နည်းပညာပြပွဲ၊ ပညာရေးဆိုင်ရာပြပွဲတွေ ပြုလုပ်ပေးမယ်ဆိုရင် ကလေးများရဲ့ ဉာဏ်ပညာအတွေးအခေါ်တွေ ပိုမိုတိုးတက်လာပြီး တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံဟာလည်း နည်းပညာတိုးတက်ထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာပါ

 

နေပြည်တော်   ဇန်နဝါရီ   ၂၉
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် လူငယ်နှင့်စာပေပွဲတော်ကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ယနေ့ ဇန်နဝါရီ ၂၉ ရက်မှစတင်ကာ ဇန်နဝါရီ ၃၁ ရက်အထိ  နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အဆိုပါ လူငယ်နှင့်စာပေပွဲတော်တွင် စာအုပ် စာပေများ၊ ကလေးစာဖတ်ခန်းများ၊ ဓာတ်ပုံပြပွဲများ၊ ကာတွန်းပုံပြခန်းများ၊ အားကစားလှုပ်ရှားမှုပြခန်း များ၊ လေကြောင်းပညာရပ်ဆိုင်ရာ သရုပ်ပြသခြင်း များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊   ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန၊   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန တို့မှ ပြခန်းများ ခင်းကျင်းပြသထားသည်ကို တွေ့ရ သည်။
ထို့အပြင်   ဖျော်ဖြေရေးအဖွဲ့များ၏  ဖျော်ဖြေ တင်ဆက်မှုများ၊         လူငယ်နှင့်စာပေပွဲတော်ကို လာရောက်လေ့လာကြသည့် မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများနှင့်  ဌာနဆိုင်ရာများမှ    ဝန်ထမ်းများ၊   ပြခန်းများဖြင့် စည်ကားလျက်ရှိသည်။
ထိုသို့ လူငယ်နှင့်စာပေပွဲတော်တွင်  လာရောက် ကြည့်ရှုလေ့လာကြသည့်      ကလေးငယ်များကို မမောတမ်း   ရှင်းလင်းဖြေကြားနေသည့်     မြန်မာ နိုင်ငံ   ကုန်သွယ်ရေကျောင်းကောလိပ်မှ   နည်းပြ အရာရှိ   ကိုဝင်းထိုက်အောင်က   “ကျွန်တော်တို့ အနေနဲ့ ရေကြောင်းလူငယ်ပြခန်းပေါင်း ရှစ်ခန်း ပြသ ထားပါတယ်။ ဆိပ်ခံတံတားပြခန်း၊ ရေယာဉ်ပုံစံငယ် ပြခန်း၊ ရေကြောင်းပညာရပ်ဆိုင်ရာပြခန်း၊ ရေကြောင်း အင်ဂျင်နီယာပြခန်း ဒါတွေပါပါတယ်။ ဒီပွဲတော်ကို လာရောက်လေ့လာကြတဲ့    လူငယ်တွေအနေနဲ့ ရေကြောင်းပညာလောကထဲကို ဝင်ရောက်မယ်ဆိုရင်  ဘယ်လိုအကျိုးကျေးဇူးတွေ၊    ရေကြောင်းပညာ တက္ကသိုလ်ကို ဘယ်လိုဝင်ပေါက်ကနေ ဝင်ရောက် ဖြေဆိုနိုင်တာတွေ၊   အဲ့ဒီနောက်   နိုင်ငံတကာမှာ ခြေဆန့်ပြီး   မြန်မာနိုင်ငံအတွက်  နိုင်ငံခြားဝင်ငွေ ရှာနိုင်တဲ့ဆိုတဲ့ ဗဟုသုတတွေကို ပညာပေးရှင်းပြ ပါတယ်။    သင်္ဘောလုပ်ငန်းက   ကမ္ဘာပေါ်မှာရှိတဲ့ ကုန်စည်တွေရဲ့ ၉၂ ရာခိုင်နှုန်းကို အဓိက သယ်ယူ ပို့ဆောင်နေပါတယ်” ဟု ပြောသည်။
လူငယ်နှင့်စာပေပွဲတော်တွင် နည်းပညာအနေ ဖြင့် လာရောက်ပြသသည့် စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးကျောင်းမှ     ကိုဟိန်းမင်းလက်က “ကျွန်တော်တို့ခင်ကျင်းပြထားတာက မီနီစက်ရုပ်တွေ ဖြစ်ပါတယ်။   စာရေးသားတဲ့  စက်ရုပ်တွေပါမယ်။ သုံးဖက်မြင် ပရင်တာထုတ်တဲ့ စက်ရုပ်တွေပါမယ်။ သံဂဟေဆော်တဲ့ စက်ရုပ်တွေပါမယ်။  ဆေးရုံသုံး ခွဲစိတ်ကုသရာမှာအသုံးပြုတဲ့ စက်ရုပ်တွေ ပါမယ်။ ကုန်ပစ္စည်းထုတ်လုပ်ထုပ်ပိုးတဲ့ စက်ရုပ်တွေ ပါပါ တယ်။ 
လူငယ်တွေအနေနဲ့ စက်ရုပ်တွေကို တော်တော် လေး စိတ်ဝင်တစားလေ့လာကြတာ တွေ့ရတယ်။ အပြင်လောကမှာ   ဒီလိုစက်ရုပ်အကြီးစားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်နေ တယ်ဆိုတဲ့    အသိပညာတွေ၊    နည်းပညာတွေ ဘယ်လောက်အထိ တိုးတက်နေတယ်ဆိုတဲ့ အသိ ပညာတွေ ရရှိသွားကြမှာပါ။ 
ကျွန်တော့်အနေနဲ့ ဒီလို လူငယ်နဲ့စာပေပွဲတော် တွေ များများကျင်းပပေးစေချင်ပါတယ်။ ကလေး ငယ်တွေ လာရောက်လေ့လာတဲ့အခါ နည်းပညာတွေ တစ်ဆင့်နဲ့တစ်ဆင့် ဘယ်လောက်တိုးတက်သွားပြီ လဲဆိုတာ သိရမှာပါ။ နည်းပညာပြပွဲ၊ ပညာရေး ဆိုင်ရာပြပွဲတွေ ပြုလုပ်ပေးမယ်ဆိုရင် ကလေးများရဲ့ ဉာဏ်ပညာအတွေးအခေါ်တွေ ပိုမိုတိုးတက်လာပြီး  တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံဟာလည်း နည်းပညာ တိုးတက်ထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာပါ” ဟု ပြောသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)မှ    ကျောင်း ကိုယ်စားပြု လာရောက်လေ့လာသူ  ဒုတိယနှစ် ကျောင်းသူ မသီရိယမင်းစံက “လူငယ်နဲ့စာပေပွဲတော် ကို ကျောင်းကိုယ်စားပြု လာခဲ့တာပါ။ ဒီပွဲတော်မှာ  ခင်းကျင်းပြသထားတဲ့ပြခန်းတွေ အများကြီးတွေ့ရ ပါတယ်။ ကျွန်မအနေနဲ့  နည်းပညာပြခန်းတွေကို ပိုပြီးလေ့လာခွင့်ရခဲ့ပါတယ်။ စာအုပ်စာပေတွေလည်း ပြည့်ပြည့်စုံစုံရှိတဲ့အတွက် အိမ်မှာကတည်းက ပြုစု ထားတဲ့စာအုပ်လေးတွေ ဝယ်ယူလို့ ရခဲ့ပါတယ်။ ကျွန်မက ပြည်ပမှာပညာတော်သင်သွားနိုင်အောင် ကြိုးစားနေတဲ့အတွက် ဒီလိုပွဲတော်မှာ လေ့လာခွင့် ရတာ ဗဟုသုတနဲ့ အသိပညာတွေ အများကြီး ရရှိပါ တယ်။ ဒီပွဲတော်ကိုလာရောက်ရင်း ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲမှာလည်း   ပထမဆု  ရရှိခဲ့ပါသေးတယ်” ဟု ပြောသည်။
စိန်ရတုပြည်ထောင်စုနေ့အကြို လူငယ်နှင့် စာပေပွဲတော်ကို ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဆက်လက်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရ သည်။

ဇင်လင်းထက်