
ရန်ကုန် မတ် ၆
မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် အနေဖြင့် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် ဂျပန် ဂန္ထဝင်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းရှိ နေပြည်တော်အဆင့်မြင့်ရုပ်ရှင် ရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ဂျပန့်ရင်သွေးရုပ်ရှင် ဇာတ်ကား ထိန်းသိမ်းရေးလုပ်ငန်း၌ ပါဝင်ခဲ့သူများနှင့် မိတ်ဆက်ပေးပြီး ပြန်လည် ပြုပြင်ထိန်းသိမ်းထားသော ဂျပန့်ရင်သွေး ရုပ်ရှင်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Maruyama Ichiro နှင့် ဂျပန်နိုင်ငံ အမျိုးသားရုပ်ရှင်မော်ကွန်းတိုက် ညွှန်ကြားရေးမှူး Mr. Okajima Hisahi တို့ က ပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့က လက်ခံရယူသည်။
ယင်းနောက် ၂၀၂၀ ပြည့်နှစ် ဂျပန်ဂန္ထဝင် ရုပ်ရှင်ပွဲတော် ပထမနေ့အဖြစ် ဂျပန့်ရင်သွေး ရုပ်ရှင်ဇာတ်ကားအားပြသရာ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးနှင့် သံရုံး တာဝန်ရှိသူများ၊ Agency for Cultural Affairs မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့် ရုပ်ရှင်ချစ်ပရိသတ်များ ကြည့်ရှုအားပေးကြသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးနှင့် ဂျပန်အစိုးရအဖွဲ့ အစည်းတစ်ခုဖြစ်သော Agency for Cultural Affairs တို့၏ဦးဆောင်မှုဖြင့် ကျင်းပခြင်း ဖြစ်ပြီး ပွဲတော်ကို ယနေ့မှစ၍ မတ် ၈ ရက် အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော် ပထမနေ့ (မတ် ၆ ရက်) ညနေ ၆ နာရီခွဲတွင် ဂျပန်နှင့်မြန်မာ ပူးပေါင်းဖန်တီး ထားသည့် ပထမဆုံးသော ဂျပန်၊ မြန်မာရုပ်ရှင် ''ဂျပန့်ရင်သွေး'' ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ပြီး မတ် ၇ ရက်နှင့် ၈ ရက်တို့တွင် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်း ထားသည့် ၁၉၅၈ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အတွင်း ရိုက်ကူးခဲ့သော ဂျပန်နိုင်ငံကိုယ်စားပြု ဂျပန် ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားများဖြစ်သည့် My Neighbor Totoro ၊ Godzilla ၊ Rashomon၊ Tora-san, The Lovable Tramp ၊ Tokyo Story တို့နှင့်အတူ ဂျပန့်ရင်သွေးရုပ်ရှင် ဇာတ်ကားအား ပြန်လည်ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ရိုက်ကူးတင်ပြမည့် မှတ်တမ်းရုပ်ရှင် (ရိုက်ကူးဆဲ) တို့အား အခမဲ့ ပြသသွားမည်ဖြစ်သည်။
ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် အဆိုပါ ရုပ်ရှင်ဇာတ်ကားများမပြသမီ တစ်နာရီ ကြိုတင်၍ ရုပ်ရှင်လက်မှတ်များကို ဦးရာလူ စနစ်ဖြင့် ယင်းရုပ်ရှင်ရုံ၌ ထုတ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်