
နေပြည်တော် ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၏ စွမ်းဆောင်ရည်အကဲဖြတ် ဆန်းစစ်ခြင်းနှင့် အသိအမှတ်ပြု ခြင်းဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်၌ ကျင်းပရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့် အွန်လိုင်းမှ တက်ရောက်သည်။
ဆွေးနွေးပွဲဖွင့်ပွဲတွင် အသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် က အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း IFRC Myanmar Country Office မှ Head of Delegation Ms. Nadia KHOURY က နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်၊ အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင် များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယ အထွေထွေအတွင်းရေးမှူး များ၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ များမှ တာဝန်ရှိသူများနှင့် လူငယ် ကြက်ခြေနီ ခေါင်းဆောင်များ၊ မိတ်ဖက်ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်အထိ လေးရက် တာ ပြုလုပ်သွားမည်ဖြစ်သည်။
အသင်း၏ စွမ်းဆောင်ရည် အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသိ အမှတ်ပြုခြင်း လုပ်ငန်းစဉ်သည် အသင်းတစ်ခုလုံးနှင့် သက်ဆိုင်ပြီး ကျယ်ပြန့်သော စွမ်းဆောင်ရည်များ နှင့် ဆက်စပ်နေသည့် အမျိုးသား အသင်းတစ်သင်း၏ အားသာချက်၊ အားနည်းချက်များကို အမိအရ ဆုပ်ကိုင်နိုင်ရန် ရည်ရွယ်ကာ ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်