ဗန်းမော်ခရိုင်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်ဝင်များ (၄၅)ကြိမ်မြောက် ကောက်ဦးဆွမ်းစုပေါင်းကပ်လှူပွဲ ကျင်းပမည်

 

ဗန်းမော်  ဇန်နဝါရီ   ၁၂


ကချင်ပြည်နယ် ဗန်းမော်မြို့တွင်   နှစ်စဉ်ကျင်းပမြဲဖြစ်သော  ရှမ်းမျိုးနွယ်ဝင်များ ကောက်ဦးဆွမ်း စုပေါင်း ကပ်လှူပူဇော်ခြင်းကို ယမန်နှစ်က ကိုဗစ် - ၁၉  ရောဂါကြောင့် ရပ်ဆိုင်းခဲ့ရသော်လည်း ယခုနှစ်တွင် (၄၅)ကြိမ်မြောက်  ကောက်ဦးဆွမ်းစုပေါင်းကပ်လှူပွဲကို  ဇန်နဝါရီ ၁၆ ရက်တွင် ရွှေကျီးနားရပ်ကွက်ရှိ ရွှေကျီးနား စေတီတော်၌ ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ  သိရသည်။

 


ကောက်ဦးဆွမ်းစုပေါင်းကပ်လှူပွဲတွင် အိုက်ခေါတော်စေတီနှင့် ရွှေကျီးနားစေတီတို့၌ ကောက်ဦးဆွမ်း ကပ်လှူပူဇော်၍ ပင့်သံဃာတော်များနှင့်  သီလရှင်များအား အရုဏ်ဆွမ်းကပ် လှူဒါန်းပြီးနောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ကုသိုလ်ရှင်များက ဗန်းမော်ခရိုင်အတွင်းရှိ ကျောင်းတိုက်ပေါင်း ၂၃၆ တိုက်မှ ပင့်သံဃာ ၂၀၀ နှင့် သီလရှင် အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ကြမည်ဖြစ်​သည်။  ထို့နောက်  စေတီတော်ဓမ္မာရုံ၌ ရေစက်သွန်းချ တရားနာပွဲပြုလုပ်၍ ပင့်သံဃာများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးမည်ဖြစ်သည်။

 


         အဆိုပါကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲသည် ဗန်းမော်ခရိုင်လုံးဆိုင်ရာ ပွဲဖြစ်၍ ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော် ၊ မိုးမောက်၊ မန်စီ၊ ရွှေကူ မြို့နယ်များနှင့် ရပ်နီးရပ်ဝေးရှိရှမ်းမျိုးနွယ်ဝင်များက ညအိပ် လာရောက် ကြပြီး ရွှေကျီးနားမဟာစေတီတော်နှင့် အိုက်ခေါတော်စေတီတော်တို့အား ဆီမီး၊ ပန်း ၊ ရေချမ်း၊ အမွှေးတိုင် များနှင့်  ပေါ်ဦးပေါ်ဖျားကောက်ဦးဆွမ်းစုပေါင်းကပ်လှူခြင်း၊  ဝတ်ရွတ်အသင်းများက   တရားတော်များ  ရွတ်ဖတ်ပူဇော်ခြင်းများပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။                                      

ဆီမီးခုံ-နန်းရီ