လူငယ်နှင့်စာပေပွဲတော် အရောက်လာဖို့ တို့ဖိတ်ခေါ်

နေပြည်တော်    ဇန်နဝါရီ   ၂၆


“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့    အသိပညာ မြှင့်တင်စို့” ဆိုသည့်  ဆောင်ပုဒ်နှင့်အညီ  စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေ ပွဲတော်ကို     ပြန်ကြားရေးဝန်ကြီးဌာန၊   ပညာရေး ဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဇန်နဝါရီ  ၂၉ ရက်မှ ၃၁ ရက်အထိ     စည်ကားသိုက်မြိုက်ခမ်းနားစွာ ကျင်းပတော့မည်ဖြစ်သည်။


ပြသသွားမည်


အဆိုပါပွဲတော်ကြီး၌ မြန်မာနိုင်ငံ၏ အနာဂတ် ခေါင်းဆောင်များဖြစ်သည့် လူငယ်များနှင့် ကလေး များ  ဉာဏ်ရည်ဉာဏ်သွေးနှင့်  အသိပညာဖွံ့ဖြိုး တိုးတက်စေရန်အတွက် စာအုပ်စာပေများ၊ သမိုင်းဝင် စာချုပ်စာတမ်းများ၊ မှတ်တမ်းများ ခင်းကျင်းပြသ ခြင်း၊   အားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်းများ ဖွင့်လှစ်ပြသခြင်း၊   သိပ္ပံနှင့်နည်းပညာပြခန်းများ ပြသခြင်းနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ ၏    လေ့ကျင့်နေမှုများနှင့်  အားကစားကဏ္ဍ၏ အရေးပါပုံများကို   ပြသမည့်အပြင် မြန်မာနိုင်ငံ လေကြောင်းဝါသနာရှင်များအသင်း၏ လေကြောင်း ပညာရပ်ဆိုင်ရာ သရုပ်ပြသခြင်းကိုလည်း ထည့်သွင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 


ထို့ပြင် လူငယ်နှင့်စာပေပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊   အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊     ကျန်းမာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ ကလည်း မိမိတို့ တာဝန်ယူထားသည့်ကဏ္ဍအလိုက် အစွမ်းကုန်     ကြိုးစားဆောင်ရွက်လျက်ရှိသည့် အပြင် လူငယ်များနှင့်ကလေးငယ်များ၏ ကျန်းမာရေး အတွက်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ထားရှိပြီး လုံခြုံရေးအတွက်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ      တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။ 


ပွဲတော်တွင်   စီစဉ်ဆောင်ရွက်ထားရှိမှုအခြေ အနေများနှင့်စပ်လျဉ်း၍  ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်         ဦးကျော်ဇင်စိုးက “ပွဲတော်မှာ စာပေဆိုင်ရာလှုပ်ရှားမှုနဲ့ အသိပညာပေး ပြခန်းတွေပါဝင်ပါမယ်။ နောက်ပြီး အနုပညာဖျော်ဖြေ ရေးတွေအပြင် လူငယ်တွေ ပါဝင်နိုင်မယ့် ပြိုင်ပွဲတွေ လည်း    စီစဉ်ထားပါတယ်။   အားကစားလှုပ်ရှားမှု အနေနဲ့  မြန်မာ့လက်ရွေးစင်အားကစားသမားတွေ လေ့ကျင့်နေမှုကိုလည်း      လေ့လာလို့ရပါမယ်။ မြန်မာနိုင်ငံ လေကြောင်းဝါသနာရှင်များအသင်းကနေပြီး လေယာဉ်ပုံစံငယ် လွှတ်တင်မှုတွေကိုလည်း  ပြည့်ပြည့်စုံစုံနဲ့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပွဲတော်မှာ ပြခန်းပေါင်း ၃၀ ကျော် ပြသသွားမှာဖြစ်ပါ တယ်။   ကိုယ်ကြိုက်နှစ်သက်တဲ့  စာအုပ်စာတမ်း တွေကို ဝယ်ယူလို့ရအောင်လည်း စာအုပ်အရောင်း ဆိုင်တွေ စီစဉ်ထားပါတယ်။


ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းထား


“ပွဲတော်ကိုလာရောက်တဲ့ လူငယ်နဲ့ကလေးတွေ ပျော်ရွှင်စေဖို့အတွက်  အမှတ်တရလက်ဆောင်တွေ ပေးသွားဖို့လည်းရှိပါတယ်။ လူငယ်တွေကို စုပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့် ဖြစ်စေဖို့အတွက် အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းထားပါတယ်။ ပွဲတော် ကို   လာရောက်ဖို့အတွက်  နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာရှိတဲ့ ကျောင်းတွေကကျောင်းသား ကျောင်းသူတွေနဲ့   ဝန်ကြီးဌာနအလိုက်  ဝန်ထမ်း မိသားစုတွေကိုလည်း       ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်တို့ပွဲတော်ကြီးကို   ခမ်းခမ်းနားနားဖြစ် အောင် စီစဉ်ဆောင်ရွက်ထားတဲ့အတွက် မည်သူမဆို ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လပ်စွာ လာရောက်ဆင်နွှဲနိုင် ဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။


ရည်ရွယ်ကျင်းပခြင်းဖြစ်


အဆိုပါ ပွဲတော်ကြီးကို မြန်မာနိုင်ငံ၏ အနာဂတ် တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏  ဉာဏ်ရည်ဉာဏ်သွေးနှင့်  အတွေး အခေါ်အယူအဆများ ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း     စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ် ရင့်သန်လာစေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊    ဘောဂဗလငါးတန်   မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား     ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့်      တည်ဆောက် အကောင်အထည်ဖော်နိုင်ရန်   ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။


ထိုသို့   ကောင်းမွန်သည့်   ရည်ရွယ်ချက်များ ပြည့်ဝစွာဖြင့်  နိုင်ငံတော်အစိုးရက စေတနာအပြည့် ဖြင့်      စီစဉ်ဆောင်ရွက်ထားသည့်     စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်   လူငယ်နှင့်စာပေ ပွဲတော်သို့  အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမည့် ကလေးများနှင့် လူငယ်များအနေဖြင့် တက်ကြွသော ခြေလှမ်းများဖြင့် လှမ်းလာကြပါရန် ဖိတ်ခေါ်လိုက်ရ ပါသည်။