
နေပြည်တော် ဖေဖော်ဝါရီ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ ၃၁ ရက်က အလိုင်နီရေလှောင်တမံကို ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးမှာကြား
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးလုပ်ငန်း အတွက် အသက်သွေးကြောတစ်ခုဖြစ်သည့် စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်ရေးအတွက် ဆည် တာတမံများ၊ ရေသောက်စနစ်များကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း ရေပေးဝေရေးလုပ်ငန်းများအပြင် ဆည်ရေများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် ရေအသုံးချနည်းပညာနှင့် အသိပညာပေးလုပ်ငန်း များကို တစ်ပြိုင်တည်းဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ရေသောက်စနစ်အတွင်း ဆည်ရေသုံးစွဲ သူများအဖွဲ့ (Water User Group) အား စနစ်တကျ ဖွဲ့စည်း၍ တောင်သူများ ကိုယ်တိုင်ရေသောက်စနစ် ခွဲဝေခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ၌ ပါဝင်စေနိုင် ရေး၊ ဆောင်းသီးနှံနှင့် နွေသီးနှံများတွင် တောင်သူ အတွက် အကျိုးအမြတ် ပိုမိုရရှိစေမည့် ရေအနည်းလို တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေးကိုပါ ဆောင်ရွက်ကြရန် လိုအပ် ကြောင်း တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကြံ့ခွံ့ကျေးရွာ အနီးရှိ အလိုင်နီချောင်းပေါ်တွင် အလျား ပေ ၅၇၀၀၊ အမြင့် ၅၂ ပေရှိ အလိုင်နီရေလှောင်တမံသည် မြေသားတမံအမျိုးအစားဖြစ်ပြီး ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၃၉၀၀၀ ရှိကာ ယခုနှစ် နွေစပါး ၄၄၄၇ ဧက စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ ထို့ပြင် အလိုင်နီရေလှောင်တမံ၏ ပိုလျှံရေများကို အလိုင်နီ-လဂွမ်းပြင် ဆက်သွယ်မြောင်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လဂွမ်းပြင် ရေလှောင်တမံသို့ ရေကူပို့လွှတ်ပေးလျက်ရှိသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များသည် စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (အင်းတကော်) သို့ ရောက်ရှိကြပြီး ရော်ဘာမျိုးများ သုတေသနပြု ဖော်ထုတ်နေမှုနှင့် ရော်ဘာစိုက်တောင်သူများ အတွက် နည်းပညာပေး လုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးအားပေးသည်။
ဆက်လက်၍ ဘက်စုံစိုက်ပျိုးရေးစခန်း ပဲခူး ၁၀ မိုင်ခြံတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေး စခန်း (Animal Quarantine Station (AQS)) လုပ်ငန်း ဆောင်ရွက်ရန် ရွေးချယ်လျာထားသည့် မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်ရှိ မွေးမြူရေးထွက်ကုန် တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်နေသည့် ပုဂ္ဂလိကစက်ရုံ၏ ကြက်အူချောင်း ထုတ်လုပ်မှုလုပ်ငန်းများကိုကြည့်ရှုပြီး အာဟာရ ပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သောထုတ်ကုန် များဖြစ်စေရေး၊ စားသုံးသူဘေးကင်းလုံခြုံရေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်ကုန်များ ဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက် များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်