ဒီမိုကရေစီအနှစ်သာရများ ကျင့်သုံး၍ မျှော်လင့်ချက်အိပ်မက်မှ လက်တွေ့အကျိုးတရား ဖော်ဆောင်

Type

 

 

သိန်းထွန်း (IR)

 

ဒီမိုကရေစီအပြောင်းအလဲ
ဒီမိုကရေစီစနစ်သည်   ကမ္ဘာတစ်ဝန်း   လူကြိုက် များသော နိုင်ငံရေးစနစ်တစ်ရပ် ဖြစ်ပါသည်။ 
ကုလသမဂ္ဂ၏ ပင်မတန်ဖိုးတစ်ခုမှာ ဒီမိုကရေစီ ဟုဆိုပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၁ ခုနှစ်မှ စ၍  ဒီမိုကရေစီအသွင်ကူးပြောင်းရေး  စတင်ခဲ့ပါ သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲကို ကြည့်လျှင်  ဖြစ်စဉ်ဖြစ်ရပ်များသည်  မဝေးကွာလှ သေးသည်ကို တွေ့ရပါသည်။ ၂၀၁၁ ခုနှစ်မှ စတင်ခဲ့ သော  အသွင်ကူးပြောင်းရေးသည်  ယနေ့ဆိုလျှင် ဆယ်စုနှစ်တစ်ခုကျော်သာ    ရှိနေပါသေးသည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏အမှတ်လက္ခဏာတစ်ရပ်ဖြစ်သော     ပြည်ထောင်စုလွှတ်တော်ကြီး စတင်ခေါ်ယူကျင်းပခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များပါဝင်သော ပြည်ထောင်စုလွှတ်တော်ကြီး သည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို စတင် ဖွင့်လှစ်ခဲ့ပါသည်။
ယင်းနေ့မှစ၍ အသက်ဝင်လာသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊  ကျန်းမာရေး၊  လူမှုရေး   စသည့်ကဏ္ဍ ပေါင်းစုံအတွက် မျှော်လင့်ချက်များကို ယူဆောင် လာခဲ့ပါသည်။ 
ပြည်သူလူထု၏ ထိုမျှော်လင့်ချက်များနှင့် အတူ နိုင်ငံရေးအတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ၂၀၁၂       ကြားဖြတ်ရွေးကောက်ပွဲ   ကျင်းပခြင်း၊ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ခြင်း၊ သတင်း လွတ်လပ်ခွင့်များ ဖြေလျှော့ပေးခြင်း၊ အဖွဲ့အစည်း ဆိုင်ရာများ ဖြေလျှော့ပေးခြင်း၊ နိုင်ငံရေးအကျဉ်း သားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊  နိုင်ငံ တကာ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ဖိတ်ခေါ်ခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ နိုင်ငံရေး  မျက်နှာစာများ   ဖွင့်လှစ်ခြင်းကဲ့သို့သော နိုင်ငံရေး၊   စီးပွားရေးဆိုင်ရာ    ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပါသည်။   ထိုအပြောင်းအလဲတို့မှာ ဆက်လက်၍ ဆောင်ရွက်နေကြရပါဦးမည်။
မိုင်ပေါင်းများစွာသော ခရီးကို ခြေတစ်လှမ်းဖြင့် စတင်သကဲ့သို့ပင်    ဖြစ်ပါ၏။    ဒီမိုကရေစီခရီး ပန်းတိုင်ရောက်ရန် လက်တွဲညီညီ ခြေလှမ်းမှန်မှန် ဖြင့် ဆက်၍ လျှောက်လှမ်းနေမှသာ ခရီးပေါက်၍ လိုရာပန်းတိုင်ရောက်ကြမည် ဖြစ်ပါသည်။
ဆက်လက်လုပ်ဆောင်ရန်များ
မြန်မာ့ဒီမိုကရေစီ   အသွင်ကူးပြောင်းရေးတွင် နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုများနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာများအပြင် ဒီမိုကရေစီ ၏ အခြေခံဒေါက်တိုင်တစ်ခုဖြစ်သော မီဒီယာအခန်း ကဏ္ဍကိုပါ   တစ်ပါတည်းပြောင်းလဲလာခဲ့သဖြင့် အချိန်တိုအတွင်း  လျင်မြန်စွာ  ပြောင်းလဲဖြစ်ပေါ် လာခဲ့ပါသည်။ 
ထိုသို့    ပြောင်းလဲတိုးတက်လာသော်လည်း နိုင်ငံတွင် ဆက်လက်ပြောင်းလဲရန်များ၊ ဖြေရှင်းရန် များနှင့် တည်ဆောက်ရန်များ ကျန်ရှိနေဆဲဖြစ်ပါ သည်။ ယင်းသို့ လုပ်ဆောင်ရခြင်းသည် မိမိတို့နိုင်ငံ တစ်နိုင်ငံတည်းတွင်သာ မဟုတ်ပါ။ ကမ္ဘာ့အခြားနိုင်ငံ များတွင်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အမျိုးမျိုးသော အခက်အခဲများကြားမှ တည်ဆောက် ကြရပါသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် နိုင်ငံရေးစနစ်ပြောင်းလဲခြင်းနှင့်အတူ     နိုင်ငံရေး စိတ်သဘောထားများ၊    ယဉ်ကျေးမှုများ၊    အကျင့် စရိုက်များလည်း      ပြောင်းလဲကြရသည်ဖြစ်ရာ ရှုပ်ထွေးနက်နဲလှသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။
ထိုအသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်တို့ မှာ    သက်ဆိုင်ရာနိုင်ငံ၏    အခြေအနေအလိုက် လုပ်ဆောင်ကြရသည်ဖြစ်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အတိမ်အနက် မတူညီနိုင်ချေ။ သို့သော်လည်း မိမိတို့ နိုင်ငံ၏ အသွင်ကူးပြောင်းရေး အောင်မြင်စေရန်နှင့် ဒီမိုကရေစီစနစ်     ခိုင်မာအားကောင်းလာစေရန် တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် ဒီမိုကရေစီ အလေ့အကျင့်နှင့် အနှစ်သာရများ ပိုမိုပြည့်ဝလာစေ ရေး ဆက်လက်လုပ်ဆောင်ခြင်းဖြင့်သာ ဆောင်ရွက် ဆဲ    အသွင်ကူးပြောင်းရေးကို   တဖြည်းဖြည်း တိုးတက်လာစေမည်ဖြစ်ပါသည်။
ပြောင်းလဲမှုအချိန်ကာလ
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအချိန် ကာလသည် မြန်မာနိုင်ငံ၏ ပြောင်းလဲရမည့်အခြေ အနေနှင့် လုပ်ငန်းပမာဏနှင့် နှိုင်းစာလျှင် အချိန်ယူ လုပ်ဆောင်ကြရဦးမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် ဖြစ်တည်နေဆဲ ပဋိပက္ခများဖြေရှင်းရန် ကျန်ရှိ နေသကဲ့သို့ အခြားနိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြောင်းလဲရမည့် လုပ်ငန်းများ ရှိနေဆဲဖြစ်ပါသည်။ 
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် အသွင် သဏ္ဌာန်အားဖြင့်   ပြောင်းလဲရသည်များ  ရှိသကဲ့သို့ ဒီမိုကရေစီအနှစ်သာရများ၊  တန်ဖိုးများ၊   အလေ့ အကျင့်များကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ် မည်   ဖြစ်ပါသည်။   ဒီမိုကရေစီစနစ်သည်   နိုင်ငံ တည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးစနစ်တစ်ခုဖြစ် သည့်အတွက်    ယင်းစနစ်နှင့်    အသားတကျနှင့် အရည်အသွေးပြည့်ဝစေရန် အချိန်ယူတည်ဆောက် ကြရပါသည်။ နိုင်ငံတစ်နိုင်ငံ   ဒီမိုကရေစီအရည် အသွေး  ပြည့်ဝစေရန်နှင့်ပတ်သက်၍   IDEA   ၏ လေ့လာချက်အရ - 
၁။    ဒီမိုကရေစီပြုရေးသည် အချိန်နှင့် စိတ်ရှည် သည်းခံမှု    လိုအပ်သော   ဖြစ်စဉ်တစ်ခု ဖြစ်သည်။
၂။     ဒီမိုကရေစီကို    ရွေးကောက်ပွဲကျင်းပရုံ တစ်ခုတည်းဖြင့် မရရှိနိုင်ပါ။
၃။     ဒီမိုကရေစီကျင့်သုံးမှုများကို    နှိုင်းယှဉ် သုံးသပ်နိုင်သော်လည်း ပြဋ္ဌာန်း၍ မရနိုင်ပါ။
၄။    ဒီမိုကရေစီကို    လူ့အဖွဲ့အစည်းများ၌ပင် တည်ဆောက်ရပါသည်။
၅။    ဒီမိုကရေစီကို တင်သွင်း၍မရသလို တင်ပို့ ၍လည်းမရပါ၊ သို့သော်  ပံ့ပိုးမှုပေးလို့သာ ရပါသည် …  ဆိုသည့်  ဒီမိုကရေစီဆိုင်ရာ သုံးသပ်ချက်နှင့် ချိန်ထိုး သုံးသပ်ကြည့်နိုင် ပါသည်။                      
ဒီမိုကရေစီအလေ့အကျင့်
ဒီမိုကရေစီအလေ့အကျင့်များသည် ဒီမိုကရေစီ အနှစ်သာရများ   ဖော်ဆောင်ရာတွင်   လိုအပ်သော လိုက်နာကျင့်သုံးမှုများ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ် သည်  အုပ်ချုပ်မှုပုံစံစနစ်တစ်ခုဖြစ်ရာ  ယင်းစနစ် မှန်ကန်စွာလည်ပတ်နိုင်ရေးအတွက် တစ်ဦးချင်းစီ တိုင်းကဖြစ်စေ၊ အဖွဲ့အစည်းများကဖြစ်စေ လက်တွေ့ ကျင့်သုံးကြရပါသည်။   ထို့အပြင်   ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းများသည်    သည်းခံမှု၊   ပူးပေါင်း ဆောင်ရွက်မှုနှင့် အပေးအယူလုပ်မှုတို့၏  တန်ဖိုး များကို အာမခံကြရသည်။ သည်းမခံနိုင်ခြင်းသည် အကြမ်းဖက်မှုပုံစံတစ်ခုဖြစ်ပြီး   စစ်မှန်သော  ဒီမို ကရေစီစိတ်ဓာတ် ကြီးထွားလာစေရန် အတားအဆီး တစ်ခုဖြစ်ကြောင်း မဟတ္တမဂန္ဒီက ဆိုဖူးပါသည်။ ဒီမိုကရေစီစိတ်သဘောထားဟု ဆိုရပါမည်။ 
ယင်းစိတ်ထားနှင့် ဆန့်ကျင်ဘက်မှာ တစ်ဖက် စွန်းစိတ်ထားနှင့်     စိတ်ခံစားချက်များအပေါ် ရပ်တည်လုပ်ဆောင်ချက်အဖြစ်    တွေ့ရပါသည်။ လူတစ်ဦးတစ်ယောက်၏ ရှိရင်းစွဲ စိတ်နေသဘော ထား၊  အကျင့်စရိုက်တို့ကို  ပြုပြင်ပြောင်းလဲရန်မှာ လက်တွေ့တွင်   ခက်ခဲတတ်ကြပါသည်။  သို့သော် လည်း ပတ်ဝန်းကျင်နှင့် ဆက်နွှယ်ပတ်သက်လာရ သည့်အခါတွင်ဖြစ်စေ၊  မိမိအကျိုး၊  အများအကျိုး ဖော်ဆောင်ရန်အတွက်ဖြစ်စေ      မိမိကိုယ်ကိုမိမိ ပြုပြင်ပြောင်းလဲယူကြရပါသည်။ ဒီမိုကရေစီအလေ့ အကျင့်များသည်လည်း ထိုနည်းတူစွာပင် ဖြစ်ပါ သည်။  နိုင်ငံသားအားလုံး၏  လူမှုစီးပွားများတိုး တက်ရန်နှင့် အနာဂတ်မျိုးဆက်များ ပိုမိုတိုးတက် လာစေရန်အတွက်  မိမိတို့တစ်ဦးချင်းစီက  စတင် ကြရမည်ဖြစ်ပါသည်။ 
ဒီမိုကရေစီစနစ်နှင့်   အလေ့အကျင့်များသည် အကောင်းဆုံးနှင့်     နောက်ဆုံးနည်းလမ်းဟု   မဆို နိုင်သော်လည်း လက်တွေ့လူမှုဘဝများ တိုးတက် ရန်နှင့် ငြိမ်းချမ်းသော အသိုက်အဝန်းတည်ဆောက် ရန်အတွက်မူ ထိရောက်သောနည်းလမ်းများကို ရရှိ စေပါသည်။
ငြိမ်းချမ်းရေးနည်းလမ်းတစ်ရပ်
လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပွားသည့် ပဋိပက္ခ များကို  ဖြေရှင်းရန်   ဒီမိုကရေစီနည်းလမ်းများကို အသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်းဖြင့် အပြုသဘောရလဒ် များကို ရရှိစေနိုင်ပါသည်။ ဒီမိုကရေစီနည်းလမ်းများ သည်   အားလုံးပါဝင်နိုင်မှု၊  တရားမျှတမှု၊ တာဝန် ယူ တာဝန်ခံနိုင်မှု၊ စေ့စပ်ညှိနှိုင်းမှုနှင့် ပျော့ပျောင်း ညင်သာ၍ အပြုသဘော ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း တို့အပေါ်  အခြေခံလုပ်ဆောင်ခြင်းဖြစ်၍  ရေရှည် ခိုင်မာမှုကို ရရှိစေနိုင်ပါသည်။ ဒီမိုကရေစီနည်းလမ်း များသည် အကောင်းဆုံးနှင့် မည်သည့်ပဋိပက္ခကို မဆို     ဖြေရှင်းနိုင်သည်ဟု    မဆိုနိုင်သော်လည်း ပဋိပက္ခစီမံခန့်ခွဲမှုအတွက် ထိရောက်သောနည်းလမ်း များကို အထောက်အကူဖြစ်စေပါသည်။ ဒီမိုကရေစီ ၏  သဘောတွင်ပင်   ငြင်းခုံမှု၊    တွေ့ဆုံဆွေးနွေးမှု၊ အပြန်အလှန်နားလည်ပေးနိုင်မှု၊ ဆွေးနွေးအဖြေရှာ မှုဖြစ်ရာ အကြမ်းဖက်မှုအသွင်မဆောင်ဘဲ ပဋိပက္ခ များကို လျှော့ချနိုင်ပါသည်။ 
ထိုသို့  ဒီမိုကရေစီနည်းလမ်းများကို  ပဋိပက္ခများ ဖြေရှင်းရေးအတွက်   အသုံးပြုရာတွင်   လူမှုအဖွဲ့ အစည်းအတွင်း    ဒီမိုကရေစီယဉ်ကျေးမှုများနှင့် အလေ့အကျင့်များ အားနည်းနေပါက ဆေးကြောင့် ပို၍လေးသွားတတ်သည်များလည်း ရှိပါသည်။ 
သို့ဖြစ်ရာ    ဒီမိုကရေစီအလေ့အကျင့်များနှင့် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးနှင့်  ဟန်ချက်ညီလည်ပတ်နိုင်ရေးမှာ အခြေခံ လိုအပ်ချက်တစ်ရပ် ဖြစ်လာပါသည်။ လူမှု အဖွဲ့အစည်းအတွင်းရှိ   တစ်ဦးချင်းစီတိုင်းက   ဒီမို ကရေစီ အလေ့အကျင့်များ ကျင့်ကြံလိုက်နာကြရန် လိုအပ်သကဲ့သို့ အခြားတစ်ဖက်တွင် အုပ်ချုပ်မှုစနစ် များ၊ အင်စတီကျူးရှင်းများ၊ အရပ်ဘက်အဖွဲ့အစည်း များအတွင်း     ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများ ဟန်ချက်ညီတိုးတက်ရန် လိုအပ်ပါသည်။
သို့မှသာ  ပြဿနာစီမံခန့်ခွဲမှုတွင် ဒီမိုကရေစီ နည်းလမ်းများကို ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ် ပြီး  ပဋိပက္ခအလွန်   နိုင်ငံတည်ဆောက်ရေးကိုပါ  ဆက်လက်အကောင်အထည်ဖော်နိုင်မည်    ဖြစ်ပါ သည်။ 
ဒီမိုကရေစီအနှစ်သာရများအခြေခံ
ကမ္ဘာ့နိုင်ငံများတွင်   ဒီမိုကရေစီကျင့်သုံးရာ၌ ဒီမိုကရေစီအပြည့်အဝ ကျင့်သုံးသောနိုင်ငံ၊ ချို့ယွင်း ချက်၊   အားနည်းချက်များရှိသော  နိုင်ငံ၊ တစ်ဝက် တစ်ပျက်   ဒီမိုကရေစီကျင့်သုံးသည့်  နိုင်ငံစသည်ဖြင့် ပိုင်းခြားထားသည်ကို   တွေ့ရပါသည်။  ယင်းသို့ တိုင်းတာသတ်မှတ်မှုများသည် နိုင်ငံတိုင်း၏ အခြေ အနေများနှင့်   ကိုက်ညီရန်    ခက်ခဲနိုင်ပါသည်။ ဒီမိုကရေစီကို တင်သွင်း၍မရသလို တင်ပို့၍လည်း မရ   ဆိုသကဲ့သို့    ယင်းစံနှုန်းများနှင့်   တိုင်းတာ သတ်မှတ်ခြင်းထက် မိမိတို့နိုင်ငံအတွက် အထောက် အကူဖြစ်စေသည့်  ဒီမိုကရေစီအနှစ်သာရများနှင့် အလေ့အကျင့်များကို  ခိုင်မာအောင်  တည်ဆောက် ကြရမည်ဖြစ်ပါသည်။    
ပြည်သူလူထု၏ လူမှုစီးပွားဘဝများ တိုးတက် ရေး၊ တည်ငြိမ်အေးချမ်းရေး၊ အနာဂတ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးမှာ လူတိုင်း၏မျှော်လင့်ချက်အိပ်မက် များ  ဖြစ်ကြပါသည်။   ထိုမျှော်လင့်ချက်အိပ်မက် များ လက်တွေ့အကောင်အထည်ပေါ်လာစေရန်ဆိုပါက  ဒီမိုကရေစီအနှစ်သာရများကို ကိုယ်စီကိုယ်စီ လိုက်နာကျင့်သုံးကြခြင်းဖြင့် မျှော်လင့်ချက်အိပ်မက် မှ   လက်တွေ့အကျိုးခံစားရမှုသို့  ပြောင်းလဲလာ နိုင်ပါကြောင်း       တိုက်တွန်းရေးသားလိုက်ရပါ သည်။        ။