မြန်မာ့ရုပ်ရှင် ရာပြည့်နှစ်မှသည် ရာစုနှစ်ပေါင်းများစွာဆီသို့ . . .

Type
၁

ဆောင်းပါး

=======

 

မြန်မာ့ရုပ်ရှင် ရာပြည့်နှစ်မှသည် ရာစုနှစ်ပေါင်းများစွာဆီသို့ . . .

==============================================

 

ဒေါက်တာခင်စန်းမော်

 

ပတ္တမြား ကမ္ဗလာခင်းထားသည့်နှယ် စိန်ပန်းနီနီတို့ မြေမှာပြန့်ကျဲသည့် မိုးဦးကျအချိန်သို့ ရောက်လာတိုင်း မော်လမြိုင်မြို့ရှိ ရွှေနတ်တောင် အထကကို လွမ်းဆွတ် မိပါသည်။ တူညီဝတ်စုံ ဖြူစိမ်းလေးများဖြင့် နံနက် လင်းတော့ ကျောင်းလာ၊ ညနေခင်းမှာ ကျောင်းဆင်း ခဲ့ရသည့် အတိတ်ပုံရိပ်တို့သည် အချိန်နှင့်အမျှ တဖြည်းဖြည်း လွင့်ဝေးသွားသည့် ငယ်ဘဝအိပ်မက် များဖြစ်ကြ၏။

 

နံနက် ၉ နာရီ ကျောင်းတက်၊ ညနေ ၃ နာရီ ၁၅ မိနစ် ကျောင်းဆင်း၊ ညနေဘက်မှာ ကစား၊ ညကျတော့ စာကျက်ကြရသည့် တစ်နေ့တာကာလတွင် ပညာသင်ယူ ရသည့် အတွေ့အကြုံ၊ သူငယ်ချင်းများနှင့် လွတ်လပ် ပျော်ရွှင်စွာ ဆော့ကစားရသည့်အမှတ်တရများသာမက မမေ့နိုင်စရာ စွဲလမ်းနှစ်သက်မှုတစ်ခုလည်း ပါဝင် နေပါသည်။

“ဒီနေ့ ငါးနာရီခွဲပွဲ ရုပ်ရှင်လက်မှတ်ဝယ်ထားတယ်။ မသွားခင် အိမ်စာတွေ လုပ်ထား။ ပြန်လာရင် စာကျက် ရမယ်။ ဂျီကျတဲ့သူ ထားခဲ့မယ်” ဖေဖေ့စကားသံ ကြားရ လျှင် ကျွန်မတို့မောင်နှမအားလုံး “ဟေး” ဟု တပျော် တပါး အော်ဟစ်ပျော်ရွှင်မိကြပါသည်။ ရုပ်ရှင်မပြခင် အဆာပြေကျွေးသည့် မုန့်ဟင်းခါး၊ ရွှေရင်အေး၊ ရေခဲသုပ်တို့ကိုလည်း မှန်းဆကြည်နူးရသေးသည်။

 

ကျွန်မတို့နေထိုင်ရာ မော်လမြိုင်နှင့် မုဒုံကြားမှာ သည်ရုပ်ရှင်ရုံ တစ်ရုံတည်းသာရှိပြီး ရန်ကုန်မှာ ကားသစ် တင်တိုင်း ညနေ ငါးနာရီခွဲတွင် တစ်ပွဲ၊ ည ခုနစ်နာရီခွဲ တွင် တစ်ပွဲဖြင့် တစ်ပတ်ခန့် ရုံတင်ပြလေ့ရှိသည်။

ထိုရုပ်ရှင်ရုံသည် တပ်မိသားစုများသာမက အနီး အနားကျေးရွာမှ လူများအားလုံး ကြည့်ရှုနိုင်သည့် တစ်ခု တည်းသော ရုပ်ရှင်ရုံဖြစ်ပြီး သန့်ရှင်းသပ်ရပ်လှပါသည်။

 

ရုပ်ရှင်မပြခင် နိုင်ငံတော်အလံကို မတ်တတ်ရပ် အလေးပြုရသောအချိန်သည် စိတ်အတက်ကြွဆုံးအချိန် ပင် ဖြစ်သည်။ အများအားဖြင့် ရုပ်ရှင်ကြည့်ရသော နေ့သည် သောကြာ၊ စနေနေ့များသာ ဖြစ်ကြသည်။ လပတ်စာမေးပွဲများနှင့် စာမေးပွဲကြီးရှိချိန်မှအပ ထိုရုပ်ရှင်ရုံ၌ ပြသသော ရုပ်ရှင်ကားသစ်များကို မလွတ် တမ်း ကြည့်ခဲ့ရဖူးပါသည်။

“ဒီနေ့ တို့ တပ်ထဲမှာ ရုပ်ရှင်ပြမယ်တဲ့”

“တစ်ကားလား၊ နှစ်ကားလား”

“နှစ်ကားပေါင်းပြမှာတဲ့”

ထိုသတင်းမျိုးသည် သာယာနာပျော်ဖွယ် အကောင်းဆုံးသတင်း ဖြစ်သည်။ စာအုပ်စာပေ၊ ကာတွန်း၊ ရုပ်ရှင်နှင့် ရေဒီယိုတို့သာ အပန်းဖြေစရာအဖြစ်ရှိသော ခေတ်၌ ကျွန်မတို့ရုပ်ရှင်မက်တာ အဆန်းတကျယ် မဟုတ်လှပါ။ အထူးသဖြင့် ရုပ်ရှင်ကားဟောင်းရော ကားသစ်ပါ ပြသလေ့ရှိသည့် ဗလာပွဲများကို ပို၍ မက်မောကြ၏။

“သောကြာ၊ စနေ နှစ်ညလုံး တိုင်းထဲမှာ ရုပ်ရှင် မိုးလင်းပွဲ ပြမယ်တဲ့”

“တိုင်း” ဆိုသည်မှာ မော်လမြိုင်မြို့ရှိ  တိုင်းစစ်ဌာနချုပ် ဖြစ်ပြီး တပ်နယ်မြေတွင် တပ်ဂိတ်အသီးသီးရှိသော်လည်း အတွင်းမှာတော့ တပ်တစ်ခုနှင့်တစ်ခုကြား သွားလာ နိုင်သော ကတ္တရာလမ်းများ သို့မဟုတ် မြေနီခင်းသောလမ်း များရှိကြသည်။ ရုပ်ရှင်၊ ပြဇာတ်၊ အငြိမ့်၊ ဂီတဖျော်ဖြေပွဲ များ မည်သည့်တပ်မှာ ကျင်းပသည်ဖြစ်စေ ဂိတ်ဝက ဝင်စရာမလိုဘဲ တပ်အချင်းချင်း အတွင်းလမ်းမှ အလွယ် တကူ သွားလာနိုင်ပါသည်။ မှောင်ရီပျိုးပြီဆိုသည်နှင့် ရုပ်ရှင်ကြိုက်သူတို့သည် ဖျာ သို့မဟုတ် အခင်းကိုပိုက်၊ မုန့်ပဲသရေစာအထုပ်အပိုးများနှင့်အတူ ကလေးများကို လက်မှာဆွဲပြီး ရုပ်ရှင်ပြမည့် ကွင်းကြီးထဲသို့ ချီတက်ကြ ပါတော့သည်။

 

ချမ်းအေးသော ဆောင်းကာလမှာ အနွေးထည်၊ ဦးထုပ်များနှင့် ခြုံစောင်များပါကြပြီး ပူအိုက်သော နွေရာသီ တွင် ယပ်တောင်များ လက်ဝယ်ကိုင်စွဲလျက်၊ မိုးများသော အချိန်မှာ ထီးနှင့် မိုးကာ မပါမဖြစ်ပါ။ ဗလာပွဲဖြစ်သော ကြောင့် ဦးရာလူက စိတ်ကြိုက်နေရာခင်းရင်း တစ်ကျောင်း တည်း အတူတက်နေရသည့် သူငယ်ချင်းများနှင့်လည်း တပျော်တပါး ဆုံတွေ့နိုင်ပါသေးသည်။

မိုးဖွဲဖွဲကျလာလျှင် ထီးဖွင့်ဆောင်းပြီး ဇွဲနပဲနှင့် ဆက်ကြည့်ကာ သဲသဲမဲမဲရွာသောအခါမှ အိမ်ပြန်ပြေး ရသည်လည်း ရှိတတ်သည်။

“စကားပြောသော အသဲနှလုံး” ဇာတ်ကားကို ကြည့်ရင်း မိဘမေတ္တာကို အလိုလိုနားလည်လာသလို “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဇာတ်ကားကိုကြည့်ပြီး တက္ကသိုလ်ရောက်ရင် စာတတ်မြောက်ရေး လုပ်အားပေးဖို့ ကျေးလက်တွေကိုအရောက်သွားမည်ဟု သန္နိဋ္ဌာန်ချခဲ့ဖူး သည်။

 

“ဗိမ္ဗိသာရ” ရုပ်ရှင်ကိုကြည့်ရင်း မျက်ရည်ကျဖူးခဲ့သလို “အလောင်းတော်ရာမ”ဆေးရောင်စုံဇာတ်ကားမှာ နစ်မျော ခဲ့ဖူးသည်။ “မိုးညအိပ်မက်မြူ”၊ “လကွယ်မိုးနှောင်း” နှင့် “နွေကန္တာဦး” သုံးကားပေါင်းကို ကြည့်ရစဉ်က ထိတ်လန့်၊ ကြောက်ရွံ့၊ ကြင်နာ၊ သနား ရသတွေကြားမှာ ဗျာများခဲ့ရ ဖူးပါသည်။ စိတ်အားငယ်တတ်သော အမျိုးသမီး တစ်ယောက်ဆိုလျှင် နံနက်လင်းတော့ ကြောင်စီစီဖြစ်သွား သည်ဟုပင် ပြောစမှတ်ပြုကြသည်။

 

လူဆိုးတွေနှင့် ရင်ဆိုင်နေရသည့်အချိန်မှာ မင်းသား သို့မဟုတ် ကယ်ဆယ်မည့်သူ သို့မဟုတ် တရားဥပဒေ ဘက်တော်သားများ ရောက်လာလျှင် တဖြောင်းဖြောင်း အသံမြည်အောင် လက်ခုပ်လက်ဝါး တီးခဲ့ကြတာကို မမေ့နိုင်။

 

ကျွန်မတို့ချည်းသာ မြန်မာရုပ်ရှင်ကို စွဲမက်ကြတာ မဟုတ်ပေ။ တစ်ခါက ကျွန်မ၏ ပညာ ဗဟုသုတအတွက် ဘီလူးကျွန်းသို့ ညအိပ်ခရီးသွားပြီး လေ့လာဖူးပါသည်။ ထိုစဉ်က သောကြာနေ့ ညနေ သင်္ဘောစီးပြီး သွားရ၏။ နတ်မှော်ရွာမှ အသိအိမ်၌ သားအမိနှစ်ယောက် အထုပ် အပိုးချကြပြီး နတ်မှော်မှ ချောင်းဆုံသို့ မြင်းလှည်းလေး ဖြင့် ညဘက်ထွက်ခဲ့ရာ ချောင်းဆုံရှိ တစ်ခုတည်းသော ရုပ်ရှင်ရုံသို့ ရုပ်ရှင်ကြည့်ရန် သွားသူများအား လမ်းတွင် တွေ့ရပါသည်။ အချို့က လက်နှိပ်ဓာတ်မီးနှင့်၊ အချို့က တန်ဆောင်တိုင် မီးထွန်းပွဲမှာ မီးထွန်းပြီး တွန်းသော လှည်းကလေးနှင့်၊ လေမတိုက်အောင် သွပ်ပြားကာထား သော မီးပုံးလေးထဲမှာ ဖယောင်းတိုင်ထွန်းပြီး အလင်း ရောင် ယူကြသည်။

လသာသော ညများတွင် သည်အတိုင်း အေးအေး လူလူ လမ်းလျှောက်ကာ ခရီးအတန်ငယ်ဝေးသော ရုပ်ရှင် ရုံသို့ သွားရောက်ကြည့်ရှုကြသည်ဟု ဆိုပါသည်။

 

ကျွန်မတို့ ငယ်စဉ်က မည်မျှရုပ်ရှင်ကြည့်ခဲ့သနည်း ဆိုရသော် ရုပ်ရှင်ဇာတ်ဝင်တေးများကိုပင် နားရည်ဝနေ တတ်သည်။ တနင်္ဂနွေနေ့လယ်တွင် မြန်မာ့အသံ ရေဒီယို မှလွှင့်သော ရုပ်ရှင်တေးများကို ကြားရပါက ဘယ် ဇာတ်ကားက၊ ဘယ်အခန်းကဟုပင် ပြောနိုင်သည်။ ရုပ်ရှင်သရုပ်ဆောင်အများစုမှာ ထူးခြားသော အသံ၏ ဂုဏ်ရည်ကို ပိုင်ဆိုင်ကြရာ ရေဒီယိုမှလာသော ဇာတ်လမ်း ပမာ နားဆင်စရာ၊ ဘဝကြေးမုံ ဇာတ်လမ်းစုံနှင့် အသံ လွှင့်ဇာတ်လမ်းများတွင် ပါဝင်သရုပ်ဆောင်ပါက ဘယ်သူ ဘယ်ဝါ့အသံဟု ဖော်ထုတ်ပြီး မှန်ကန်လျှင် ကျေနပ်ရသည် မှာလည်း ပျော်စရာတစ်မျိုးပင်။

 

နေ့လယ်နေ့ခင်း အတန်းထဲ၌ ငြိမ်ငြိမ်ဆိတ်ဆိတ် ဆော့ရချိန်မှာ အကဲပိုပြီး ရုပ်ရှင်ဝှက်တမ်းကစားနည်း ကို ဆော့ကြသည်။ ဥပမာ ရုပ်ရှင်ဝှက်သူက “သ တ ပ” ဟု မေးလျှင် “သီတာပြုံး”ဟု ဖြေနိုင်ပါက သုံးမှတ်ရမည်။

 

တစ်လုံးပြောပြရပါက တစ်မှတ်နုတ်သည့်နည်းဖြင့် ကစားကြရာ ရုပ်ရှင်နာမည် ခပ်ရှည်ရှည် သိသူများက တစ်ပန်းသာပါသည်။ တစ်ခါတစ်ရံ ရုပ်ရှင်နာမည်များကို အဓိပ္ပာယ်ရှိရှိ စီကာ စဉ်ကာ ဝါကျဖွဲ့ပြီး စာရေးသည့် နည်းကိုလည်း စိတ်တူကိုယ်တူ ဆော့ကြသေးသည်။ ထိုနည်းကိုတော့ ကျွန်မဖတ်မိသော မဂ္ဂဇင်းတစ်အုပ် ထဲက ရခြင်းဖြစ်သည်။ မှတ်မိသလောက် ဆိုရလျှင် ... “ကို ကြေးမုံ” “သိမ့်” စာကိုဆုံးအောင် ဖတ်ပါလို့။ “တကွေ့တကမ္ဘာမှာ” “ရှင်နဲ့ ကျွန်မနဲ့” “ဘုရားမှာ တစ်ခါ ဆုံ” ပြီး “ဘယ်ဆုတောင်းမလဲ ချစ်သူရယ်” ဆိုလို့ “ဆယ်ကမ္ဘာ ဘယ်ခါရွေ့စေတော့” “မေ့ပါနိုင်”ဘူးရယ် လို့ .....စသဖြင့် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ ကို အဆက် အစပ်ကောင်းစွာ ရေးဖွဲ့ထားခြင်းအား နှစ်သက်ခုံမင်ခဲ့ ဖူးခြင်းဖြစ်သည်။ အကယ်ဒမီ ထူးချွန်ဆုကြေညာလျှင် လည်း ကိုယ်တိုင်ရဘိသကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားမိပါ သည်။

 

ကလေးဘဝက အသိ အလိမ္မာ ပညာတို့ကို စာပေ နှင့်ရုပ်ရှင်မှ ရခဲ့သည်ဟုဆိုလျှင် လွန်အံ့မထင်ပါ။ မြန်မာ ရုပ်ရှင်ကိုကြည့်ရင်း ဝင်းဦး၊ ကောလိပ်ဂျင်နေဝင်း၊ ညွန့်ဝင်း၊ တွံတေးသိန်းတန်၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု တို့ကစပြီး ဇော်ဝမ်း၊ ကျော်ဟိန်း၊ တင်တင်ညို၊ ခင်သီတာ ထွန်း၊ ဆွေဇင်ထိုက်၊ နွဲ့နွဲ့မူ၊ ချိုပြုံးတို့လို မင်းသား မင်းသမီးများ၊ စံမတူ၊ သော်တာ၊ ဖိုးပါကြီး၊ ရွှေလုံး ဒေါ်စိန်ခင်၊ ဦးသိန်းမောင်၊ ဦးကျောက်လုံး၊ အံ့ကျော်စသော ဇာတ်ပို့ဇာတ်ရန်များကိုလည်း ရင်းနှီးကျွမ်းဝင်ခဲ့ပါသည်။ ရန်ကုန်ပြန်ပြောင်းလာချိန်တွင် ပညာရေးက အရေးကြီး လာသောကြောင့် ရုပ်ရှင်များနှင့်အနည်းငယ် အလှမ်း ဝေးကွာသွားရပါ၏။

 

မြန်မာ့ရုပ်ရှင် သမိုင်း

 

မြန်မာ့ပထမဆုံး ရုပ်ရှင်ဖြစ်သော “မေတ္တာနှင့် သူရာ” ဇာတ်ကားကို ပထမဆုံးထုတ်လွှင့်ပြသခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကို “မြန်မာ့ရုပ်ရှင်နေ့” ဟု သတ်မှတ်ခဲ့ကြပါသည်။ ထိုဇာတ်ကားကို ဘားမားဖလင်ကုမ္ပဏီမှ လန်ဒန်အတ် ဦးအုန်းမောင်က ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် မြန်မာ့ပထမဆုံးမင်းသား ဦးညီပုပါဝင်ပြီး စာရေးဆရာကြီး ပီမိုးနင်း၏ဝတ္ထုကို ရိုက်ကူးထားခြင်း ဖြစ်သည်။ ၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ် များအတွင်း အေဝမ်း၊ နယူးဘားမား၊ ဗြိတိသျှဘားမား၊ ဗန္ဓုလ၊ ရန်ကြီးအောင်၊ The Imperial စသော ရုပ်ရှင် ကုမ္ပဏီများ ပေါ်ထွက်လာပြီး အသံတိတ်ဇာတ်ကားများ ထုတ်လုပ်ခဲ့ကြပါသည်။

 

မြန်မာ့ ပထမဆုံး အသံထွက် ရုပ်ရှင်ဖြစ်သော “ငွေပေးလို့မရ” ဇာတ်ကားကို ဒါရိုက်တာဦးတုတ်ကြီး က ၁၉၃၂ ခုနှစ်တွင် ရိုက်ကူးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် “ပုလဲမျက်ရည်”၊ “လူထု အောင်သံ” စသော ဇာတ်ကားများ ပေါ်ထွက်လာသည်။ မြန်မာ့ရုပ်ရှင် သမိုင်းတွင် အလွန်ထင်ရှားကျော်ကြားလှသော စာရေး ဆရာ ဒါရိုက်တာကြီးဦးသုခသည် ထိုခေတ်၌ ပေါ်ထွန်း လာခဲ့သည်။ ဦးသုခ ရိုက်ကူးသော “ဘဝ သံသရာ” ဇာတ်ကားသည် အလွန်ထင်ရှားအောင်မြင်ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု များကို စတင်ချီးမြှင့်ခဲ့သည်။

 

ခေတ်ပြောင်းလာသည်နှင့်အမျှ အဖြူ၊ အမည်းရုပ်ရှင် များမှ ဆေးရောင်စုံဇာတ်ကားကြီးများအဖြစ် ပြောင်းလဲ လာသည်။ နှစ်များစွာကြာပြီးသည့်နောက် ရုပ်ရှင်ကုမ္ပဏီ ကြီးများသည် ထုတ်လုပ်မှုစရိတ်မြင့်မားသော ရုပ်ရှင် ကားကြီးများထက် ကုန်ကျစရိတ် သက်သာသော ဗီဒီယို ဇာတ်ကားများဘက်သို့ ခြေဦးလှည့်သွားကြသည်။ သာဓကအားဖြင့် ၂၀၀၈ ခုနှစ်တွင် ဗီဒီယိုဇာတ်ကားပေါင်း ၈၀၀ ဝန်းကျင်ထွက်ခဲ့သော်လည်း အကယ်ဒမီဆု ရွေးချယ်ရန် ရုပ်ရှင်ဇာတ်ကားကြီးက ၁၂ ကားသာ ရှိသည်။

 

ရုပ်ရှင်ထုတ်လုပ်ရေး ကျဆင်းရခြင်း၏ အကြောင်း ရင်းတစ်ချက်မှာ ရုပ်ရှင်ရုံ အရေအတွက် ကျဆင်း သွားခြင်းကြောင့်လည်း ပါဝင်ပါသည်။ တစ်နိုင်ငံလုံး၌ ရုပ်ရှင်ရုံများ နည်းပါးသွားသည်။ (၂၀၀၀ ပြည့်နှစ် မှတ်တမ်းများအရ တစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံ ၂၄၀‌ ကျော် ရှိခဲ့ဖူးသည်) ရုပ်ရှင်ရုံအများစုသည် အိုမင်းဟောင်းနွမ်း သော သက်တမ်းရင့် အဆောက်အအုံများ ဖြစ်နေကြ သောကြောင့် ဆက်လက်အသုံးမပြုနိုင်တော့ပေ။

 

မြန်မာဗီဒီယို ဇာတ်ကားအများစုသည်လည်း ဟာသဇာတ်လမ်းများကိုသာ ပေါပေါလှိုင်လှိုင် ရိုက်ကူး လာကြသဖြင့် မြန်မာရုပ်ရှင်အဆင့်အတန်း နိမ့်ကျလာသည် ဟု နားလည်တတ်ကျွမ်းသူများက ဆိုကြပါသည်။

 

သို့ရာတွင် မကြာသေးမီကာလများအတွင်း၌ အင်တာနေရှင်နယ် ရုပ်ရှင်ပွဲတော်များတွင် မြန်မာရုပ်ရှင် ဇာတ်ကားများကို တွေ့မြင်လာကြရပြီ ဖြစ်ပါသည်။ ခေတ်မီ တိုးတက်သော ရုပ်ရှင်ပညာများကို နိုင်ငံရပ်ခြားတွင် ဆည်းပူးကြသူများ ရှိလာ၏။

စိတ်ကူးစိတ်သန်း တစ်မူထူးခြားစွာဖြင့် တီထွင်ဖန်တီး ကြသော လူငယ်ဒါရိုက်တာများ၏ လက်ရာများကို ဆန်းသစ်စွာ တွေ့မြင်လာရပါသည်။

 

ရုပ်ရှင်ကားကြီးများနှင့် ဝေးကွာရခြင်း

 

မြန်မာ့ရုပ်မြင်သံကြား ပေါ်လာချိန်တွင် ခေတ်ဟောင်း မှ အသံတိတ်ကားများ၊ အသံထွက်ရုပ်ရှင်များကို အလျဉ်း သင့်သလို ပြသခဲ့ရာ ကျွန်မတို့ မသိမီလိုက်သော ရုပ်ရှင် များအား အိမ်မှာပင် သက်သောင့်သက်သာ ကြည့်ရှုခွင့် ရခဲ့သည်။ သို့သော် ရုပ်ရှင်ရုံမှာ ကြည့်ရသည့်အာရုံခံစား မှုနှင့် များစွာကွာခြားလှပါသည်။

 

ရုပ်ရှင်ရုံမှာ ကြည့်ရသော ငါးမန်းဖြူ (Jaw) က တီဗွီ မျက်နှာပြင်မှာ ခပ်သေးသေးသာ။ ထိုခေတ်က ကျော်သူ၊ စိုးသူ၊ မို့မို့မြင့်အောင်၊ နေအောင်၊ ရန်အောင်၊ မေသန်းနု၊ ရဲအောင်တို့၏ ခေတ်။ ကြိုတင်လက်မှတ်မရ၊ တစ်ဦးချင်း တန်းစီရမည်ဆိုသောကြောင့် ကျွန်မတို့ မောင်နှမ ကိုးယောက် (ဝမ်းကွဲများအပါအဝင်) လက်မှတ်တန်းစီ ကြသည်။ နှစ်နာရီခန့် စောပြီးရောက်သဖြင့် သံဇကာတန်းထဲ ရောက်နေသည့်တိုင်အောင် လက်မှတ်မှောင်ခိုသမားများက ကြားဖြတ်ပြီး အတင်းလုဝယ်သဖြင့် ကျွန်မတို့ အလှည့် ရောက်တော့ လက်မှတ်ကုန်ပြီတဲ့။

 

တန်းစီနေရသောအချိန် အလဟဿဖြစ်ပြီး လက်မှတ် လည်း မရ၊ ငါးဆခန့်တင်ထားသော မှောင်ခိုလက်မှတ် များကို အားမပေးလို၍ မောင်နှမတစ်စု ရုပ်ရှင်မကြည့်ဘဲ ပြန်လာခဲ့ကြသည်။ အကယ်ဒမီ ဆုပေးပွဲတိုက်ရိုက် ထုတ်လွှင့်လျှင်တော့ ရင်ခုန်မြဲပါ။ ရံဖန်ရံခါ ကြိုတင် လက်မှတ်ရသော ရုပ်ရှင်များကို ကြည့်ဖြစ်သော်လည်း တဖြည်းဖြည်းကျဲပါးသွားရသည့် အကြောင်းရင်းက ကျွန်မ၏အားလပ်ချိန်များကို တစ်စထက်တစ်စ သိမ်းပိုက် ယူလိုက်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ကြောင့်ပင်။

 

ရုပ်ရှင်ရိုက်ကွင်းသို့ ရောက်ဖူးရခြင်း

 

ဆေးခန်းထိုင်ခါစ ဆရာဝန်ပေါက်စဘဝ၏ နေ့တစ်နေ့ တွင် မျောက်ကို မေ့ဆေးပေးရန် ဟုမ်းကော (Home call) လာပင့်ပါသည်။ ကျွန်မနှင့်သူငယ်ချင်း နှစ်ဦး လိုက်သွားရသောနေရာက ရုပ်ရှင်ရိုက်ကွင်းတစ်ခု ဖြစ်နေ သည်။ ဒါရိုက်တာက အကယ်ဒမီ မောင်တင်ဦး၊ မင်းသားက ဇာဂနာ၊ ကင်မရာမင်းက အကယ်ဒမီချစ်မင်းလူတို့ ဖြစ်ကြ သည်။ ရုပ်ရှင်ဇာတ်ကားက “မင်းသားတော့ မင်းသား” ဖြစ်ပြီး မျောက်ကလေးနှစ်ကောင်ကို တစ်ထေရာတည်း တူညီသော အဝတ်အစားများ ဆင်ယင်ထားသည်။ ထိုနေ့က ရုပ်ရှင် ရိုက်ကွင်းတည်နေပုံကို လေ့လာအကဲခတ်နေမိသည်။ ဒါရိုက်တာက အလင်းရောင် အနေအထားကို စောင့်ဆိုင်း နေသည်ဟု ထင်သည်။ ရိုက်ကွင်းမစသေးဘဲ ကျွန်မတို့ကို ရှုတင်ထမင်းကျွေးပါသည်။ ရိုက်ကွင်းစတော့ ဇာဂနာက မျောက်ကလေး တိုးစိန်နှင့်အတူလာစဉ် တိုးစိန်ကို ကားတိုက်သွားသည့် အခန်း။ တိုးစိန်နှင့် တစ်ပုံစံတည်း တူသော အရန်မျောက်ကလေးကို ကျွန်မတို့က အကြောထဲ မေ့ဆေးပေးလိုက်ပြီး ပျော့ခွေကျသွားသည်နှင့် တိုးစိန် နေရာမှာ မေ့နေသော မျောက်ကလေးကို အစားထိုးကာ နောက် တစ်ကတ် ဆက်ရိုက်ကြလေသည်။ “တိုးစိန်သေပြီ” ဟု ဇာဂနာက ကြေကွဲသောအခန်း၊ မှန်ထိုးမီးထိုး၊ အသံဖမ်း၊ ရိုက်ကူးရေးအဖွဲ့သားများ၊ ဝိုင်းအုံကြည့်ရှုနေကြသော ပရိသတ်များကြားတွင် မရိုက်ခင်က စနောက်နေသော ပုံစံပျောက်ကွယ်ကာ ဇာဂနာက လှိုက်လှိုက်လှဲလှဲ သရုပ်ဆောင်သွားသည်။ သရုပ်ဆောင် အနုပညာက မလွယ်ပါလားဟု ကျွန်မတို့ သူငယ်ချင်း သုံးယောက် မှတ်ချက်ချမိသည့်အထိပါ။

 

မြန်မာရုပ်ရှင်ကို ချစ်ကြခြင်း

 

ဆေးခန်းလာကြသော မိတ်ဆွေများတွင် မြန်မာ့ မီးရထားမှ အရာရှိများ၊ ဝန်ထမ်းများလည်း ပါကြပါသည်။ ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်ကူးသော “သူ့ကျွန်မခံပြီ” ဇာတ်ကားရိုက်ကူးစဉ်က အတွေ့အကြုံတစ်ခုကို သူတို့က ပြောပြကြသည်။ “ဒါရိုက်တာက ရိုက်ကွင်းတစ်ခုမှာ လူလိုတယ်ဆိုလို့ ကျွန်တော့်ဝန်ထမ်းတွေဟာ တစ်ညလုံး ဓားရေး လှံရေးအကွက်တွေ ကျင့်ကြတာပေါ့။ ဆွေမျိုး တွေကိုလည်း အကြောင်းကြားကြတယ်၊ ရုပ်ရှင်ထဲမှာ ပါမယ်ပေါ့။ တကယ်ရိုက်တော့ အင်္ကျီမပါ ပုဆိုး ခါးတောင်းကျိုက်နဲ့ ဗီရိုလှည်းပေါ် အထပ်လိုက် ပါသွားတဲ့ အလောင်းတွေ နေရာမှာ။ ရယ်လိုက်ရတာ ဒေါက်တာရယ်” သူ့စကားကရယ်မော ကြည်နူးစရာ။

 

မြန်မာရုပ်ရှင် ရာပြည့်နှစ်

 

မိုးလင်းကမိုးချုပ် ဆေးခန်းနှင့် အိမ် ကူးချည် သန်းချည်လုပ်ရင်း အားလပ်ချိန်နည်းပါးလှပေမယ့် သင်္ကြန်တွင်းမှာတော့ ကျွန်မဆေးခန်းပိတ်ပြီး လုံးလုံး လျားလျား အနားယူတတ်သည်။

 

သင်္ကြန်ရောက်တိုင်း မြန်မာ့ရုပ်မြင်သံကြားမှ ပြသ လေ့ရှိသော ရုပ်ရှင်များကို မရိုးနိုင်အောင်ကြည့်ဖြစ်သည်။ ကြည့်မိတိုင်းလည်း သဘောကျမိသည်ချည်း ဖြစ်သည်။ “ကညာပျိုနဲ့ ဇရာအို”ကိုကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်မောမိသလို “မောင်တို့ ချယ်ရီမြေ” ဇာတ်ကားမှာ မျောပါရတာ ကျေနပ်စရာ။ “သင်္ကြန်မိုး” ဇာတ်ကားက တော့ ဂန္ထဝင် သင်္ကြန်ရုပ်ရှင်ကားကြီးဖြစ်ပြီး ထိုဇာတ်ကား ၌ ကျွန်မတို့ ရွှေနတ်တောင် ကျောင်းသူ ပြည်ထောင်စုမယ် “မိမိခိုင်” ပါဝင်သောကြောင့် ဂုဏ်ယူနှစ်သက်သော ပီတိက ဖော်မပြနိုင်ပါ။ သည်နှစ်နွေမှာတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကို တစ်ကမ္ဘာလုံးရင်ဆိုင်နေကြရ သဖြင့် ရုပ်ရှင်လောကသားများလည်း အများနည်းတူ အခက်အခဲတွေ့ကြမှာ အမှန်ပင်။

 

ယခု ဆိုလျှင် ၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့သော မြန်မာ့ ရုပ်ရှင်သည် ရာပြည့်နှစ်သို့ ရောက်ရှိနေပါပြီ။ ငယ်ဘဝက စွဲလမ်းနှစ်ခြိုက်ခဲ့သော ရုပ်ရှင်များသည် အပန်းပြေ ပျော်ရွှင်မှုကို ပေးသည်သာမက အနုပညာရသခံစားမှု နှင့် အသိအလိမ္မာတို့ကိုလည်း ပေးစွမ်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ကိုဗစ် အလွန်ကာလတွင် ကျွန်မတို့ချစ်သော “မြန်မာရုပ်ရှင်” အခက်အခဲများကြားက လွတ်မြောက် ပါစေ၊ ရုပ်ရှင်အဆင့်အတန်းမြင့်မားပြီး ကမ္ဘာ့အလယ် တွင် ဝင့်ထည်နိုင်ပါစေ၊ ရုပ်ရှင်နှစ် ရာပြည့်မှသည် နောင် ကာလ ရှည်ကြာစွာအဓွန့်ရှည်တည်တံ့ပါစေဟု ဆန္ဒမွန် ပြုချင်ပါသည်။ ကျွန်မ၏ နားထဲတွင်တော့ ရုပ်ရှင်စိန်ရတု ကာလမှာ ညွန့်ဝင်း၊ ခင်သန်းနု၊ သုမောင်နှင့် ချိုပြုံးတို့ သီဆိုထားသည့် “မြန်မာ့ မြန်မာ့ရုပ်ရှင်...” ဆိုသည့် သီချင်းသံကို ကြားယောင်လျက် မြန်မာရုပ်ရှင်ရာပြည့် နှစ်ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။ ။