ကိုဗစ်အလွန် လည်ပတ်ဖွယ်ရာ အစုံအလင် နေပြည်တော်တစ်ခွင်

Type
၁

ဆောင်းပါး

========

 

ကိုဗစ်အလွန် လည်ပတ်ဖွယ်ရာ အစုံအလင် နေပြည်တော်တစ်ခွင်

===========================================

 

မိုးသားလေး

ဟိုတယ်/ခရီး

 

 

ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အရှိန်အဟုန် မြင့်မားမြန်ဆန်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization-WHO) က အရေးပေါ် အခြေအနေအဖြစ် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလမှာ စတင် ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရောဂါကူးစက်မှု ကို အထိရောက်ဆုံးကာကွယ်နိုင်ဖို့အတွက် မလိုအပ်ဘဲ ခရီးသွားလာခြင်းများမပြုလုပ်ရန်၊ ပွဲလမ်းသဘင်များ၊ အစည်းအဝေးများနဲ့ အခမ်းအနားများ မကျင်းပရန် အပါအဝင် ဝန်ထမ်းများ၊ လုပ်သားပြည်သူများ လိုက်နာ ဆောင်ရွက်ရန် စည်းကမ်းချက်တွေကို အချိန်နဲ့ တစ်ပြေးညီချမှတ်ခဲ့ပြီး ကိုဗစ်- ၁၉ ကို ကာကွယ်၊ တားဆီး၊ ထိန်းချုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။

 

လက်ရှိကာလမှာ ကိုဗစ် - ၁၉ ကြောင့် ခရီးသွား လုပ်ငန်းလည်း ရပ်ဆိုင်းလျက်ရှိပါတယ်။ ထိုနည်းတူစွာပဲ နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပေမယ့် အခုနှစ်မှာ COVID-19 ကပ်ရောဂါကြောင့် အွန်လိုင်းစနစ်နဲ့ ကျင်းပခဲ့ပါတယ်။

 

ဘာပဲဖြစ်ဖြစ် ကပ်ရောဂါကနေ လွတ်မြောက်တော့ မယ့် များမကြာမီအချိန်အတွင်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ရှင်သန်လာဖို့၊ စိတ်ကူးတွေကို အကောင်အထည် ဖော်နိုင်ဖို့၊ ပြည်ထောင်စုသားတွေ ပိုပြီးနီးစပ်လာဖို့၊ စည်းလုံးညီညွတ်လာဖို့၊ နိုင်ငံသူ နိုင်ငံသားအားလုံး အတွက် အကျိုးဖြစ်ထွန်းစေမယ့် ခရီးသွားလုပ်ငန်းတွေ အမြန်ဆုံးပြန်လည်ရှင်သန်လာဖို့၊ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ခရီးသွားလုပ်ငန်း နဲ့ ထိရောက်စွာပံ့ပိုးပေးနိုင်ဖို့အတွက် ကိုဗစ်အလွန် ကာလမှာ ပြည်တွင်းခရီးသွားများနဲ့ အစပြုပြီး ပြည်ပ ခရီးသွားတွေ ပြန်ဝင်လာအောင် မျှော်လင့်ကာ ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

 

ခရီးသွားဆွဲဆောင်မှုများနဲ့ အရင်းအမြစ်ပေါကြွယ်ဝ တဲ့ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ် - ၁၉ အလွန်ကာလမှာ ဘယ်လိုခရီးစဉ်ဒေသတွေကို မိတ်ဆက်မြှင့်တင်ဖော်ထုတ် သင့်သလဲဆိုတာ အတွေးစများ ဝင်ရောက်ခဲ့ပါတယ်။

ကိုဗစ်အလွန်ကာလမှာ ကျွန်မတို့တစ်တွေ သတ်မှတ်ထားတဲ့ Social Distancing ဆိုင်ရာအချက်တွေ နဲ့အညီ ခရီးတွေထွက်နိုင်ကြရေးအတွက် ရာသီအလိုက် ပွင့်လန်းနေတဲ့ပန်းများအလှကိုခံစားရင်း ကျယ်ပြောလှတဲ့ လမ်းမကြီးတွေနဲ့ ရင်သပ်ရှုမောစရာ အဆောက်အအုံ များစွာ၊ လည်ပတ်စရာတွေ ပေါများလှပြီး သန့်ရှင်း လတ်ဆတ်တဲ့ လေကောင်းလေသန့်များ ရှူရှိုက်နိုင်တဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ဘုရားများ တည်ရှိရာ နေပြည်တော်သို့ အလည်တစ်ခေါက်တော့ လာရောက်ကြစေဖို့ ဖိတ်ခေါ်ရင်းနဲ့ နေပြည်တော်ရဲ့ အထင်ကရနေရာများနဲ့လည်း မိတ်ဆက်ပေးလိုပါ တယ်။

ခရီးသွားလာခြင်းဆိုတာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု၊ ရုပ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုများကို ပြေလျော့စေပြီး သုတ၊ ရသမျိုးစုံကို ပေးစွမ်းနိုင်ပါတယ်။ ခရီးသွားခြင်းကြောင့် အတွေ့အကြုံ သစ်တွေ၊ အတွေးအမြင်သစ်တွေ၊ ဒေသန္တရဗဟုသုတတွေ ရရှိပြီး ဒေသထွက်အစားအစာများကိုလည်း မြည်းစမ်း ကာ ဒေသထွက်အမှတ်တရပစ္စည်းများကိုလည်း စုဆောင်းနိုင်ပါမယ်။ မိမိရဲ့စိတ်ကိုလည်း အပန်းပြေစေပါ တယ်။

 

ခရီးသွားခြင်းဟာ လုပ်ငန်းခွင်မှာ နိစ္စဓူဝရခဲ့တဲ့ ပင်ပန်းမှုတွေ၊ ကုန်ခန်းသွားတဲ့ အားအင်တွေကိုပါ ပြန်လည်ဖြည့်စွမ်းပေးနိုင်ပါတယ်။ ရှေးလူကြီးတွေ လက်သုံးစကားဖြစ်တဲ့ စိတ်သွားတိုင်းကိုယ်ပါ ဖြစ်နေတဲ့ အချိန်လေးမှာ အချိန်ပေးပြီးတော့ ခရီးသွားသင့်ပါတယ်။ ဒါ့အပြင် ခရီးသွားခြင်းဟာ စိန်နားကပ်ပန်ရခြင်းထက် ပိုပြီးတန်ဖိုးရှိသလို မိုင်ပေါင်းတစ်ထောင် ခရီးသွားခြင်း ဟာ စာအုပ်ပေါင်းတစ်ထောင်ဖတ်ရှုတာနဲ့ တူညီတယ်လို့ ဆိုရိုးစကားရှိခဲ့သလို၊ စာများများဖတ်ခြင်းဟာ အတွေး အခေါ်ကို ရင့်ကျက်ပြည့်ဝစေသလို ခရီးများများထွက်ခြင်း ဟာလည်း အတွေးသစ်၊ အမြင်သစ်၊ စိတ်ကူးသစ်တွေကို ရရှိစေပါတယ်။

 

တိုးတက်ပြောင်းလဲလာတဲ့ Globalization ခေတ်ကြီး မှာ ကမ္ဘာ့နိုင်ငံများရဲ့ ဘယ်နေရာဘယ်ဒေသမဆို အလွယ် တကူသွားလာနိုင်နေပြီ ဖြစ်ပါတယ်။ ခရီးသွားခြင်းကို မီးခိုးမထွက်တဲ့ စက်ရုံဆိုပြီး တင်စားခေါ်ဝေါ်ကာ Smokeless Industry လုပ်ငန်းတစ်ခုအဖြစ် ယနေ့ခေတ်မှာ အပြိုင်အဆိုင် လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော် ဖြစ်တဲ့ နေပြည်တော်ကို ၂ဝဝဝ ပြည့်နှစ်မှာ အဆောက်အအုံ များ စတင်တည်ဆောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် နိုဝင်ဘာ ၆ ရက် (တနင်္ဂနွေနေ့)မှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဝန်ထမ်း များ ပထမဆုံးအသုတ်အဖြစ် စတင်ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ယနေ့အချိန်အခါမှာ နေပြည်တော် ဟာ ၁၅ နှစ် သက်တမ်းရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နေပြည်တော်နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တွေကတော့ ရှမ်းပြည်နယ် ပင်လောင်းမြို့နဲ့ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တို့ ဖြစ်ပါတယ်။

 

နေပြည်တော်ရောက်ရင် အဓိကလည်ပတ်သင့်တဲ့ နေရာတွေကတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ ဉာဏ်တော်တစ်ပေလျော့ပြီး ဉာဏ်တော်အမြင့် ၃၂၅ ပေနဲ့ ရွှေတိဂုံပုံစံတူအဖြစ် တည်ထားတဲ့ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ညနေခင်းနေဝင်ချိန် အလှတရားများ နဲ့ ရုံးအဆောက်အအုံတွေကိုလည်း မြင်တွေ့ခွင့်ရတဲ့ ဖိုးစောင်းတောင်ပေါ်ရှိ မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီး၊ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာကိုယ်ပွားဖြစ်တဲ့ သံဝေ ဇနိယလေးဌာနစေတီတော်မြတ်ကြီး၊ ယခုအစိုးရလက်ထက် မှာ တည်ထားကိုးကွယ်တဲ့ ထာဝရငြိမ်းချမ်းရေးစေတီတော်၊ ရှေးဟောင်းဆုတောင်းပြည့်စေတီများဖြစ်တဲ့ လယ်ဝေးမြို့ ရှိ ဆုတောင်းအဓိဋ္ဌာန်ပြုရင် ပြည့်ဝအောင်မြင်နိုင်တဲ့ ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး၊ ရဲဘော် သုံးကျိပ်သစ္စာဆိုခဲ့သော အောင်မြေစေတီဖြစ်တဲ့ ရန်အောင်မြင် ရွှေစည်းခုံစေတီတော်မြတ်ကြီး၊ ဖောင်တော်ချက်မစေတီတော်မြတ်ကြီး၊ ပျဉ်းမနားမြို့ရှိ လောကမာရဇိန်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၊ လောကရန်နှိမ်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၊ ကိုးခန်းဇရပ်နဲ့ ဘုရားကြီး၊ ဘုရားကိုးဆူစေတီတော်၊ မှန်ကျောင်းစေတီ၊ လယ်တီစံကျောင်းစေတီ၊ စူဠာမဏိ စေတီ၊ ဆင်ဖြူတောင်ဘုရား၊ လှေခွင်းတောင်၊ ပေါင်းလောင်း ဆိပ်ကမ်း၊ နေပြည်တော် ရေပူစမ်းမှတစ်ဆင့် လိန်းလီ ကြိုးတံတား၊ နမ့်မွန်ကြီးရေတံခွန် စသည်တို့ကိုလည်း စိတ်ဝင်စားစရာ သွားရောက်နိုင်ပါတယ်။

 

ဂီတသံစဉ်တွေနဲ့ ရေပန်း “အကအလှ” များကို မြင်တွေ့ရမယ့် နေပြည်တော် ရေပန်းဥယျာဉ်၊ ပန်းအမျိုး ပေါင်း ၁ဝဝ ကျော်ကို လေ့လာနိုင်မယ့် ဘောဂသီရိကားဝင်း အနီးရှိ ပန်းမြိုင်လယ်ဥယျာဉ်၊ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို တစုတစည်းတည်း လေ့လာနိုင်တဲ့ နေပြည်တော်အမျိုးသားပြတိုက်၊ တပ်မတော်ရဲ့ သမိုင်း ကြောင်းများကို ဝင်ရောက်လေ့လာနိုင်တဲ့ တပ်မတော် စစ်သမိုင်းပြတိုက်၊ မြန်မာနိုင်ငံအနှံ့ကို သွားစရာမလိုဘဲ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုရဲ့ အထင်ကရ အမှတ် အသားတွေကို ဖော်ဆောင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာနေထိုင်မှုများ၊ ဝတ်စားဆင်ယင်မှုများကိုလည်း လေ့လာနိုင်တဲ့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ မြန်မာ နိုင်ငံမှ ထွက်ရှိတဲ့ ကျောက်မျက်ရတနာတွေကို ဝယ်ယူ လိုလို့ပဲဖြစ်ဖြစ်၊ လေ့လာလိုလို့ပဲဖြစ်ဖြစ် ကြည့်ရှုနိုင်တဲ့ ကျောက်မျက်ပြတိုက်၊ တောရိုင်းတိရစ္ဆာန်များကို သဘာဝ အလျောက် မွေးမြူထားတဲ့ နိုင်ငံတကာအဆင့်မီ ဆာဖာရီ ဥယျာဉ်၊ ပဲခူးရိုးမအစပ်မှာရှိတဲ့ ငလိုက်ကန်သာ အပန်းဖြေ ဆင်စခန်း၊ ဆေးဖက်ဝင်တဲ့ နွယ်မြက်သစ်ပင်တွေကို စုစည်းတင်ပြထားတဲ့ နေပြည်တော်အမျိုးသား ပရဆေး ဥယျာဉ်၊ အလှဓာတ်ပုံရိုက်နိုင်တဲ့ ကုက္ကိုလ်ပင်များ အုပ်ဆိုင်းနေတဲ့ ရွှေလယ်တောအနီးရှိ ချစ်သူ့လမ်းကြား၊ စျေးဝယ်လို့လည်း ကောင်း၊ မုန့်စားလို့လည်း ကောင်းပြီး အဝေးပြေးကားဂိတ်များရှိသော နေပြည်တော် မြို့မ စျေးကြီးနဲ့ သပြေကုန်းဈေးတို့ကို သွားနိုင်ပါတယ်။

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ ဝန်ကြီးဌာန နှစ်ပတ်လည်မှတ်တမ်း (၂ဝ၁၉ ခုနှစ် စက်တင်ဘာလမှ ၂ဝ၂ဝပြည့်နှစ် ဩဂုတ်လအထိ) မှာ နေပြည်တော်ကောင်စီရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို ဖတ်ရှုမှတ်သားရတာတွေ ကတော့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေ (၂ဝ၁၈) ပါ ပြဋ္ဌာန်းချက်များနဲ့အညီ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကော်မတီဥက္ကဋ္ဌအဖြစ် ဦးစီးပြီး နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရီးသွား လုပ်ငန်းတတ်သိပညာရှင်၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် ဇွန်လအထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီက ခွင့်ပြုလိုင်စင်ရယူဆောင်ရွက်နေတဲ့ ဟိုတယ်/ မိုတယ်နဲ့ တည်းခိုရိပ်သာ စုစုပေါင်း ၈၁ လုံး၊အခန်း ၅၉၉၃ ခန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း ဆောင်ရွက်တဲ့ Inbound Tour ကုမ္ပဏီ ၂၂ ခု၊ Outbound Tour ကုမ္ပဏီ ခြောက်ခုနဲ့ ဧည့်လမ်းညွှန် စုစုပေါင်း ၁ဝ ဦးရှိကြောင်း သိရပါတယ်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆွဲဆောင်မှုအနေနဲ့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက အဆင့်မြင့်ကစားနည်း ငါးမျိုးအပါအဝင် Amusement Park တစ်ခုကဲ့သို့ အဆင့်မြှင့်တင်ပြီး PPP စနစ်နဲ့ ဆောင်ရွက်သွားမယ့် ရေပန်းဥယျာဉ် အပါအဝင် မြန်မာနိုင်ငံအနှံ့အပြား ပေါက်ရောက်တဲ့ ပန်းပွင့်တဲ့အပင်ကြီးအမျိုး ၁ဝဝ ကျော်ကို တစ်နေရာ တည်းမှာ တစုတစည်းတည်း တွေ့ရှိနိုင်တဲ့ နေရာ တစ်ခုဖြစ်တဲ့ မဟာမြိုင်ဥယျာဉ်နဲ့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ အလားအလာကောင်းများရှိနေတဲ့ ငလိုက်ဆင်စခန်းကို နေပြည်တော်ရဲ့ ခရီးသွားဆွဲဆောင်မှု ခရီးစဉ်ဒေသများ အဖြစ် ထည့်သွင်းရေးဆွဲနိုင်ရေး နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ နေပြည်တော်ရုံးခွဲ၊ မြန်မာ့သစ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

နေပြည်တော်မှာ လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ရေပူစမ်းအနီးရှိ ကျေးရွာ တွေကို သွားရောက်လေ့လာပြီး ကနဦးစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ရှိပြီးသား ခရီးစဉ်များအပြင် စနစ်တကျနဲ့ သန့်ရှင်းသာယာပြီး စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ လှေခွင်းတောင်အပန်းဖြေ နားနေစခန်းတစ်ခုကိုလည်း အများပြည်သူများ လာရောက်လည်ပတ်နိုင်စေရေးအတွက် ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။

 

နမ့်မွန်ကြီး ရေတံခွန်ကိုလည်း နေပြည်တော်ရဲ့ အဓိကဆက်စပ် ခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်ပြီး နေပြည်တော်ရှိ ခရီးသွားလုပ်ငန်းကုမ္ပဏီများအနေနဲ့လည်း နမ့်မွန်ကြီးရေတံခွန်ကို ဦးစားပေးရောင်းချ၍ အဓိကခရီးစဉ်တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ ခရီးသွားလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) အနေ နဲ့ သပြေကုန်းအဝေးပြေးကားဂိတ်မှာ နမ့်မွန်ကြီး ရေတံခွန်ကို ပို့ဆောင်ပြေးဆွဲမယ့် ဂိတ်တစ်ခုကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ အစီအစဉ်ဟာ နေပြည်တော်ရှိ ခရီးသွားလုပ်ငန်းကုမ္ပဏီများရဲ့ ယာဉ်တွေကို အသုံးပြုပြီး ဈေးနှုန်းသက်သာစွာနဲ့ ပြေးဆွဲဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများနဲ့ သွားရောက်လည်ပတ်ကြည့်ရှုနိုင်တဲ့ နေရာတွေကို ပြည်သူတွေ ပိုမိုသိရှိနားလည်နိုင်စေဖို့နဲ့ နေပြည်တော် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး “နေပြည်တော်တစ်ခွင် လေ့လာလည်ပတ်ဖွယ်ရာခရီးစဉ်” အခွေကို အဝေးပြေးကားများပေါ်မှာ ဖွင့်လှစ်မြှင့်တင် ကြော်ငြာနိုင်စေရေး CD အခွေများကို ဖြန့်ဖြူးပေးအပ် ကာ မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။

 

Nay Pyi Taw Bike Week 2019 ကို နေပြည်တော် ရေပန်းဥယျာဉ်အတွင်း သုံးရက်တိုင်တိုင် ရှားပါးဆိုင်ကယ် နဲ့ ဆိုင်ကယ်အပိုပစ္စည်းတွေ အပါအဝင် အမှတ်တရပစ္စည်း တွေ ပြသရောင်းချခြင်း၊ ဆိုင်ကယ်များ စုပေါင်းလှည့်လည် စီးနင်းခြင်းအပါအဝင် The Great Empire တေးဂီတ အဖွဲ့မှ နာမည်ကြီး အနုပညာရှင်များရဲ့ သီဆိုဖျော်ဖြေခြင်း များလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံးရှိ Motorcyle Club များ၊ အပျော်တမ်းဆိုင်ကယ်စီးနင်းသူ များနဲ့ ဆိုင်ကယ်ဝါသနာရှင်များ လာရောက်ခဲ့ကြတဲ့ ပွဲတော်တစ်ခုကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြီးတော့လည်း အီတလီနိုင်ငံ Vento ဒေသ Porto Viro မြို့မှ စက်ဘီးစီးဝါသနာရှင် လေးဦးပါဝင်တဲ့ စက်ဘီးစီး အဖွဲ့နဲ့ နေပြည်တော်စက်ဘီးစီးအဖွဲ့ချုပ်မှ ၁၃ ဦး ပါဝင် တဲ့ စက်ဘီးစီးအဖွဲ့တွေနဲ့အတူ နေပြည်တော်အတွင်း လှည့်လည်စီးနင်းပြီး Sport Tourism လို ခရီးသွား လုပ်ငန်းတစ်ခုအနေနဲ့ စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

 

ဒါကြောင့် လက်ရှိအခြေအနေဖြစ်တဲ့ ကိုဗစ်-၁၉ ကာလအတွင်းမှာ ရောဂါမကူးစက် မပြန့်ပွားရေးအတွက် အလေးထားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိကျစွာလိုက်နာနေထိုင်ကြဖို့ တိုက်တွန်းရင်း ရောဂါများကင်းစင်သွားမယ့် ကိုဗစ်-၁၉ အလွန်ကာလမှာ ခံစားခဲ့ရတဲ့ စိတ်မွန်းကျပ်မှုတွေမှ လွတ်မြောက်အောင် မြန်မာနိုင်ငံအနှံ့ ခရီးဆန့်ကြ တော့မယ်ဆိုရင်ဖြင့် သန့်ရှင်းသစ်လွင်တောက်ပမှု များနဲ့အတူ ကြိုဆိုနေတဲ့ နေပြည်တော်ကို အလည် တစ်ခေါက်လောက်တော့ဖြင့် လာရောက်စေလိုပါ ကြောင်း နွေးထွေးစွာ ဖိတ်ခေါ်ရင်း စက်တင်ဘာ ၂၇ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day )ကို ဂုဏ်ပြုလိုက်ရပါတယ်။