
စာချစ်သူ
အင်တာနက်ဈေးနှုန်းတွေ တက်သွားတော့ ယခင်ကသို့နှယ် မိုးလင်းမိုးချုပ် ဖေ့စ်ဘွတ်ကို မပွတ်နိုင်တော့။ ညပိုင်းတစ်ချိန်မျှသာ လိုင်းပေါ်တက်နိုင်တော့သည်။
တစ်ခုကောင်းသည်က ယခင်ကဖေ့စ်ဘွတ်လိုင်းပေါ်တွင်သာ တမေ့တမောကုန်လွန်ခဲ့သော အချိန်များသည် ကိုယ့်အတွက် အချိန်ပိုထွက်လာသည်။ မိသားစု အိမ်မှုကိစ္စအချို့ကို ဝင်ရောက်ပါဝင် ကူညီခွင့်ရလာသည်။ ဘုရားကျောင်းဆောင်ရှေ့တွင် သံသရာအရေးအတွက် ဘာဝနာအရေးကို စိတ်အေးလက်အေးဆောင်ရွက် ခွင့်ရလာသည်။ အထူးသဖြင့် စာဖတ်ချိန် ပိုထွက်လာခြင်းဖြစ်သည်။
အခြားသူများအဖို့တော့မသိ၊ ကျွန်တော်မူ ရေငတ်တုန်းရေတွင်းထဲ ကျဘိသို့နှယ် ဖြစ်ရသည်။ ဖေ့စ်ဘွတ်၏ဆွဲဆောင်မှုကြောင့် ကာလအတန်ကြာ မေ့လျော့နေခဲ့သော စာအုပ်စင်သည် ယခုမှ အသက် ဝင်လာသည်။ ကာလအတန်ကြာအိပ်ပျော်နေသော ကျမ်းအိပ်တို့သည် ယခုမှ တစ်ဖန်ပြန်လည် သက်ဝင်နိုးထလာသည်။ ငယ်စဉ်က တစ်နေ့ လျှင် အနည်းဆုံး စာအုပ်သုံး၊ လေးအုပ်နှုန်းဖတ်ခဲ့သော စာဖတ်အားတို့သည် ဟောင်းပေမယ့်လည်း ကောင်းနေဆဲ အင်ဂျင်ပါဝါတစ်ခုလို ခုတ်မောင်းအား မှန်လာသည်။
မဖတ်ဖြစ်သည်မှာ ကြာပြီဖြစ်သည်မို့ မေ့လျော့ နေသည့် စာအုပ်အဟောင်းအချို့ကို ပြန်ရွေးပြန်နွေး ရင်း တဝကြီးဖတ်မိသည်။ ဦးနှောက်က နာလန်ထခါ စမို့ အတ္ထုပ္ပတ္တိ၊ သုတ၊ ရသ လုံးချင်းစာအုပ်များထက် တစ်ပုဒ်ချင်းဖတ်လို့ရသည့် ဆောင်းပါးစာစုများကို သာ ရွေးဖတ်ရသည်။ အထူးသဖြင့် ဆရာကြီး သခင် အောင်ဖေ၏ မိုးဂျာနယ်ပါ တစ်ချိန်က ဆောင်းပါး ပေါင်းချုပ်များ၊ ဆရာမောင်ဝံသ၏ အတွေးအမြင် ဆောင်းပါးများ၊ ရှာမှရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးစာအုပ်တို့ကို တစ်ပုဒ်ချင်း တစ်ပုဒ်ချင်း ဖတ်ဖြစ်သည်။
နိုင်ငံသားတစ်ဦး၏ တာဝန်
“တာဝန်သိနိုင်ငံသား”။ ဆရာမောင်ဝံသ၏ အတွေးအမြင်ဆောင်းပါးတစ်ပုဒ်။ ဆရာက အမေရိ ကန်နိုင်ငံ မစ်ရှီဂန်တက္ကသိုလ်၌ သတင်းစာပညာ သင်တန်းတက်ရောက်ခဲ့စဉ်က အတွေ့အကြုံ ကလေးအချို့ကို ဖော်ပြရင်း တာဝန်သိနိုင်ငံသားတို့ ၏ သဘော သဘာဝနှင့် နိုင်ငံသားတစ်ဦး၏ တာဝန် ကို မီးမောင်းထိုးပြခဲ့သည်။
“ထိုနေ့ညနေ ကျောင်းကပြန်လာသောအခါ အဆောင်ခန်းတွင်း၌ ခါတိုင်းနှင့်မတူဘဲ အေးစိမ့်စိမ့် ဖြစ်နေပါသည်။ တစ်ခန်းတည်းနေ အမေရိကန် လူငယ် ဂရန့်ကို မေးကြည့်ရာ သူကသတင်းစာထိုး ပြပြီး သမ္မတ၏ကြေညာချက်ကို ဖတ်ခိုင်းသည်။
“ကျွန်တော်တို့ရဲ့သမ္မတကြီးက ၆၅ ဒီဂရီထက် ပိုမသုံးပါနဲ့လို့ တောင်းပန်ထားတယ် ခင်ဗျ။ ဒါကြောင့် ကျွန်တော် လျှော့ထားတာ”ဟု သူက ပြောသည်။ အခန်းတွင်း အပူချိန်ထိန်းညှိသော နံရံကပ်ကိရိယာကို ကျွန်တော် ကြည့်လိုက်ရာ တကယ်ပင် ၆၅ ဒီဂရီအမှတ် သို့ ရွေ့ထားသည်ကို တွေ့ရသည်။
မေတ္တာရပ်ခံချက်ကို လေးစားရမယ်
“နေပါဦး ငါ့လူရယ်၊ ငါက အပူပိုင်းဇုန်က လာတာကွယ့်၊ တို့ဆီမှာ ၆၅ ဒီဂရီဆိုတာ ဂွမ်းစောင် ကြီး နှစ်ထပ်လောက်ခေါင်းမြီးခြုံပြီး နေရလောက် တယ်။ မလုပ်ပါနဲ့ကွယ်။ ငါ့မှာ အပြင်မှာလည်း သွေးခဲလုအောင် နေ့စဉ်ဒုက္ခခံပြီး သွားလာနေရ၊ ကိုယ့်အခန်းထဲ ပြန်ရောက်လို့မှ နွေးနွေးထွေး ထွေးမနေရရင် မလွယ်ဘူးကွ”ဟု ကျွန်တော်က တောင်းပန်ရသည်။ ဂရန့်က “သမ္မတကြီးရဲ့ မေတ္တာ ရပ်ခံချက်ကို ကျွန်တော်တို့ လေးစားရမယ်ဗျ”ဟု ဆိုပြန်ပါသည်။
ကျန်အခန်းဖော်များကလည်း ချော့မော့ ဖျောင်းဖျမှ ဂရန့်က လျှော့လာသည်။ ကျွန်တော်တို့ ကလည်း လျှော့ပေးရသည်။ သို့ဖြင့် အခန်းတွင်း အပူဒီဂရီကို ခါတိုင်း ၇၂ ဒီဂရီ ထားနေရာမှ ၇၀ ဒီဂရီထားရန်၊ လေးယောက်စလုံးမရှိချိန်(ကျောင်းသွားချိန်)တွင် ၆၅ ဒီဂရီသို့ လျှော့ချခဲ့ရန်၊ အခန်း တွင်း တစ်ယောက်ပြန်ရောက်မှ ၇၀ ဒီဂရီပြန်ထားရန် သဘောတူဆုံးဖြတ်လိုက်သည်။
ဂရန့်မှာ အသက် ၂၀ မျှသာ ရှိသေးသည်။ ကျွန်တော်သည် သူကလေးကိုကြည့်၍ ကိုယ့်တိုင်း ပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ခေါင်းဆောင်ကို ချစ်ခင်မြတ်နိုး လေးစားတတ်သော သူ့စိတ်ဓာတ် အား အလေးပြုမိခဲ့ပါသည်”ဟု တခုတ်တရ ရေးသားဖော်ပြခဲ့လေသည်။
သမ္မတ ဂျင်မီကာတာခေတ်တွင် လောင်စာ ရှားပါးမှုပြဿနာကို ကာကွယ်သောအားဖြင့် ဆောင်းရာသီကာလအတွင်း အမေရိကန်ပြည်သူ များ အပူဓာတ်လျှော့ချသုံးစွဲကြရန် တစ်နိုင်ငံလုံးသို့ မေတ္တာရပ်ခံခဲ့သည်။ အမေရိကန်အားလုံး အိမ်တွင်းအပူဓာတ်အားကို ၆၅ ဒီဂရီ(ဖာရင်ဟိုက်)သာ အများဆုံးထားရှိကြရန် မေတ္တာရပ်ခံခဲ့ဖူးသည်။ ဆောင်းတွင်းကာလ၌ အမေရိကန်တို့ အိမ်တွင်း အပူဒီဂရီပုံမှန်ထားကြသည်မှာ ၇၀-၇၂ ဒီဂရီခန့် ဖြစ်သည်။
ထို့ပြင် သမ္မတဂျင်မီကာတာသည် လောင်စာဆီ ချွေတာသောအားဖြင့် ဘတ်စ်ကားစီးကြရန် နှိုးဆော်ခဲ့ရာ သမ္မတ၏ ပန်ကြားချက်ကြောင့် ဘတ်စ်ကားစီးသူ ယခင်ကထက် နှစ်ဆခန့်တိုးလာ ခဲ့သည်။
ကျွန်တော်တို့နိုင်ငံမှ နိုင်ငံသားများအဖို့မူ “နိုင်ငံသားတစ်ဦးရဲ့တာဝန်ကဘာ၊ တာဝန်သိ နိုင်ငံ သားဆိုတာ ဘာလဲ”ဆိုသည်ကိုရော သိမှသိပါလေစ။ ရှည်ရှည်ဝေးဝေး၊ ကြီးကြီးကျယ်ကျယ်တွေးစရာ မလိုပါ။ ဆရာမောင်ဝံသ၏ “တာဝန်သိနိုင်ငံသား” အတွေးအမြင်ဆောင်းပါးတိုလေးတွင် “ဥပဒေ ကို ရိုသေလေးစားလိုက်နာရမည့် တာဝန်သည် နိုင်ငံသားကောင်းတို့၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံသားကောင်းဖြစ်လိုလျှင် ဥပဒေကို ရိုသေ လေးစားရမည်ဖြစ်ကြောင်း” မီးမောင်းထိုးတင်ပြ ထားပါသည်။
လက်ရှိကာလတွင် ခေတ်အခြေအနေအရ ပြည်သူများသည် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို သိသိသာသာ ပိုမိုသုံးစွဲလာကြခြင်းကြောင့် နိုင်ငံတော်၏ ဓာတ်အားစနစ်အတွင်း ဝန်အားသုံးစွဲ မှုများ မြင့်တက်လာပြီး ဓာတ်အားလိုအပ်ချက် များဖြစ်ပေါ်လာခဲ့ရာ ပြည်သူများ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲကြရန် သက်ဆိုင်ရာက အသိပေး တိုက်တွန်း နှိုးဆော်လျက်ရှိသည်။
လျှပ်စစ်ဓာတ်အား ချွေတာရေးနည်းလမ်းများ အနက် ဓာတ်အားသုံးစွဲမှုများသော မီးသီး၊ မီးချောင်း များအစား LED မီးသီး၊ မီးချောင်းများ အစားထိုးခြင်း၊ မလိုအပ်သော နေရာများ၊ အချိန်များတွင် မီးပိတ် ထားပြီး လိုအပ်သော နေရာများကိုသာ မီးခလုတ် ဖွင့်ခြင်းတို့ကို လိုက်နာဆောင်ရွက်ပေးကြပါရန် လည်း မေတ္တာရပ်ခံနှိုးဆော်ထားလေရာ ကျွန်တော် တို့သည် ဖော်ပြပါ “တာဝန်သိနိုင်ငံသား” ဆောင်းပါး ထဲက အသက် ၂၀ အရွယ် အမေရိကန် လူငယ်လေး ဂရန့်ကဲ့သို့ “သမ္မတကြီးရဲ့ မေတ္တာရပ်ခံချက်ကို ကျွန်တော်တို့ လေးစားရမယ်ဗျ”ဆိုဘိသို့ နိုင်ငံတော် ၏ မေတ္တာရပ်ခံချက်ကို တာဝန်သိနိုင်ငံသားအားလုံး လေးစားလိုက်နာကြရန် လိုအပ်ပေသည်။
နိုင်ငံသားကောင်းပီသ
ထို့အတူ တာဝန်သိနိုင်ငံသားဟူသည် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းမှအစ အများသူငှာ အကျိုးအတွက် သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို တစ်သဝေမတိမ်း လေးစားလိုက်နာခြင်း၊ နိုင်ငံတော်ကိုပေးဆောင် ရမည့် အခွန်အခများကို မပျက်မကွက်ပေးဆောင် ခြင်းဖြင့်လည်း နိုင်ငံသားကောင်းပီသမှုကို ပြသ ကြရပေမည်။
နိုင်ငံ့သားကောင်း မပီသသူအချို့ကမူ အများ သူငှာ အကျိုးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လစ်ရင်လစ်သလို ချိုးဖောက်ကျူးလွန်တတ်ကြသည်။ မလုပ်နှင့်ဆို လုပ်လိုက်ရမှ ကျေနပ်သည်။ ရှက်ရကောင်းမှန်းမသိ။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖော်နေကြသည့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း စည်း ကမ်းဖောက်သူကိုမှ ဟီးရိုးဟု ထင်မြင်ယူဆတတ်ကြ သည်။ လက်ခုပ်ဩဘာပေးကြသည်။ ရှုတ်ချရ ကောင်းမှန်း မသိကြ။ သူတို့အဖို့ နိုင်ငံသားကောင်း၊ တာဝန်သိနိုင်ငံသား တစ်ဦးဆိုသည်မှာ ဝိုင်းဟား စရာဖြစ်ရလေသည်။
တကယ်တော့ လက်နက်ကိုင်တော်လှန်ပုန်ကန် မှ နိုင်ငံတော်ကို ဖျက်ဆီးခြင်း မဟုတ်ပါ။ နိုင်ငံသားတစ်ဦးလိုက်နာရမည့်တာဝန်၊ ဝတ္တရားများကို မလိုက်နာဘဲ စည်းပျက်ကမ်းပျက်နေထိုင်ပြုမူ လုပ်ဆောင်နေခြင်းကလည်း နိုင်ငံတော်ကိုတစ်စ တစ်စ ဆုတ်ယုတ်ပျက်စီးအောင် အတွင်းက လှိုက်စားဖျက်ဆီးနေခြင်းမည်ပေသည်။
တစ်နေ့က သူငယ်ချင်းမောင်းနှင်သည့် တက္ကစီ ယာဉ်ငှားစီးရင်း ရှေ့ကကြုံသလို ကွေ့၊ ကြုံသလို မောင်း၊ ကားရှေ့ခေါင်းထိုး အတင်းဝင်ထွက် စည်းမဲ့ ကမ်းမဲ့ယာဉ်မောင်း အချို့ကိုကြည့်ရင်း စိတ်ထဲစနိုး စနောင့်ဖြစ်ရသည်။ သူကလည်း “ဒီလူတွေ စည်းကမ်းမရှိဘူး”ဟု ညည်းတွားရေရွတ်လေသည်။
“နိုင်ငံသားတစ်ဦးရဲ့တာဝန်ဟာ ဘာလဲ၊ ခင်ဗျား သိလား”
သူသည် ကားမောင်းနေရင်းမှ ကျွန်တော့် မျက်နှာကို ဖျတ်ခနဲ လှည့်ကြည့်လေသည်။
“နိုင်ငံသားတစ်ဦးရဲ့တာဝန်က အများသူငှာ အကျိုးအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ လေးစားလိုက်နာခြင်းပဲဗျ”
ကိုယ့်အမေးကို ကိုယ့်ဘာသာကိုယ်ပင် ဖြေလိုက်မိသည်။
တန်ဖိုးရှိသော ဆောင်းပါး၊ စာပေများသည် စာဖတ်သူတို့၏ ဦးနှောက်နှင့် နှလုံးသားတွင် အမြဲ စွဲမြဲထင်ဟပ်လေ့ရှိပါသည်။ အကြောင်းတိုက်ဆိုင် လျှင်လည်း ဤသို့ အမှတ်ထင်ထင် ပေါ်ပေါက်လာ တတ်ပါသည်။
အင်တာနက်ဈေးနှုန်းများ တက်ခိုက်တွင် အင်တာနက်အလွန်အကျွံသုံးစွဲခြင်းကို လျှော့ချ၍ စာဖတ်ချိန်ကို ဆက်လက်မြှင့်တင်ရပါဦးမည်။ ကျွန်တော့်အဖို့မူ အဟောဝတ ကောင်းလေစွ။ ။
- Log in to post comments