင်မာမှု ရရှိလာမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏ စီးပွားရေးကို အထောက်အကူဖြစ်စေပြီး အမျိုးသားအကျိုးစီးပွား ကို     ကာကွယ်ရာရောက်သည့်အတွက်   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်  ကျန်ရှိသည့်  ဘတ်ဂျက် ကာလအတွင်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့်        မှာကြားခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်