
တိုင်းရင်းသားပြည်သူများခင်ဗျား-
ဒီနေ့ဟာဆိုရင် ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော်ရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တာ (၁)နှစ် ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများအားလုံး ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာ ခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဦးစွာဆုတောင်း မေတ္တာပို့သလိုက်ပါ တယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်းခဲ့ရတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး တင်ပြချင်ပါတယ်-
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ၅ နှစ်တစ်ကြိမ် ပြုလုပ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ အထွေထွေ ရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်ကနေ နိုင်ငံတော်ဒုတိယသမ္မတများ၊ အဲဒီထဲကမှ နိုင်ငံတော်သမ္မတကို ရွေးချယ်ရပါတယ်။ သမ္မတက အစိုးရအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပါတယ်။ တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို ခန့်အပ်ကာ အတည်ပြုတာ ပြုလုပ်ပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရား စီရင်ရေးမဏ္ဍိုင် စတဲ့မဏ္ဍိုင်ကြီး ၃ ရပ်ရဲ့ အကြီးအကဲတွေ၊ ပါဝင်ကြသူ တွေဟာ ရွေးကောက်ပွဲမှတစ်ဆင့် တိုက်ရိုက်/သွယ်ဝိုက် ရွေးချယ်/တာဝန်ပေးခံရသူတွေဖြစ်တဲ့အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေစီစနစ်၊ နိုင်ငံရေးစနစ်ရဲ့အုတ်မြစ်ပဲ ဖြစ်ပါတယ်။ အလွန်အရေးကြီးပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲဟာ သန့်ရှင်းစစ်မှန်ပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ဖော်ပြနိုင်ဖို့လိုပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး” အတွက် ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲမကျင်းပမီနဲ့ ကျင်းပအပြီး အခမ်းအနားတွေမှာ ၂၄ ကြိမ် ထုတ်ဖော်ပြောကြားခဲ့ကာ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ တပ်မတော်ကစိစစ်တွေ့ရှိရတဲ့ မဲမသမာမှု ၁၀,၄၈၂,၁၁၆(၁၀ သန်းကျော်၊ မဲပေးသူဦးရေရဲ့ ၄ ပုံ ၁ ပုံခန့်)ရှိကြောင်း ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပါ တယ်။
မဲမသမာမှုတွေဟာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကို ဆိုးရွားစွာထိခိုက်စေနိုင်လို့ တပ်မတော်နဲ့နိုင်ငံရေးပါတီတွေမှ UEC အဆင့်၊ အဲဒီကမှ ပြည်ထောင်စုလွှတ်တော်အဆင့်၊ နောက်အစိုးရ အဆင့်ဖြေရှင်းပေးဖို့ ဥပဒေနဲ့အညီတောင်းဆိုခဲ့ပါတယ်။ မဲမသမာမှု တွေကို ရင်ဆိုင်မဖြေရှင်းရဲဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုခေါ်ယူဖို့ မတရားကြိုးပမ်းမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူဖို့ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်ရဲ့ဒီမိုကရေစီလျှောက်လှမ်းမှုကို ကြီးမားတဲ့ အခက်အခဲတွေဖြစ်ပေါ်လာ စေမှာဖြစ်လို့ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာကာ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ရပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
နိုင်ငံတော်တာဝန်ကို ရယူထိန်းသိမ်းပြီးနောက် ကျွန်တော်တို့ အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ ပထမဦးဆုံးအချက်ဖြစ်တဲ့ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်လုပ်ဆောင် ထိုက်သည်များကို ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်ခြင်း” ကို ပြုလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်ကို စစ်ဆေးခဲ့ရာမှာ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ ၄,၆၄၈,၂၇၀ ဦး(၄ ဒသမ ၆ သန်းကျော်) အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့သူ ၁၄,၄၁၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲပေးခဲ့သူ ၂၀,၅၆၆ ဦး၊ ၂ ကြိမ်နဲ့ ၃ ကြိမ်အထက် မဲပေးခဲ့သူ ၃,၈၉၁,၆၁၁ ဦးအပါအဝင် မဲမသမာမှုစုစုပေါင်း ၁၁,၃၀၅,၃၉၀ ဦး(၁၁ သန်း ၃ သိန်းကျော်) ရှိကြောင်း တွေ့ရှိရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲတွေ ကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်တွေမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုအချို့ရှိခဲ့ ပေမယ့် ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ မဲမသမာမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း တွေ၊ ပုဂ္ဂိုလ်တွေက ရင်ဆိုင်မဖြေရှင်းရဲတဲ့ အခြေအနေအထိ မသမာမှု များ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ၁၀ နှစ်သာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီကျင့်သုံးမှုအပေါ် အလေးထားမှု လျော့ပါးစေပါတယ်။ အလွန်အကျည်းတန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ထိခိုက်အောင်လုပ်ခဲ့သူတွေကို တည်ဆဲ ဥပဒေတွေအရ အရေးယူမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်တွေ ပြီးစီးပါက ရွေးကောက်ပွဲပြန်လည်လုပ်ဆောင်ပေးသွားမယ်ဆိုတဲ့ ကတိကို အကောင်အထည်ဖော်နိုင်အောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ရဲ့ အထွေထွေရွေးကောက်ပွဲ ဖြစ်တဲ့အတွက် နိုင်ငံတစ်ဝန်းလုံး စိတ်အေးချမ်းသာစွာ ဒီမိုကရေစီ အခွင့်အရေးများ မဆုံးရှုံးရအောင် မဲပေးနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ် ကျင်းပရာမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ အနည်းဆုံးဖြစ်ပြီး မကျေနပ်မှုများနဲ့ အသံ ဆူညံခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုတာ တည်ငြိမ်လုံခြုံတဲ့အခြေအနေ ရှိမှ ပြည်သူတွေလွတ်လပ်စွာ မဲပေးနိုင်မှာဖြစ်ပါတယ်။ သန့်ရှင်းတရား မျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရရဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေကို တိုင်းရင်း သား ပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ ဦးစွာတိုက်တွန်း လိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျွန်တော်တို့အစိုးရ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းပြီးနောက် နိုင်ငံရေးအရ လုပ်ဆောင်ခဲ့မှုများကို ဆက်လက်တင်ပြသွားပါ့မယ်-
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာပြီးတဲ့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ တိုင်းပြည် တည်ဆောက်မှုလုပ်ငန်းစဉ်တွေကို ပါဝင်ဆောင်ရွက်နိုင်ရေး နေပြည် တော်၊ စည်ပင်သာယာရိပ်သာမှာရှိနေတဲ့ စောင့်ကြည့်ခံ လွှတ်တော် အမတ်တွေကို လက်ရှိနိုင်ငံ့ဖြစ်စဉ်အပေါ်ဥပဒေနဲ့အညီ ဖြေရှင်းနိုင်စေဖို့ အတွက် ရှင်းလင်းပြောပြခဲ့ကာ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့ အတွင်း နေရပ်ဒေသအသီးသီးကို ပြန်လည်စေလွှတ်ပေးခဲ့ပါတယ်။ ဒါဟာ သူတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရန် အခွင့်အရေးပေး ခဲ့ခြင်းဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဒီမိုကရေစီကျင့်စဉ်များအတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တပ်မတော်သားများ၊ အရပ်သားများ(တိုင်းရင်းသားလူမျိုးစုံအပါအဝင်)ဖြင့် မျှတစွာဖွဲ့စည်းခဲ့ကာ တိုင်းဒေသကြီး/ပြည်နယ်မှသည် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပြီးတော့ အရပ်ဘက်ပုဂ္ဂိုလ်တွေ ကိုသာ ဦးစီးလုပ်ဆောင်စေခဲ့ပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီ စတဲ့ ကော်မတီ ၃ ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်နေလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ညှိနှိုင်းရေးကော်မတီဟာ ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုသေးတဲ့ EAO တွေနဲ့ ၉ ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ ၇ ကြိမ်၊ ဘာသာရေးခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ ၂ ကြိမ်၊ စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံခဲ့ပါတယ်။
တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်(၂၀)ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုအပြီး နှစ်နိုင်ငံသဘောတူထုတ်ပြန်ချက်မှာ ယခုနှစ်ကုန် ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီလိုအဆင့်လိုက်ဆောင်ရွက်ဖို့ ကျွန်တော့်အနေနဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်ဒေသ ခရီးစဉ် ၁၇ ခု သွားရောက်ခဲ့ပြီး ဆွေးနွေးမှာကြား ချက်များ ပြုလုပ်ခဲ့ပါတယ်။ ပေါင်းစပ် ညှိနှိုင်းပေးခဲ့တယ်။ ရေရှည် အနာဂတ်အတွက် အစီအမံတွေ လမ်းညွှန်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့မှာ ကျွန်တော်တို့နဲ့အတူ လက်တွဲလုပ်နေတဲ့ တိုင်းရင်းသား ကောင်စီ အဖွဲ့ဝင်တွေဟာလည်း ဒေသအကျိုးဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာဒေသအလိုက် ခရီးစဉ် ၂၉ ခု သွားရောက်ခဲ့ပြီး ဒေသရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံစာရင်းဝင် ဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံ တိုးတက်ဖို့အတွက် ကြိုးပမ်း နေကြချိန်မှာ ကျွန်တော်တို့သည်လည်း ရပ်နေလို့မရပါဘူး၊ မိမိတို့မှာ ရှိတဲ့ လူသားအရင်းအမြစ် သယံဇာတများ၊ တိုင်းရင်းသားပြည်သူ လူထုရဲ့ အားတို့ကိုရယူပြီး တိုင်းပြည်တိုးတက်စေရေး ဆောင်ရွက်ကြ ရပါမယ်။ ကိုယ်ရပ်နေရင်တော့ သူများတိုင်းပြည်များက ကျော်တက် သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအနေဖြင့် ဆက်လက် ဦးစားပေးလုပ်ဆောင်မှာကတော့-
အမျိုးသားရေးလုပ်ငန်းစဉ်(၂)ခုအဖြစ် တိုင်းပြည်သာယာဝပြော ရေးနဲ့ စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ဦးစားပေးလုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးလုပ်ငန်းစဉ်(၂)ခု အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်သွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ် အဖြစ် ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ပဲဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့ အတွက် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုမိုခိုင်မာစေဖို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်တွေနဲ့ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် စတုတ္ထအချက်ထဲမှာလည်းဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူများ၊ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လိုပါတယ်လို့ ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ ကျွန်တော်ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲအသင့်ရှိနေ ကြောင်း ဖြည့်စွက်ပြောကြားလိုပါတယ်။
ဖက်ဒရယ်ဆိုတာဟာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရား ဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီများဟာ ၎င်းတို့ကို ထောက်ခံတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့ အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို သွားမှာဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဘယ်လိုပဲအယူအဆအမျိုးမျိုး ကွဲပြား နေပါစေ မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့စနစ်မျိုးကို ရွေးချယ် ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်သလို လူနည်းစုရဲ့ ဆန္ဒကိုလည်း အလေးထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အာဏာ(၃)ရပ် ကို ခွဲဝေကျင့်သုံးခြင်းနဲ့ ဒီလိုဆောင်ရွက်ရာမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေအကြား ဥပဒေအရ အာဏာခွဲဝေ ဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်တွေအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရရှိစေမှာ ဖြစ်ပါတယ်။
အချိုးကျကိုယ်စားပြုခြင်းစနစ်ကို ပြောင်းလဲကျင့်သုံးခြင်းနဲ့ တိုင်းရင်းသား ပြည်သူတွေ ဥပဒေပြုလွှတ်တော်မှာ ပိုမိုကိုယ်စားပြုခွင့် ရရှိမှာဖြစ်သလို ပြောရေးဆိုခွင့်လည်း ပိုမိုရရှိလာမှာဖြစ်ပြီး မိမိတို့ရဲ့ ဒေသအကျိုး၊ လူမျိုးအကျိုးကိုလည်း ယခင်ကထက် ပိုမိုထိရောက် အောင် ဆောင်ရွက်နိုင်ခွင့်ရရှိလာမှာဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးရှိ တိုင်းရင်းသားအားလုံး တူညီတဲ့အခွင့်အရေးတွေရရှိဖို့ အချိုးကျ ကိုယ်စားပြုခြင်းစနစ်(Proportional Representation-PR)ကို ကျင့်သုံးနိုင်ရေး နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊ စိတ်ပါဝင်စားသူ တွေနဲ့စုပေါင်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံသားကတ်မရှိဘဲ မဲပေးသူ ၄,၆၄၈,၂၇၀ ဦး (၄ ဒသမ ၆ သန်းကျော်)ရှိပြီး ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေနဲ့ အကျုံးဝင်သော (ဥပဒေအရနိုင်ငံသားတွေ)အားလုံး ကို “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ကိုင်ဆောင် သင့်တဲ့ ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ဖို့အတွက် ၃-၅-၂၀၂၁ ရက် နေ့မှစပြီး စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မှတ်ပုံတင်ပြုလုပ်ရမည့် လူဦးရေ ၃,၄၉၁,၃၆၄ ဦး (၃ ဒသမ ၄ သန်းကျော်)အနက် ၂၁-၁-၂၀၂၂ ရက်နေ့ အထိ ၁,၉၀၅,၈၄၃ ဦး (၂ သန်းနီးပါး) ဆောင်ရွက်ပေးနိုင်ခဲ့ပြီး (၅၅ ရာခိုင်နှုန်းနီးပါး) ပြီးစီးပြီဖြစ်ပါတယ်။ မှတ်ပုံတင်ဆောင်ရွက်မှု အချိန်ကာလအနေဖြင့် ၁၈ လတာ ကြာမြင့်မှာ ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး-
ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက် သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံ အချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းတဲ့ မူဝါဒ (၃)ရပ်ကို အလေးအနက်ထားပါတယ်။ ဒါကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ-၄၁ မှာ အတိအလင်းပြဋ္ဌာန်းထား ပါတယ်။ ကျွန်တော့်အနေနဲ့ ပထမတစ်နှစ်တာ ကာလအတွင်းမှာ နိုင်ငံတကာဆက်ဆံရေးကောင်းမွန်အောင် အမြဲရှေးရှုလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ပရဲ့ ပထမဦးဆုံးခရီးစဉ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ဒုတိယခရီးစဉ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်ကနေ ၂၇ ရက်အထိ ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ (၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံ တက်ရောက်ရန်အတွက် ရုရှားနိုင်ငံသို့ ခရီးစဉ်များ ထွက်ခွာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိတ်ဆွေနိုင်ငံပဲ ရှိပါတယ်။ ရန်သူနိုင်ငံရယ်လို့မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံအပေါ် ရန်သူသဖွယ်ဆက်ဆံနေရင်တောင် အဲဒီနိုင်ငံတွေရဲ့ သဘောထား ကို ပြောင်းလဲလာအောင်၊ မိတ်ဆွေဖြစ်လာအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပါမယ်။
အိမ်နီးချင်းနိုင်ငံများနဲ့ဆက်ဆံရာမှာ နိုင်ငံရဲ့နယ်စပ်ဒေသတွေကို ထာဝရတည်ငြိမ်အေးချမ်းတဲ့ နယ်စပ်ဒေသဖြစ်ဖို့ ငြိမ်းချမ်းချစ်ခင် တဲ့ အိမ်နီးနားချင်းဆက်ဆံရေးကို ထူထောင်သွားမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်တည်ရှိခဲ့တဲ့ အိမ်နီးချင်းဆက်ဆံရေးကို ပိုမိုခိုင်မာမှု ရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ယခုနှစ်ဆန်းပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရဲ့ မြန်မာ နိုင်ငံကို အလုပ်သဘောရောက်ရှိခဲ့တဲ့ ချစ်ကြည်ရေးခရီးစဉ်မှာ အာဆီယံထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး ဦးတည်ဆွေးနွေးခဲ့ပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင် ပတ်သက်နေသူတွေအနေနဲ့ အကြမ်းဖက်မှုရပ်ဆိုင်းဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAO များနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံလူသားချင်းစာနာထောက်ထားမှုနဲ့ သက်ဆိုင်တဲ့ အထောက်အပံ့ ပစ္စည်းတွေ ကူညီထောက်ပံ့နိုင်ရေးဆိုင်ရာကိစ္စတွေကိုလည်း လက်ခံ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီခရီးစဉ်ဟာ ကောင်းမွန်ထူးခြားတဲ့ရလဒ်တွေ ရရှိစေခဲ့ပါတယ်။ ခရီးစဉ်နဲ့ ပတ်သက် ပြီး ပူးတွဲသတင်းထုတ်ပြန်ချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ Video Conferencing နဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း အာဆီယံ အဖွဲ့မှာ မြန်မာနိုင်ငံရဲ့ပါဝင်ဆောင်ရွက်မှု၊ အာဆီယံနိုင်ငံတွေအတွင်း အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ဆောင်ရွက်ရန် လိုအပ်တဲ့အခြေအနေတွေ၊ မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံးဖြစ် အောင် ပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေတွေ၊ အာဆီယံအထူး ကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ စေလွှတ်သွားမယ့်အခြေအနေတွေနဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် လာရောက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော် တို့အနေနဲ့ မိမိနိုင်ငံရဲ့အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနဲ့ အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်များကို မထိခိုက်စေဘဲ နိုင်ငံတကာနဲ့ အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မိဘပြည်သူ များကို အသိပေးလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စများအနေဖြင့် တပ်မတော်က နိုင်ငံတော်တာဝန် မရယူမီ အခြေအနေမှာ-
မဲမသမာမှုတွေ၊ UEC ရဲ့ ဖြေရှင်းမပေးမှုတွေကြောင့် UEC ကို ကန့်ကွက်ဆန္ဒပြမှုတွေ၊ ပါတီတွေက ဖြေရှင်းပေးဖို့တောင်းဆိုမှုတွေကြောင့် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့အခြေအနေဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့အညီ မဲမသမာမှုတွေကို ဖြေရှင်းနိုင်ရေးနဲ့ ဒုတိယ အကြိမ်လွှတ်တော်မှာ မပြီးပြတ်သေးတဲ့ကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ အဲဒီအချိန်က လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၈၄ အရ ဥပဒေနဲ့အညီ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သဖြင့် ဥပဒေပြုရေးမဏ္ဍိုင် ယိမ်းယိုင်ခဲ့ကာ အငြင်းပွားမှုတွေကတစ်ဆင့် တည်ငြိမ်မှုပျက်ပြားခဲ့ရပါတယ်။
တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်းပြီးနောက်မှာ
နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတော် တာဝန်ကိုရယူခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေမရှိခဲ့သော်လည်း ဖေဖော်ဝါရီလ ၄ ရက်နေ့ မန္တလေးမြို့၊ ဆေးတက္ကသိုလ်ရှေ့မှာ ဆန္ဒပြသူ ၂၀ ဦးက စတင်ကာ ကျင့်ဝတ်စည်းကမ်းချိုးဖောက်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုစည်းရုံးပြီး CDM လှုပ်ရှားမှုစတင်ခဲ့တယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်မရှိသူတွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)အမည်ဖြင့် တရားမဝင်ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပြီး လူစုလူဝေးဖြင့်ဆန္ဒပြမှု (Riot) အသွင်မှ ဆူပူအကြမ်းဖက်ဆန္ဒပြမှု (Anarchy Mob)ကို ကူးပြောင်းလာခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က အနိမ့်ဆုံးအဆင့် အနည်းဆုံးအင်အားဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရ ပါတယ်။ မတ်လ ၂၇ ရက်နေ့ကို CRPH အမည်ခံအကြမ်းဖက်အဖွဲ့က ပြည်သူ့တော်လှန်ရေးနေ့ဟု အမည်တပ်ကာ တစ်နိုင်ငံလုံး အကြမ်း ဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်စေရန် လှုံ့ဆော်လာခဲ့ပါတယ်။
အလုံးစုံပျက်သုဉ်းရေးအတွက် အကြမ်းဖက်တိုက်ခိုက်ခြင်း (Terro-rism) ပြုလုပ်လာပါတယ်။ ဥပဒေနဲ့မညီတဲ့ CRPH အကြမ်းဖက်အဖွဲ့က NUG အမည်ခံ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ကို အားပေးထောက်ပံ့ခြင်း၊ ဦးဆောင်မှုပြုခြင်းတွေ ဆောင်ရွက်လာခဲ့ ပါတယ်။
လူငယ်တွေကို NLD ပါတီအစွန်းရောက်တွေနဲ့ ၎င်းပါတီကို အစွန်းရောက် ထောက်ခံအားပေးသူတွေကအသုံးချပြီး EAO နယ်မြေ တွေဖြစ်တဲ့ KNU ၊ KIA ၊ KNPP စတဲ့ နယ်မြေတွေမှာ စစ်သင်တန်းတွေ တက်ရောက်စေခဲ့ပါတယ်။ CRPH ၊ NUG၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့အစည်းတွေဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ အကြမ်းဖက် လုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ကြေညာခဲ့ပြီး ချင်းပြည်နယ် ဒေသအချို့၊ မကွေးတိုင်းဒေသကြီး ဒေသအချို့၊ စစ်ကိုင်းတိုင်းဒေသကြီး ဒေသအချို့နဲ့ ကယားပြည်နယ် ဒေသအချို့တွေမှာ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်တဲ့အထိ အကြမ်းဖက်လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ အကြမ်းဖက်သမားတွေဟာ အရပ်သားတွေနဲ့ရောနှောပြီး အရပ်ဝတ်များနဲ့ တိုက်ခိုက်တာမို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုမရှိစေရေး ခက်ခဲစွာ ထိန်းသိမ်း ဆောင်ရွက်ခဲ့ရပါတယ်။ EAO အဖွဲ့အချို့တွေရဲ့ သင်ကြားပေးမှု၊ ထောက်ပံ့ပေးမှုတွေနဲ့ လက်လုပ်ဗုံး/မိုင်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုတိုက်ခိုက်လာကြပါတယ်။
အကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ အထိ တစ်နိုင်ငံလုံးအနေနဲ့ ပျက်စီးဆုံးရှုံးမှုအနေဖြင့် လမ်း၊ တံတား ဖျက်ဆီးခံရမှု ၅၂၅ ခု၊ ဆေးရုံ၊ ဆေးခန်းတွေ ဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦတွေ ဖျက်ဆီးခံရမှု ၅၀၄ခု အပါအဝင် ပြည်သူပိုင်၊ အစိုးရပိုင်အဆောက်အဦများစွာပျက်စီးခဲ့ရ ပါတယ်။ သေဆုံးမှုတွေအနေဖြင့် ရဟန်း/သံဃာ ၂၀ ပါး၊ အစိုးရ ဝန်ထမ်း ၉၅ ဦးနဲ့ ဒဏ်ရာရရှိမှုအနေဖြင့် အစိုးရဝန်ထမ်း ၁၅၃ ဦး အပါအဝင် အရပ်သားတွေ သေဆုံး/ဒဏ်ရာရခဲ့ပါတယ်။ တစ်နှစ်တာ ကာလပတ်လုံး အကြမ်းဖက်မှု ၉,၄၃၇ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး
လက်နက်မျိုးစုံ ၅,၆၀၆ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁,၅၅၆ တောင့်၊ လက်ပစ်ဗုံး ၁,၈၉၀ လုံးနဲ့ လက်လုပ်မိုင်း/ဗုံး ၁၁,၄၂၄ လုံး သိမ်းဆည်း ရမိခဲ့ကာ အကြမ်းဖက်သူ ၄,၃၃၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ပညာရေးဆိုင်ရာကိစ္စများကို တင်ပြပါမယ်-
နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့ လူသားအရင်းအမြစ် (Humen Resources)က အဓိကဖြစ်တာကို လက်ခံထားကြပါတယ်။ လူသား အရင်းအမြစ်ဆိုတာ “ပညာ” အပေါ် အဓိကမူတည် တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိကအလေးထား လုပ်ဆောင်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၈ အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမှာဖြစ်ပါတယ်။ ပုဒ်မ ၃၆၆ အရ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေး ဆိုင်ရာမူဝါဒများနဲ့အညီ (က)ပညာသင်ကြားပိုင်ခွင့်ရှိသည်၊ (ခ)ဥပဒေ ဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်” ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူတွေထဲမှ အလယ်တန်း အဆင့်နဲ့ ၎င်းအဆင့်အောက် ပညာမသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းနီးပါးခန့်ရှိတာကို တွေ့ရှိရတဲ့အတွက် နိုင်ငံ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံ ခန့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရေးမြှင့်တင်ရေးလုပ်ငန်းတွေကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အခြေခံပညာအထက်တန်း အဆင့်ကျောင်းပေါင်း ၆,၁၇၈ ကျောင်း၊ အလယ်တန်းအဆင့်ကျောင်းပေါင်း ၁၅,၈၇၇ ကျောင်း၊ မူလတန်း အဆင့်ကျောင်းပေါင်း ၂၅,၇၀၅ ကျောင်း၊ စုစုပေါင်း အခြေခံပညာအဆင့် ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းရှိပါတယ်။ စာသင်ကျောင်းတွေကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ပါတယ်။ ယခုအခါတော့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်တဲ့အတွက် စာသင် ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်ရာမှာ အထက်တန်းအဆင့် ၅,၂၀၉ ကျောင်း၊ အလယ်တန်းအဆင့် ၁၂,၇၈၆ ကျောင်း၊ မူလတန်းအဆင့် ၂၁,၂၄၇ ကျောင်း၊ စုစုပေါင်း ၃၉,၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျောင်းတွေ ပြန်လည်ဖွင့်လှစ် နိုင်ချိန်မှာ ကျောင်းတက်ဖို့ လာရောက်စာရင်းသွင်းထားသူတွေအနက် ၈၀ ရာခိုင်နှုန်းကျော် ကျောင်းလာရောက်တက်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြေညာထားတဲ့အတိုင်း မတ်လနောက်ဆုံးပတ် နဲ့ ဧပြီပထမအပတ်အတွင်း အတန်းတင် စာမေးပွဲတွေ စစ်မေးမှာဖြစ်တဲ့ အတွက် ကျောင်းတက်ဖို့နှောင့်နှေးနေတဲ့ ကျောင်းသားတွေနဲ့ မိဘ တွေအနေနဲ့ နစ်နာမှုမရှိစေဖို့ အသိပေးလိုပါတယ်။ ကျွန်တော်တို့ ကတော့ ကြိုဆိုနေပါတယ်။ ပညာသင်ကြားခြင်းဟာ အစိုးရအတွက် မဟုတ်ပါဘူး၊ ကာယကံရှင်ရဲ့ဘဝ တိုးတက်စေဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ NUG ၊ CRPH နဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေရဲ့ ကျောင်းမတက်ရေးလှုံ့ဆော်ချက်တွေဟာ တိုင်းရင်းသားပြည်သူလူထု ရဲ့ သားသမီးတွေကို ပညာမဲ့တွေဖြစ်စေပြီး တိုင်းပြည်နဲ့လူထုကို ကျွန်ဘဝရောက်အောင် လုပ်ဆောင်နေတာပဲဖြစ်လို့ သတိရှိကြဖို့ ပြောလိုပါတယ်။
ကျောင်းနေအရွယ် ကလေးငယ်တိုင်း(KG+9) (အခြေခံပညာ အလယ်တန်းအဆင့်) အဆင့်ပြီးဆုံးတဲ့အထိ ပညာသင်ကြားနိုင်ဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။KG+9 အဆင့်အနည်းဆုံးပြီးမြောက်မှ Vocational Training ကို ကူးပြောင်းနိုင်မှာဖြစ်ပါတယ်။ KG+9 ဟာ မိမိတို့အစိုးရရဲ့ ပညာရေး ရည်မှန်းချက်သာ ဖြစ်ပါတယ်။ ပညာရေးဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ အနာဂတ်အတွက် အထူးအရေးပါတာကြောင့် နိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ ပညာသင်ယူမှုအခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့ အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတင်ပြပါမယ်-
ကျန်းမာရေးနဲ့ပတ်သက်လို့ ကျွန်တော့်မူဝါဒကတော့ “ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်” ဖြစ်လို့ ပြည်သူလူထုရဲ့ ကျန်းမာရေးသည်သာ အဓိကဖြစ်ပါတယ်။ ကျွန်တော် တို့ နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်က စတင်တွေ့ရှိခဲ့ပါတယ်။ ကူးစက်မှုအမြင့်ဆုံးကာလ ဇူလိုင်လ တတိယ ပတ်နဲ့ စတုတ္ထပတ်တွေမှာ တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့လူဦးရေ ၅,၀၀၀ ကျော်ခန့်(၄၁ ရာခိုင်နှုန်း) အထိ ဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော် က “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့ မူဝါဒချမှတ်ပေးပြီး လုပ်ဆောင်ခဲ့ ပါတယ်။ ကျွန်တော်တို့ အစိုးရအနေဖြင့် နည်းလမ်းပေါင်းစုံနဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို နေ့မနားညမနား ဆောင်ရွက်ခဲ့ပါတယ်။
ကျွန်တော်ဦးဆောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအစည်းအဝေးတွေကို (၁၃)ကြိမ်တိုင်တိုင် ကျင်းပကာ လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့ရေးကိစ္စရပ်တွေကို တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ Video Conferencing ပြုလုပ်ပြီး လိုအပ်ချက်တွေ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးတွေကို ကျွန်တော်တို့အစိုးရရဲ့ ဒုတိယဝန်ကြီးချုပ် ကိုယ်တိုင် တစ်ပတ်လျှင် ၃ ကြိမ် ဦးစီးဆောင်ရွက်ကာ အနီးကပ်ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်စေရေး အတွက် Stay at Home မြို့နယ်ပေါင်း ၁၁၉ မြို့နယ်အထိ သတ်မှတ် ပေးခဲ့ရာမှာ လက်ရှိအခြေအနေတွင် မြို့နယ်အားလုံးကို ကန့်သတ် ချက် ဖယ်ရှားပေးခဲ့ပြီးဖြစ်တဲ့အတွက် Stay at Home မြို့နယ်တွေ ကျန်ရှိခြင်းမရှိတော့တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့ နိုင်ငံတကာနဲ့ အဖျက်သမားတွေရဲ့ ဝိုင်းဝန်းဝေဖန်အနှောင့် အယှက်ပေးမှုတွေကို ကျော်လွှားနိုင်ပြီး လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုဟာ ၁ ရာခိုင်နှုန်းဝန်းကျင် ပျမ်းမျှသာ ကျန်ရှိပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေအသုံးပြုမှုအခြေအနေ အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူမှု ကုန်ကျစရိတ်အနေနဲ့ အိန္ဒိယနိုင်ငံက ကာကွယ်ဆေး ၁၅ ဒသမ ၄ သန်း Dose အတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၇၅ သန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကာကွယ်ဆေး ၂၉ သန်း Dose အတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၉၃ ဒသမ ၉ သန်း၊ ရုရှားနိုင်ငံမှ ကာကွယ်ဆေး ၀ ဒသမ ၆ သန်း Dose အတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၇ ဒသမ ၇၄ သန်း၊ စုစုပေါင်း ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်းတန်ဖိုး ဝယ်ယူခဲ့ပါတယ်။ တရုတ်နိုင်ငံမှ Dose ၉ ဒသမ ၂ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၆၃ ဒသမ ၅ သန်း)၊ အိန္ဒိယနိုင်ငံက Dose ၅ ဒသမ ၅ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅ သန်း)၊ ရုရှားနိုင်ငံက Dose ၀ ဒသမ ၄ သန်း (တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၆ သန်း)၊ (နီပွန်ဖောင်ဒေးရှင်း)က Dose ၂ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၁၇ သန်း)၊ စုစုပေါင်း ကိုဗစ် ကာကွယ်ဆေး Dose ၁၇ ဒသမ ၁ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၁၂ သန်း) လှူဒါန်းလက်ခံရရှိခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘော ဒီးယား၊ ထိုင်း စတဲ့နိုင်ငံတွေကလည်း ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ အားလုံးကို အသိမှတ်ပြုကျေးဇူးတင်ပါတယ်။ ကာကွယ်ဆေးတွေ ဝယ်ယူရာမှာ သယ်ယူစရိတ်အနေနဲ့ ပြည်ပငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇ သန်းခန့်နဲ့ မြန်မာကျပ်ငွေ ၂၄၆ ဒသမ ၅၃၂ သန်းကျော် သုံးစွဲခဲ့ရပါတယ်။ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူမှု ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၆၀၈ သန်းနဲ့ မြန်မာကျပ်ငွေ ၂၄၆ ဒသမ ၅၃၂ သန်းကျော် သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ဆေးနဲ့ဆေးပစ္စည်းဝယ်ယူမှုအနေနဲ့ ကုသရေးဦးစီးဌာနက ဝယ်ယူမှု မြန်မာကျပ်ငွေ ၂၈ ဘီလီယံကျော်နဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝယ်ယူမှု ၃၆ ဘီလီယံခန့်၊ စုစုပေါင်း မြန်မာကျပ်ငွေ ၆၄ ဘီလီယံ ကျော် သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးမှာ ဆေးရုံတွေ အဆင့်မြှင့်တင်ဖို့အတွက် မြန်မာ ကျပ်ငွေ ၆၀ ဒသမ ၃ ဘီလီယံကျော် သုံးစွဲခဲ့တဲ့အနက် ကိုဗစ်ဖြစ်သူတွေအတွက် အရေးပေါ် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ဆက်စပ်ပစ္စည်းတွေ ဝယ်ယူမှုအနေနဲ့ မြန်မာကျပ်ငွေ ၁၂ ဒသမ ၂၃ ဘီလီယံ ပါဝင်သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါလူနာတွေအတွက် ကျွေးမွေးမှုစုစုပေါင်း ကုန်ကျစရိတ်အနေ နဲ့ ကိုဗစ်-၁၉ ဗဟိုကော်မတီရန်ပုံငွေက ကျပ် ၂၃ ဒသမ ၁၂ ဘီလီယံ နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကျပ် ၄ ဘီလီယံ၊ စုစုပေါင်းမြန်မာကျပ်ငွေ ၂၇ ဒသမ ၁၂ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ကို ဒီဇင်ဘာလမှာ ၅၀ ရာခိုင်နှုန်း အပြီးမျှော်မှန်းထားပေမယ့် ၅၁ ရာခိုင်နှုန်း ထိုးနှံပြီးစီးခဲ့ပါတယ်။ လက်ရှိကာလအထိ ၅၃ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဆေးရုံ ၁,၀၇၇ ခု၊ ဆေးပေးခန်း ၁၁,၄၂၇ခု ရှိပြီး ဆေးရုံ ၇၆၅ ရုံ၊ ဆေးပေးခန်း ၇,၄၃၀ ခု လုပ်ငန်းဆောင်ရွက်နိုင် မှုရှိပါတယ်။ တစ်နိုင်ငံလုံး ခန့်အပ်ဆရာဝန် ၁၄,၆၇၈ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၁၀၅,၈၃၄ ဦးရှိပြီး အဲဒီအထဲမှ အချို့ဆရာဝန်နဲ့ ကျန်းမာရေး ဝန်ထမ်းများဟာ နိုင်ငံရေးဝါဒမှိုင်းတွေကြောင့် ပြည်သူများရဲ့အသက်နဲ့ ကျန်းမာရေးကို မငဲ့ကွက်ဘဲ မိမိတို့ရဲ့လုပ်ငန်းခွင်ကို စွန့်ခွာသွားခဲ့ကြ ပါတယ်။ ဒါ့ကြောင့် ကိုဗစ်-၁၉ ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့ရဲ့လူနာရှင်တွေကို မပစ်ခွာဘဲ တာဝန်သိသိ သစ္စာရှိရှိ တာဝန် ထမ်းဆောင်ခဲ့လို့ ကျွန်တော်တို့အစိုးရအနေနဲ့ အသိအမှတ်ပြု ပါတယ်။ ဆေးရုံအသီးသီးမှာ လိုအပ်တဲ့ ကျန်းမာရေးဝန်ထမ်းများ နေရာများမှာ တပ်မတော်သားဆေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ကူညီ ဆောင်ရွက်ပေးတာနဲ့ တပ်မတော်ဆေးရုံအသီးသီးမှာ ပြည်သူများ ဆေးကုသပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အငြိမ်းစားကျန်းမာရေးဝန်ထမ်းများနဲ့ အငြိမ်းစားတပ်မတော်ဆေးတပ်ဖွဲ့ဝင်များလည်း ဝင်ရောက်အားဖြည့် ကူညီပေးခဲ့ကြပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေး ဝန်ထမ်းတွေအပေါ် တာဝန်ထမ်းဆောင်မှု အသိအမှတ်ပြုတဲ့အနေနဲ့ အစိုးရအနေဖြင့် ၁၀,၉၄၄,၅၄၅,၀၀၀ ကျပ် (၁၀ ဒသမ ၉၄ ဘီလီယံ)အား ဆုချီးမြှင့်ခဲ့ပါတယ်။
ကျွန်တော်တို့အစိုးရဟာ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံထုတ် (Sinopharm)ကာကွယ်ဆေးကို ပုလင်းအတွင်း ဖြည့်သွင်းရန်အသင့်(Ready to Fill Bulk) စနစ်နဲ့ ဝယ်ယူထုတ်လုပ် နိုင်ရေး သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်နိုင်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း Doses ၁၀ သန်းခန့် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်မှုကြောင့် ကာကွယ်ဆေးဈေးနှုန်းမှာလည်း မူလကုန်ချောဈေးနှုန်းရဲ့ ထက်ဝက် မျှသာရှိတဲ့ ဈေးနှုန်းဖြင့် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ကိုဗစ်-၁၉ ရောဂါရဲ့ မျိုးကွဲစိတ် အိုမီခရွန်ကို တွေ့ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြည်ပက ပြန်လည်ဝင်ရောက်သူတွေထဲမှ အိုမီခရွန်ရောဂါပိုး စတင် တွေ့ရှိခဲ့ကာ ၂၉-၁-၂၀၂၂ ရက်နေ့အထိ ၂၈၃ ဦး တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ မပေါ့ဆကြဖို့နဲ့ လိုက်နာဖို့ သတ်မှတ်ထားတဲ့ တစ်ကိုယ်ရေ အကာအကွယ်စည်းမျဉ်းတွေကို လိုက်နာသွားဖို့ တိုက်တွန်းလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
တပ်မတော်က နိုင်ငံတော်တာဝန်ရယူမထိန်းသိမ်းမီ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်တင်ပြလိုပါတယ်။
ဒီမိုကရေစီအစိုးရပထမသက်တမ်းကာလမှာ ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ချမှတ်ပြီး စီးပွားရေးမူဝါဒ ၄ ရပ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပဲရစ်ကလပ်အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆွေးနွေး ပြီး ကြွေးမြီပမာဏ ဒေါ်လာ ၅ ဒသမ ၉၅၆ ဘီလီယံကို သက်သာ စေခဲ့ပါတယ်။ ၅ နှစ်တာကာလအတွင်း ပျမ်းမျှ GDP တိုးတက်မှု နှုန်းဟာ ၇ ဒသမ ၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံခြားငွေ သန်းပေါင်း ၁၁,၆၂၈ ဒသမ ၁ သန်း (၁၁ ဒသမ ၆၃ ဘီလီယံခန့်) တိုးတက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ၁၂,၀၉၆ ဒသမ ၈၈ သန်း (၁၂ ဒသမ ၀၉ ဘီလီယံကျော်) ရှိခဲ့ပါတယ်။
ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ ၅ နှစ်သက်တမ်း ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခွင့်ပြုစီမံကိန်း လျာထားချက်တွေနဲ့ ဆောင်ရွက်နိုင်မှုဟာ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထိ ကျဆင်းခဲ့ပြီး GDP တိုးတက်မှုနှုန်း ပျမ်းမျှ ၃ ဒသမ ၃၈ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နိုင်ငံခြားငွေ သန်းပေါင်း ၁၄,၉၆၁ ဒသမ ၃ သန်း (၁၄ ဒသမ ၉၆ ဘီလီယံ) ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂,၆၁၄ ဒသမ ၁၇ သန်း (၁၂ ဒသမ ၆၁ ဘီလီယံကျော်) ရှိခဲ့ပါတယ်။
တပ်မတော်က နိုင်ငံတော်တာဝန်ရယူထိန်းသိမ်းပြီးနောက် အခြေ အနေတွေအနေဖြင့်-
နိုင်ငံတကာရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုတွေအနေဖြင့် ပြည်တွင်း စီးပွားရေးအခြေအနေနဲ့ ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေအရ ဘဏ်လုပ်ငန်းတွေကို ယုံကြည်မှုကျဆင်းပြီး ပုံမှန်မလည်ပတ်နိုင်တဲ့ အတွက် ဘဏ်လုပ်ငန်းဟာ ငွေသားလည်ပတ်စီးဆင်းမှု ခက်ခဲလာကာ လုပ်ငန်းရှင်၊ ကုန်သည်တွေအတွက် ငွေပေးချေမှု၊ ကုန်စည်စီးဆင်းမှု တွေ ခက်ခဲစေခဲ့ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ကမ္ဘာ တစ်ဝန်း ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ သွင်းကုန် (လောင်စာဆီနှင့် ကုန်ကြမ်း) ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကွက်မှာ ဝယ်လိုအားကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့အတွက် ဈေးကွက်အတွင်း လိုအပ်တဲ့ နိုင်ငံခြားငွေဖြည့်တင်းဖို့နဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ကိုဗစ် ဆေးဝါး၊ လျှပ်စစ်နဲ့ Telecom Sector တွေအတွက် သွင်းကုန် လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ လိုအပ်ချက်ဖြစ်တဲ့ အထူး နိုင်ငံခြားငွေ ဈေးပြိုင်လေလံမှတစ်ဆင့် ၂၁-၁-၂၀၂၂ ရက်နေ့အထိ USD ၅၀၈ ဒသမ ၈ သန်း ကို ရောင်းချပေးခဲ့ပါတယ်။
ကျွန်တော်တို့ အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုစာရင်းအရ ပြည်ပသို့ပို့ကုန် ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံ၊ ပြည်ပသွင်းကုန် ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀ ဒသမ ၀၅ ဘီလီယံ ဖြစ်တဲ့ အတွက် ယာယီစာရင်းတွေအရ ကုန်သွယ်မှုပိုငွေဟာ ၆၇၇ သန်းကျော် ပိုမိုခဲ့ပါတယ်။
ပြည်တွင်း၊ ပြည်ပကြွေးမြီအနေနဲ့ ဒီမိုကရေစီပထမအစိုးရ သက်တမ်းကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပ ကြွေးမြီ ၁၆,၂၇၃ ဘီလီယံကျပ်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ပြည်ပ ကြွေးမြီ ၁၈,၁၂၅ ဘီလီယံကျပ်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၁,၅၇၅ ဘီလီယံကျပ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၂,၀၃၂ ဘီလီယံကျပ်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၇,၉၇၀ ဘီလီယံကျပ် ရှိခဲ့ပါတယ်။ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၈,၈၆၁ ဘီလီယံကျပ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၄,၆၉၈ ဘီလီယံကျပ် ၂၀၁၈ (၆)လ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၅၅၅၀ ဘီလီယံကျပ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၀,၇၄၉ ဘီလီယံကျပ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၇,၆၃၆ ဘီလီယံကျပ်၊ ၂၀၂၀-၂၀၂၁ (၆ လ) ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၅၂,၄၈၈ ဘီလီယံကျပ် ရှိခဲ့ပါတယ်။ ပြည်တွင်း၊ ပြည်ပကြွေးမြီတွေဟာ တစ်နှစ် ထက်တစ်နှစ် တိုးမြှင့်လာတာကို တွေ့ရှိရပါတယ်။ ရေရှည်မှာ ကြွေးမြီ ခံနိုင်ရည်ရှိမှုကို သုံးသပ် တွက်ချက်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျဆင်းနေတဲ့ နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ ရေရှည် အစီအမံတွေကို ကျွန်တော်တို့ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။
သွင်းကုန်တွေလျှော့ချနိုင်ရေးနဲ့ ပြည်တွင်းအလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ရေးအတွက် ပြည်တွင်းဖြစ်ကို အားပေးမှု၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးမှုတွေ အထူးလိုအပ်ပါတယ်။ ဥပမာ အားဖြင့် ၂၀၂၁ ခုနှစ်မှာ နိုင်ငံတွင်း ဘိလပ်မြေစက်ရုံတွေက အမှန် တကယ် ထုတ်လုပ်နိုင်ရင် ပြည်တွင်းဖူလုံမှုသာမက ပိုလျှံနိုင်ပေမယ့် ဘိလပ်မြေတင်သွင်းမှုဟာ ၉၅၆,၈၂၅ တန် တန်ဖိုး ဒေါ်လာ ၇၃ ဒသမ ၆၁၀ သန်းရှိကြောင်း တွေ့ရပါတယ်။ သံနှင့်သံမဏိတင်သွင်းမှုအနေနဲ့ ၂၀၂၁ ခုနှစ်ကာလအတွင်းမှာ ဒေါ်လာသန်း ၈၅၉ ဒသမ ၄၆ တန်ဖိုး ရှိခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ဘိလပ်မြေနဲ့ သံမဏိထုတ်လုပ်နိုင်တဲ့ ထုံးကျောက်၊ သံရိုင်း၊ ကျောက်မီးသွေး၊ ဒိုလိုမိုက် စတဲ့ကုန်ကြမ်းတွေ လုံလောက်စွာရှိနေပေမယ့်လည်း စက်ရုံတွေ လည်ပတ်ဖို့ အားပေးမှု၊ ကြိုးစားအားထုတ်မှုမရှိခဲ့တဲ့အတွက် ပြည်ပမှ မှာယူတင်သွင်းခဲ့ရ ပါတယ်။ ပြည်တွင်းမှာလည်း အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရပါတယ်။ မိမိနိုင်ငံသားတွေ ပြည်ပနိုင်ငံတွေကို ထွက်ခွာအလုပ်လုပ်ကိုင်ခဲ့ရ ပါတယ်။ သူများနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေရတဲ့ မိမိတို့နိုင်ငံသား တွေဟာ အဲဒီနိုင်ငံတွေရဲ့ ဥပဒေနဲ့စည်းကမ်းတွေအတိုင်း နေထိုင် ကြရပါတယ်။ သူများအရိပ်အောက်မှာ နေရတာပါ၊ ကိုယ့်နိုင်ငံရဲ့ အရိပ်အောက်မှာ လုံခြုံစိတ်ချမ်းသာစွာ လုပ်ကိုင်နိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် ပြည်တွင်းစီးပွားရေးကို အားပေးကြဖို့ လိုပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာ ယခင်က ရပ်ဆိုင်းထားတဲ့ သံနဲ့ သံမဏိစက်ရုံတွေကို ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်လျက် ရှိပါတယ်။ အနိမ့်ဆုံးအဆင့် အဆောက်အဦဆောက်လုပ်ရေးမှာ အသုံးပြုတဲ့ သံချောင်း၊ သံလုံးအဆင့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက် သွားပါမယ်။ ၂၀၂၁ ခုနှစ်မှာ စားအုန်းဆီအပါအဝင် ဆီတင်သွင်းမှုမှာ ၈၅၈,၆၈၅ ဒသမ ၂၇၁ တန် (တန်ချိန် ၈ ဒသမ ၅ သိန်းကျော်ခန့်) တန်ဖိုးဒေါ်လာ ၈၆၆ ဒသမ ၇၁၁ သန်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်း စားသုံးဆီဖူလုံရေး၊ ပြည်ပမှ တင်သွင်းမှုလျှော့ချနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ခန့်မှန်းလူဦးရေ ၅၅ သန်းခန့်ရှိပါတယ်။ ကျန်းမာရေးအရ လူတစ်ဦး တစ်ရက်မှာ အနည်းဆုံးစားသုံးသင့်တဲ့ ဆီ ၂ ဒသမ ၂ ကျပ်သားဖြစ်ပြီး တစ်နှစ်တာ စားသုံးဆီ ၈ ပိဿာနဲ့ တွက်ရင် တစ်နှစ်မှာ ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတဲ့ ခန့်မှန်းလူဦးရေ အရ စားသုံးသင့်တဲ့စားသုံးဆီဟာ တန်ချိန် ၇ သိန်းမျှသာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ပန်းနှမ်းနဲ့ ဆီအုန်းများကနေ စားသုံးဆီများ ထုတ်လုပ်နေတဲ့ အတွက် ကျွန်တော်တို့ ပြည်သူပြည်သားတွေဟာ လူတစ်ဦး တစ်ရက် မှာ အနည်းဆုံးစားသင့်တဲ့ စားသုံးဆီထက် ပိုမိုစားသုံးနေတာ တွေ့ရှိရ ပါတယ်။ စားသုံးဆီ အလွန်အကျွံစားသုံးမှုကြောင့် တစ်ဦးချင်းကုန်ကျမှု များ၊ ၎င်းမှ နိုင်ငံအဆင့် ကုန်ကျမှုများ များပြားလာမှာဖြစ်တဲ့အပြင် တစ်ဦးချင်းရဲ့ကျန်းမာရေး နိုင်ငံအဆင့် အမျိုးသားကျန်းမာရေးကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုရဲ့ တစ်ဦးချင်း ကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေတိုးတက်ရေးကို ရှေးရှုပြီး ကျန်းမာရေး နဲ့ ညီညွတ်တဲ့ စားသုံးဆီပမာဏကိုသာ သုံးစွဲနိုင်ရေး အသိပညာပေးမှု တွေ၊ စားသောက်မှု ပုံစံပြောင်းလဲနိုင်ရေး ဆောင်ရွက်ချက်တွေကို လုပ်ဆောင်လျက်ရှိပါတယ်။
အလားတူ စက်သုံးဆီသုံးစွဲမှုကို အသိပေးလိုပါတယ်။ ကျွန်တော် တို့ နိုင်ငံမှာ မော်တော်ကားမျိုးစုံ ၁ သန်းကျော်ခန့်နဲ့ ဆိုင်ကယ်က ၆ သန်းကျော်ခန့်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ စက်သုံးဆီတင်သွင်းခဲ့မှု ဟာ တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် တန်ဖိုး အမေရိကန်ဒေါ်လာ ၂,၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ကျွန်တော်တို့ နိုင်ငံမှာ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်(Public Transporta-tion) အားနည်းလို့ ပြည်သူတွေဟာ ကိုယ်ပိုင်ယာဉ်နဲ့သာ အားကိုး သွားလာကြရပါတယ်။ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်တဲ့ ရထား၊ ဘတ်စ်ကား၊ သင်္ဘောရေယာဉ်များရဲ့ဝန်ဆောင်မှုကို မြှင့်တင် ခြင်း၊ တစ်ဦးချင်း စက်သုံးဆီသုံးစွဲမှုကို ချွေတာခြင်းဆောင်ရွက်ပြီး ဒီကိစ္စကိုဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ဖြစ်တဲ့ ရထားပို့ဆောင်ရေးစနစ်၊ ဘတ်စ်ကားယာဉ်တွေနဲ့ ပို့ဆောင်ရေးစနစ်၊ သင်္ဘောရေယာဉ်တွေနဲ့ ပို့ဆောင်ရေးစနစ်တို့ကို ဝန်ဆောင်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက် လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူလူထုအနေနဲ့လည်း ကိုယ်တိုင် စက်သုံးဆီသုံးစွဲမှုကို ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးမှာ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုပါတယ်။ ဥပမာ-ဆိုင်ကယ် ၆ သန်းဟာ တစ်ရက်ကို ဆီသုံးစွဲမှု နို့ဆီဘူးတစ်ဝက်ခန့်
လျှော့ချနိုင်ရင် တစ်ရက်ကို ဂါလန် ၁၂၅,၀၀၀ သက်သာမှာဖြစ်သလို ကားတစ်စီးဟာ တစ်ရက်ကို သုံးစွဲမှုဆီပုလင်း တစ်ဝက်လျှော့ချနိုင်ရင် တစ်ရက်ကို ဂါလန် ၁၂၅,၀၀၀ လျှော့ချနိုင်မှာဖြစ်ပါတယ်။ တန်ဖိုး အားဖြင့် တစ်ဂါလန် ၆၀၀၀ ကျပ် ပျမ်းမျှဈေးနဲ့တွက်ကြည့်ရင် တစ်ရက်ကိုငွေကျပ် ၁ ဒသမ ၅ ဘီလီယံထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ပူးပေါင်းဆောင်ရွက်မှုလိုပါတယ်။ ပူးပေါင်းဆောင်ရွက် ကြဖို့လည်း နှိုးဆော်လိုပါတယ်။ ဒါမှ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။
ပြည်သူတွေရဲ့ လူမှုစီးပွားဘဝနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိထုတ်လုပ်နိုင်မှုဟာ များစွာအထောက်အကူပြု ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ နေနဲ့ လေစွမ်းအားတွေ ရှိပြီးဖြစ်ပါတယ်။ ရေအားလျှပ်စစ် စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ကြီးမားပြီး ကုန်ကျစရိတ်တန်ဖိုးတွေကို တိကျစွာတွက်ချက်နိုင် သော်လည်း ပြန်လည်ရရှိမယ့် အကျိုးအမြတ်ကတော့ တန်ဖိုးဖြတ်၍ မရအောင် ကြီးမားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မိုးများတဲ့ဒေသ တွေမှအပ ကျန်နိုင်ငံတစ်ဝန်းလုံးမှာ နေသာတဲ့ရက်ဟာ တစ်နှစ်မှာ ရက်ပေါင်း ၂၀၀ မှ ၂၅၀ အထိရှိပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံတွေ လုံလောက်စွာ တည်ဆောက်ရေးဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရဲ့ လျှပ်စစ် ဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။ နေရောင်ခြည်သုံး ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်ယူမှုဟာ အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ကြီးမားသော်လည်း တည်ဆောက်မှုအချိန်ကာလဟာ နည်းပါးပြီး နောက်ပိုင်းမှာတော့ ကုန်ကျစရိတ်သက်သာတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ရေအား၊ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုတွေကို ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်မယ်ဆိုရင် လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲနိုင်မှုနဲ့၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနည်းပါးသည့် LED စနစ်သုံး လျှပ်စစ်ပစ္စည်းများကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် ကျွန်တော်တို့ပြည်ပ ကနေ မှာယူသုံးစွဲနေရတဲ့ စက်သုံးဆီလိုအပ်ချက်တွေအပေါ်မှာ လည်း လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံအတော် များများရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်မှု တွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေး အတွက် ကျပ်ဘီလီယံ ၂၀၀ နှင့်ထူထောင်ထားတဲ့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးထားတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို ဒုတိယအကြိမ် နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးမြှင့်ပေးပြီးဖြစ်တဲ့အတွက် စုစုပေါင်းသက်တမ်း ၁ နှစ် တိုးပေးခဲ့ပါတယ်။
ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အခြားစီးပွားရေးလုပ်ငန်းတွေရဲ့ တိုးတက်မှုလျော့နည်းလျက်ရှိသော်လည်း စိုက်ပျိုး/မွေးမြူရေးကဲ့သို့ စားဝတ်နေရေးကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပိုမိုအရေးပါ လျက်ရှိတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး/ မွေးမြူရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုး/မွေးမြူရေးနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ကျေးလက် နေ ပြည်သူလူထု ၇၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အထွက်နှုန်းတိုးစေဖို့ လိုအပ်ချက်တွေဖြစ်တဲ့ “မျိုး၊ မြေ၊ ရေ၊ နည်း”ဆိုတဲ့ မျိုးကောင်းမျိုးသန့်တွေရရှိဖို့၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာတွေ ပေါင်းစပ်ပြီး ကောင်းမွန်တဲ့စိုက်ပျိုးမြေများ ဖော်ထုတ်ပေးတာတွေ၊ စိုက်ပျိုးရေရရှိစေဖို့ ဆောင်ရွက်ပေးမှုနဲ့ ကောင်းမွန်တဲ့စိုက်နည်းစနစ်တွေရရှိစေဖို့ ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံအနေနဲ့ ဒေသတွင်းစားနပ်ရိက္ခာဖူလုံနိုင်ရေးနဲ့ ပြည်ပ ကို ယခင်ကထက် ပိုမိုတင်ပို့နိုင်ရေး အလေးထားဆောင်ရွက်လျက် ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ စနစ်တကျခေတ်မီစေဖို့ အရေးပါတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ ပေါ်ထွက်လာရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးကျောင်းတွေကို သိပ္ပံကောလိပ်အဆင့် တိုးမြှင့်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
ယခုရက်ပိုင်းအတွင်း နေပြည်တော်မှာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုပြုလုပ်တဲ့ မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲ မှာ နိုင်ငံအရပ်ရပ်က ကျွဲ၊ နွား၊ ဆိတ်၊ သိုးများ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ဒေသပြည်တွင်းမျိုး၊ ကပြားမျိုး၊ နိုင်ငံခြားမျိုးများအထဲမှာ ဒေသ ပြည်တွင်းမျိုးကောင်းများကိုတွေ့ရပါတယ်။ နွေရာသီအစာရှားပါးတဲ့ အချိန်မှာ နှံစားပြောင်း၊ အဖူးစားပြောင်း၊ မြက်၊ ကောက်ရိုးများ စတဲ့ ဒေသထွက်ကုန်များနဲ့ တိရစ္ဆာန်အစာ ကောင်းမွန်စွာ ထုတ်ပေးနိုင် ကြောင်း တွေ့ရတဲ့အတွက် ကျယ်ပြန့်စွာ ဆောင်ရွက်သွားမယ်ဆိုရင် တောင်သူများအတွက် အကျိုးများစွာရှိပါတယ်။ စနစ်တကျကျွေးမွေး ပြီး မွေးမြူမယ်ဆိုရင် တိုင်းပြည်အတွက် များစွာအကျိုးဖြစ်တာမို့ ခေတ်မီမွေးမြူရေးပညာရှင်များ မွေးထုတ်ဆောင်ရွက်ရန် ကြိုးစားဖို့ လိုကြောင်း ဖြည့်စွက်ပြောလိုပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက် ဒေသတွေမှာ နေထိုင်ကြသူတွေဖြစ်လို့ နိုင်ငံတော်အစိုးရနေနဲ့ ကျေးလက်နေပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေဖို့ အတွက် ထိရောက်တဲ့နည်းလမ်းတွေအသုံးပြုပြီး ဒေသတစ်ခုနဲ့တစ်ခု၊ ဒေသ တွင်း ကွာခြားမှုအနည်းဆုံးဖြစ်စေရေး ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။
ပြည်တွင်းဖြစ်အားပေးမှုအနေနဲ့ ပြည်တွင်းထုတ်ကုန်တွေ အားပေးဖို့နဲ့ ပြည်တွင်းထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းတွေကို ပြည်ပက လျှော့ချတင်သွင်းနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ပေးမှု၊ ဖြေလျှော့ရေးအစီအစဉ်တွေအရ ပြည်ပမှ ကုန်ကြမ်းတွေ တင်သွင်းခွင့်နဲ့ ပြည်တွင်းမှာ ပြုပြင်တပ်ဆင်ထုတ်လုပ် ထားတဲ့ ကုန်ချောပစ္စည်းတွေကို လွယ်ကူစွာတင်ပို့နိုင်ဖို့ ပို့ကုန်လိုင်စင် လျှောက်ထားဖို့မလိုဘဲ တင်ပို့ခွင့်ပြုခြင်း၊ ရေကြောင်းကြန့်ကြာမှု ရှိခြင်းကြောင့် နယ်စပ်ဒေသရှိ ကုန်သွယ်ရေးစခန်းတွေမှ တင်သွင်းခွင့် ဖြေလျှော့ခွင့်ပြုထားသလို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ကဏ္ဍ(၁၂)ခုမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃,၅၅၂ ဒသမ ၃၉၆ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အလိုက် ခွင့်ပြုပြီးလုပ်ငန်းများအနေနဲ့ ကဏ္ဍပေါင်း (၁၂)ခုမှ လုပ်ငန်း ပေါင်း ၃၇ ခုအတွက်ကို ကျပ်သန်းပေါင်း ၃၃၂,၉၆၆ ဒသမ ၃၈၀ သန်း ခွင့်ပြုပြီးဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား-
ဆက်လက်ပြီးလူမှုရေးဆိုင်ရာကိစ္စရပ်တွေကို တင်ပြလိုပါတယ်-
တပ်မတော်က နိုင်ငံတော်တာဝန်ရယူ မထိန်းသိမ်းမီ
ဘာသာ၊ သာသနာဆုတ်ယုတ်မှုအနေနဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)ကဲ့သို့ ဘာသာ၊ သာသနာရေးနဲ့ ပရဟိတ တွဲဖက်ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကို အကြောင်း အမျိုးမျိုးပြပြီး ဖျက်သိမ်းခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါကို အကြောင်း ပြပြီး ဘုရားပုထိုးတွေ ဖူးမြော်ခွင့်နဲ့ ဘာသာရေးအဆောက်အဦအတွင်း ဘုရားဝတ်ပြု၊ ကြည်ညိုခွင့်တွေကိုပိတ်ပင်ခဲ့ပြီး သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းသယောင်ကိုလည်း ဝါဒဖြန့်ခဲ့ပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပညာရပ်တွေ ဟာ National Treasure တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလများမှာ မြန်မာ့ယဉ်ကျေးမှုအကကို ဖက်စပ်ဖန်တီးမှုတွေကြောင့် ဖက်စပ်အက တွေ ခေတ်စားလာရပြီး မြန်မာ့ယဉ်ကျေးမှုအတွက် စိုးရိမ်ရေမှတ် အနေအထားထိဖြစ်လာပါတယ်။ ရွှေတိဂုံစေတီပုံရိပ်ပေါ်မှာ ဖိနပ်နင်း အက ကခဲ့ရတဲ့အထိ ဘာသာရေးနဲ့ယဉ်ကျေးမှုနယ်ပယ် ပျက်စီးခဲ့ရ ပါတယ်။ မြန်မာ့ဓလေ့ရဲ့ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူ ကို သနားဆိုတဲ့ မွန်မြတ်လှသော အလေ့အကျင့်တွေအပေါ် Online Media တွေ အသုံးချကာ လူငယ်တို့ရဲ့ ယဉ်ကျေးသိမ်မွေ့မှု အခြေခံ စိတ်ဓာတ်တွေကို ဖျက်ဆီးခံခဲ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ဗုဒ္ဓဘာသာအများစုဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၈၇ ရာခိုင်နှုန်းခန့် ကိုးကွယ်မှုရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းကာလမှာ ကျောင်းသား လူငယ်တွေထဲ ကိုဗစ်-၁၉ ရောဂါ အကြောင်းပြုပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေကို ကန့်သတ်မှု တွေပြုလုပ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေတဲ့ Sex Education သင်ခန်းစာတွေကို ထည့်သွင်းသင်ကြားစေခဲ့တာ တွေ့ရ ပါတယ်။ ဘာသာရေးကို နိုင်ငံရေးနဲ့ ရောထွေးယှက်တင် မဖြစ်စေရန် လိုသလို ကိုယ့်ဘာသာသာသနာ သန့်ရှင်းတည်တံ့ပြီး ထွန်းလင်း တောက်ပစေဖို့လည်း စည်းကမ်းတကျလုပ်ဆောင်ရမှာဖြစ်ပါတယ်။ သမိုင်းအမှန်ကို ဖုံးကွယ်ပြီး လူငယ်ထုအတွင်း တပ်မတော်ကို အမုန်း ရန်ပွားများစေဖို့ နားယောင်ထိုးသွင်း လှုံ့ဆော်ခြင်းတွေ ဆောင်ရွက်စေ ခဲ့တဲ့အထိ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံဖြစ်အောင် စိမ့်ဝင်စေခဲ့ ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်းပြီးနောက်အခြေအနေ
တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်းပြီးနောက် ကိုဗစ်-၁၉ ရောဂါ အကြောင်းပြပြီး ပိတ်ထားခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုရားစေတီတွေအပါအဝင် သက်ဆိုင်ရာဘာသာအလိုက် ဘာသာရေး အဆောက်အဦတွေမှာ ဘုရားဝတ်ပြုခြင်း၊ ကြည်ညိုခြင်းတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ တိုးတက်လာတဲ့အခြေအနေတွေအပေါ်မူတည်ပြီး လူအများစုဝေးခွင့်၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေ စည်းကမ်းနဲ့အညီ ပြုလုပ်ခွင့်တွေ ဆောင်ရွက်ပေးခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေးအတွက် ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့အညီ ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးအစွန်းရောက်တွေ၊ အကြမ်းဖက်အုပ်စုတွေဖြစ်တဲ့ CRPH ၊ NUG တို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် အရေးယူခံရပြီး နိုင်ငံတော် အတွင်း တရားရုံးအသီးသီးမှာ တရားစွဲဆိုခြင်းခံနေရသူတွေကို လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေဖို့နဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ ပါဝင်နိုင်စေဖို့အတွက် အခါကြီးရက်ကြီးတွေ ဖြစ်တဲ့ ၁၂-၂-၂၀၂၁ ရက် ပြည်ထောင်စုနေ့မှာ အကျဉ်းသား၊ အကျဉ်းသူ ၂၃,၃၆၉ ဦး၊ ၁၇-၄-၂၀၂၁ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ၂၃,၁၈၄ ဦး၊ ၁၈-၁၀-၂၀၂၁ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့မှာ ၁,၃၁၆ ဦး၊ ၂၀-၁၁-၂၀၂၁ ရက်နေ့မှာ ၁၀ ဦး၊ စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၄၇,၈၇၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်တို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ သင့်လျော်တဲ့ နေ့ရက်များမှာ နိုင်ငံတည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးများ မထိခိုက်နိုင် တဲ့ သူများကိုလည်း သင့်လျော်သလို ဆောင်ရွက်ပေးသွားပါမယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ၇၅ နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ပဲဖြစ်ပါတယ်။ ၇၅ နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနဲ့ (၁)ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်၊ (၂) ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို တိုးမြှင့်ဆောင်ရွက်သွားရန်အတွက် (၇၅)နှစ်ပြည့်စိန်ရတု ပြည်ထောင်စုနေ့ကို တိုင်းရင်းသားအားလုံးအတွက် တခမ်းတနား ကျင်းပဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန် ထက်မြက်ဖို့အတွက် လုပ်ဆောင်မယ့်လုပ်ငန်းရပ်တွေ ချမှတ်ခြင်း၊ တိုင်းရင်းသားတွေပါဝင်တဲ့ ဖော်ဆောင်ရေးအဖွဲ့တွေ ဖွဲ့စည်းခြင်းနဲ့ လက်တွေ့လုပ်ငန်းရပ်တွေ ဆောင်ရွက်ခြင်းဆိုတဲ့ အဆင့် ၃ ဆင့်ကို အဆင့်လိုက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက် ဖို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဖွဲ့စည်းပြီး တိုင်းရင်းသား လူမျိုးအပေါင်းတို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို အလေးထား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာတွေ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြန်လည်ကျင်းပဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
နိုင်ငံတော်ရဲ့လက်ရှိအခြေအနေအရ နိုင်ငံတော်တာဝန်ကို ဆက်လက် ထမ်းဆောင်မည့်အခြေအနေတွေကို ထပ်မံတင်ပြလိုပါတယ်-
- ရှေ့ပိုင်းမှာ နိုင်ငံတော်ရဲ့ လက်ရှိနိုင်ငံရေး၊ လုံခြုံရေး၊ စီးပွား ရေး၊ လူမှုရေးနဲ့ ရှေ့ဆက်လက်လုပ်ဆောင်မယ့် လုပ်ဆောင် ချက်တွေကို အကျဉ်းချုပ်တင်ပြပြီး ဖြစ်ပါတယ်။
- မိမိတို့အစိုးရအနေနဲ့ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာပြီး အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်တာဝန် ရယူထားချိန်မှာ တာဝန်တွေကို စွမ်းအားရှိသမျှ ထမ်းဆောင် ခဲ့သော်လည်း ပြည်တွင်း/ပြည်ပ နှောင့်ယှက်ဟန့်တားမှုတွေ ရှိခဲ့ပါတယ်။
မိဘပြည်သူများခင်ဗျား-
- လူတစ်ဦးချင်းစီ၏ လူ့အခွင့်ရေးမှာ လူလူချင်းလေးစားခြင်း၊ တန်ဖိုးထားခြင်းဟာ အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ နိုင်ငံရှိမှလည်း နိုင်ငံသားတို့ရဲ့ ရပိုင်ခွင့်ကို တောင်းဆိုနိုင် ပါတယ်။
- နိုင်ငံပျက်သုဉ်းသွားသော်လည်းပဲ နိုင်ငံသားတစ်ဦးချင်းရဲ့ ရပိုင်ခွင့်ကို ကာကွယ်နိုင်တဲ့ နမူနာမျိုး ကမ္ဘာမှာ မရှိသေး ပါဘူး။ အဖျက်၊ အမှောင့်၊ အနှောင့်အယှက်များ ကင်းဝေးမှသာ နိုင်ငံသားအခွင့်အရေးကို တောင်းဆိုနိုင်မှာပါ။
- အများအကျိုးထက် လူတစ်ဦးတစ်ယောက်အကျိုးဖော်ဆောင် ဦးစားပေးရမယ်ဆိုတဲ့ အတွေးအခေါ်ဟာ ဒီမိုကရေစီအတွက် သူတော်ကောင်းဟန်ဆောင်ခြင်းသာ ဖြစ်ပါတယ်။
- နိုင်ငံတော်ကို လက်မခံတဲ့ ရည်ရွယ်ချက်၊ လုပ်ရပ်၊ လုပ်ဆောင် ချက်တို့ဟာ နိုင်ငံတော်အတွက် တာဝန်သိသိလုပ်ဆောင်နေတဲ့ နိုင်ငံသားများကိုလည်း လက်မခံတဲ့သဘောဖြစ်ပါတယ်။
- နိုင်ငံတော်ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့် ပြည်သူလူထု ကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်ရဲ့အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး (၃)ပါးကို ကာကွယ်ရန် ဖြစ်ပြီး ကျွန်တော်တို့တပ်မတော်သားများဟာ ကိုယ်ပိုင် ဆန္ဒနဲ့အညီ ပုဂ္ဂလိကသဘောမဟုတ်ဘဲ အများအကျိုး အတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်။
- နိုင်ငံမငြိမ်မသက်ဖြစ်ခြင်းရဲ့ အကျိုးဆက်များဟာ ကမ္ဘာ တစ်ဝန်းမှာ နမူနာပေါင်း များစွာရှိနေပါတယ်။
- တပ်မတော်ဟာ ကိုယ်ကျိုးရှာသည့်အဖွဲ့၊ အဖွဲ့အစည်းတစ်ခု အတွက် တည်ရှိနေသော အဖွဲ့အစည်းမဟုတ်ပါဘူး၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံးကို အကာအကွယ်ပေးဖို့ တည်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံ့ကာကွယ်ရေးတာဝန်များကို ပြည်သူနဲ့ပူးပေါင်းပြီး ဦးလည်မသုန် ဆောင်ရွက်ခဲ့သလို ယခု ၁၀ နှစ်အတွင်းမှာ လည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပီပြင်ခိုင်မာရေး အတွက် တတ်စွမ်းသလောက် သစ္စာရှိရှိဆောင်ရွက်ပေးခဲ့ ပါတယ်။ ဒီလမ်းစဉ်အတိုင်း ကတိတည်စွာနဲ့ ဆောင်ရွက်သွား မယ်ဆိုတာ ပြောလိုပါတယ်။
- ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ခြုံငုံသုံးသပ်ကြည့်ပါက ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားတွေနဲ့ ၎င်းတို့ကို အားပေးနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ လိုလားချက်မှာ ဒီမိုကရေစီထက် မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေပါတယ်။ နိုင်ငံတော်ကာကွယ်ရေးမှာ ပြည်သူများ ကို ကာကွယ်ရန်ဖြစ်ပြီး မင်းမဲ့စရိုက် အဖြစ်မခံနိုင်ပါဘူး။ လျစ်လျူရှုလို့လည်း မရပါဘူး။ ဒါကြောင့် အချို့နေရာများမှာ စွန့်စားပြီးပေးဆပ်ကာကွယ်ရခြင်း ဖြစ်ပါတယ်။
- လက်ရှိအခြေအနေမှာလည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အချို့တို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဖျက်ဆီး မှုတွေ ရှိနေပါတယ်။ နိုင်ငံအတွင်း မြို့နယ်အချို့မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ထားဖို့ ရှိနေ ပါသေးတယ်။
- လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ပုဒ်မ ၄၂၉ အရ ကျင်းပနိုင်ဖို့အတွက် ရှေ့ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းတွေ ကျန်ရှိနေပါ သေးတယ်။
- ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတော်ကို နိုင်ငံရေး အရ အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီကာလအတွင်း နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ပြည်သူ့ဘဝလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ကို အထူးဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတစ်ရပ်လုံး က ဝိုင်းဝန်းဆောင်ရွက်မှသာ ပြည်သူ့လိုလားချက်ဖြစ်တဲ့ “စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။
- မြန်မာ့ဂုဏ်ကို အားလုံးကမြှင့်တင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား -
- တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်တွင်း အားကိုပဲ ကျွန်တော် ယုံကြည်အားကိုးပါတယ်။
- နိုင်ငံရဲ့ ပကတိအခြေအနေအရ ပြည်ပအကူအညီများ လိုအပ်သည်မှန်ပေမယ့် ပြည်တွင်းအားနဲ့ လုပ်ဆောင်နိုင်တာ များ ရှိပါတယ်။
- နံပါတ်(၁)အနေနဲ့ ပြည်တွင်းအားနဲ့ ပြည်တွင်းစီးပွားရေး တိုးတက်မြှင့်တင်ပါမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ် များစွာ ရှိပါတယ်။ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပ သွင်းကုန်များသာ အားထားခဲ့လို့ ပြည်သူပြည်သားများရဲ့ လူမှုစီးပွားတိုးတက်မှု အားနည်းခဲ့ခြင်းသာ ဖြစ်ပါတယ်။
- နံပါတ်(၂)အနေနဲ့ ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိအောင် ဆောင်ရွက်ပါမယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်မယ်ဆိုရင် နိုင်ငံရေး အားမကောင်းစရာ မရှိပါဘူး။
- နံပါတ်(၃)အနေနဲ့ တိုင်းရင်းသားပြည်သူများအားလုံး ပါဝင် တဲ့ ကာကွယ်ရေးစွမ်းအားလုပ်ဆောင်ရန် ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဥမကွဲသိုက်မပျက် အေးအတူ ပူအမျှ ညီညွတ်တဲ့အင်အားနဲ့ နိုင်ငံတော်ကို ခေတ်မီပြီး စွမ်းရည် ပြည့်ဝတဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နဲ့ နိုင်ငံကာကွယ် ရေး စွမ်းအား တည်ဆောက်သွားပါမယ်။
- တိုင်းရင်းသား မိဘပြည်သူအားလုံး စဉ်းစားဆင်ခြင်ပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြောလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောလိုတာကတော့-
- နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အစွမ်းကုန်ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။
- နိုင်ငံတော်ထာဝရ အဓွန့်ရှည်တည်တံ့ရေးနဲ့ နိုင်ငံသားများနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များဟာ ကျွန်တော်တို့ တပ်မတော်အတွက် အကြီးမားဆုံး တာဝန်ဖြစ်ကြောင်း ခံယူထားပါတယ်။
- “ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ” နဲ့ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ကို အာမခံပါတယ်။
- ကတိကဝတ်များအတိုင်း ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူတစ်ရပ်လုံးက နိုင်ငံ တော်၊ ပြည်သူလူထုတို့ရဲ့ ကောင်းသောအနာဂတ် ဖြစ်လာစေ ဖို့ ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
- တိုင်းရင်းသားပြည်သူအားလုံး ကျန်းမာရွှင်လန်းကြပါစေ ကြောင်း ထပ်မံဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျား။
- ကျေးဇူးတင်ပါတယ်။