အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စုပထမပွဲတွင်  မြန်မာအသင်း အရေးနိမ့်

 

ရန်ကုန် ဇန်နဝါရီ ၂၁

 


၂၀၂၂ အာရှဖလား  အမျိုးသမီးပြိုင်ပွဲ  အုပ်စု (ဂ) ပထမနေ့ကို ဇန်နဝါရီ ၂၁ ရက်က အိန္ဒိယနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။

 


အုပ်စုကျပ်အတွင်း ကျရောက်နေသည့် မြန်မာအသင်းသည် အုပ်စု အဖွင့်ပွဲအဖြစ် လက်ရှိချန်ပီယံ ဂျပန်အသင်းနှင့် တွေ့ဆုံခဲ့ရာ ငါးဂိုးပြတ် အရေးနိမ့်ခဲ့သည်။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်  ဗိုလ်စွဲဖူးသည့် ဂျပန်အသင်းသည်   မြန်မာအသင်းထက်  အစစအရာရာ   သာလွန် နေသဖြင့် ပွဲချိန်ပြည့် ခြေအသာဖြင့် ကစားနိုင်ခဲ့သည်။ သို့သော် မြန်မာ အသင်းသည်   အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ရာ  ပထမပိုင်းတွင် တစ်ဂိုးသာပေးခဲ့ရပြီး ဒုတိယပိုင်းတွင် လေးဂိုးပေးခဲ့ရသည်။ ယခုပွဲတွင် မြန်မာဂိုးသမားက သေချာပေါက် အခွင့်အရေးအချို့ကို ကာကွယ်နိုင်ခဲ့ သည်။ ဂျပန်အသင်းအတွက် ဂိုးများကို ၂၂ မိနစ်၊ ၄၇ မိနစ်၊ ၅၂မိနစ်၊ မိနစ် ၇၀ နှင့် ၉၀ တို့တွင်  သွင်းယူခဲ့သည်။   အိန္ဒိယကလပ်အသင်း၌ ကစားနေသည့် မြန်မာအသင်းမှ အဓိကတိုက်စစ်မှူး  ဝင်းသိင်္ဂီထွန်းမှာ ကိုဗစ်ကူးစက်ခံထားရသဖြင့် ယခုပွဲတွင် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပေ။ မြန်မာအသင်းသည်  ဒုတိယပိုင်းတွင်  နန့်ဇူးဇူးထက်၊  ဇွန်ယုယဦး၊ နော်ထက်ထက်ဝေ၊ မြတ်နိုးခင် စသည့် လူငယ်ကစားသမားများကို လူစားလဲအသုံးပြုခဲ့သည်။  မြန်မာအသင်းသည် ဂျပန်အသင်းနှင့် အာရှ ဖလားပြိုင်ပွဲ နောက်ဆုံး အဆင့်တွင် သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် ခုနစ်ဂိုးပြတ်၊  ရှစ်ဂိုးပြတ်တို့ဖြင့် အရေးနိမ့်ခဲ့ သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဇန်နဝါရီ ၂၄ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ကစားရမည်ဖြစ်သည်။        
     

ရဲရင့်လွင်