
ဆောင်းပါး
=======
ထာဝရငြိမ်းချမ်းရေးစေတီတော်နှင့် မြန်မာမှုပုံတော်များ
=========================================
ဦးသူရ၊ ကျော်လေးကျော်
(သာသနာရေး)
ထာဝရငြိမ်းချမ်းရေးစေတီတော်ကို နေပြည်တော်တွင် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ ဦးဆောင်မှုဖြင့် အများပြည်သူတို့ စုပေါင်းပါဝင် လှူဒါန်း ပူဇော်ထားသည့် ကုသိုလ်တော်ဖြစ်ပါသည်။ ၁၃၈၀ ပြည့်နှစ် ကဆုန်လပြည့်ကျော် ၁၁ ရက် (၁၀-၅-၂၀၁၈) ကြာသပတေးနေ့တွင် ရတနာပန္နက်တော်တင်မဟာ မင်္ဂလာအခမ်းအနား ကျင်းပပြီး စတင်တည်ဆောက်ခဲ့ရာ တစ်နှစ်ခွဲခန့်ကာလအတွင်း စေတီတော်တည်ဆောက် ရေးလုပ်ငန်းများ ပြီးစီးအောင်မြင်ခဲ့သဖြင့် ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) (၁၁-၁၁-၂၀၁၉) တနင်္လာနေ့တွင် ရွှေထီးတော်အထွတ် တင် မဟာမင်္ဂလာအခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးအမှူးပြုသော ဆရာတော် သံဃာတော် ၃၃ ပါး ကြွရောက်တော်မူကြပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင် သော ဘုရားဒါယကာ၊ ဒါယိကာမများ တက်ရောက် ပူဇော်ခဲ့ကြပါသည်။
ရွှေစင်ရွှေသားကျောက်မျက်ရတနာမျိုးစုံဖြင့် စီခြယ်ပူဇော်
ထာဝရငြိမ်းချမ်းရေးစေတီတော်ကို လိုဏ်တော်အပါ ဉာဏ်တော် ၁၀၈ ပေ အမြင့်ဆောင်လျက် ပုဂံအာနန္ဒာပုံစံ ဗိသုကာဟန်ကို အခြေခံ၍ ခေတ်ဗိသုကာဟန်များနှင့် ပေါင်းစပ်ကာ ကြည်ညိုဖွယ်ရာ တည်ဆောက်ထားပါ သည်။ မြန်မာမှုဗိသုကာ အနုလက်ရာများမှာ ဟန်မာန် ဌာန်အချိုးအစားကျန သေသပ်လှပပြီး အလွန်လက်ရာ မြောက်လှပါသည်။
ပင်မရွှေထီးတော်ကြီးနှင့် အရံစေတီရွှေထီးတော် အလုံး ၈၀ ကို ရွှေစင်ရွှေသား ရွှေအစစ်များဖြင့် ကပ်လှူ ပူဇော်ထားပါသည်။ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ် နားတော်တို့ကိုလည်း အလားတူ ရွှေစင်ရွှေသား ရွှေအစစ် များ ကပ်လှူထားသည့်အပြင် ရတနာစိန်ဖူးတော်တွင် စိန်သားစစ်စစ်ဖြင့် စီခြယ်လှူဒါန်းထားပြီး အရည်အသွေး စစ်မှန်ကောင်းမွန်သည့် ကျောက်မျက်ရတနာမျိုးစုံတို့ဖြင့် စီခြယ်ပူဇော်ထားပါသည်။
စေတီတော်တွင် သွင်းလှူပူဇော်ထားသည့် ဌာပနာ တော်များမှာ ဓာတု၊ ဓမ္မ၊ ဥဒ္ဓိဿနှင့် ပရိဘောဂစုံညီ လေးလီသောစေတီများနှင့် ပြည့်စုံ၍ ကျမ်းဂန်တော်များနှင့် ညီညွတ်အောင် စုံလင်စွာ ထည့်သွင်းပူဇော်ထားပါသည်။ ဌာပနာတော်များအားလုံးကို ရွှေစင်ရွှေသားအစစ်၊ ငွေသားအစစ်တို့ဖြင့် သွင်းလောင်းထုဆစ်ပုံဖော်ထားပြီး ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓဝင်ဆိုင်ရာ “ ဖွား-ပွင့်-ဟော-စံ” ဗုဒ္ဓ ရုပ်ပွားတော်များ၊ ရဟန္တာရုပ်တုတော်များ၊ ခက်မငါးဖြာ နှင့်ပြည့်စုံသည့် ငွေဗောဓိပင်တော်၊ ပရိက္ခရာရှစ်ပါး၊ ငွေပဒေသာပင်၊ ရွှေစင်ရွှေသားအတိပြီးသော ရွှေထီးတော် ပုံစံငယ်၊ ရတနာရွှေစံအိမ်တော်၊ ပိဋကတ်သုံးပုံ ကျမ်းဦး ငွေပေလွှာ၊ မင်္ဂလာမော်ကွန်း ငွေပေလွှာ၊ ရတနာ ရွှေကြုတ်တော်၊ ငွေကြုတ်တော်၊ ရွှေဆွမ်းအုပ်တော်၊ ငွေဆွမ်းအုပ်တော်၊ ရတနာငွေသေတ္တာ၊ ဗုဒ္ဓဓာတ်တော် တစ်သိန်း ကျော်၊ ရဟန္တာဓာတ်တော် တစ်သန်းကျော်၊ ကျောက်မျက်ရတနာမျိုးစုံ အပြည့်ထည့်ထားသည့် ရွှေပြည်တောင်း၊ ငွေပြည်တောင်းများ၊ ရွှေသားအစစ်ဖြင့် သွန်းလောင်း ထုဆစ်ပူဇော်ထားသည့် ရွှေဥဒေါင်းမင်း ပုံတော် စသည်ဖြင့် ဌာပနာတော်များ စုံလင်လှပါသည်။
မြန်မာ့ဗိသုကာပညာကို ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်
ပင်မစေတီတော်ကို အရံစေတီ ၈၀ ဝန်းရံ ပူဇော်ထား ပါသည်။ အသီတိသာဝက ရှစ်ကျိပ်သော ရဟန္တာ အရှင်သူမြတ်ကြီးတို့အား ရည်မှန်းပူဇော်ထားခြင်းဖြစ်ပါ သည်။ ရွှေပါရမီတောရ ဆရာတော်ကိုယ်တိုင် ဦးဆောင်၍ အရံစေတီအားလုံးတွင် ရှစ်ကျိပ်သော ရဟန္တာအရှင်သူမြတ်တို့၏ ဓာတ်တော်များကို ဌာပနာ သွင်းလှူပူဇော်ထားပါသည်။ စေတီတော်အထက် ပစ္စယာတွင် ရွှေတာအိုး၊ ငွေတာအိုးနှင့် ကလသာအိုး များတွင် ရတနာရွှေပန်းခိုင်၊ ငွေပန်းခိုင်များစိုက်ထူ ပူဇော်ထားရာ ရှေးဟောင်းမြန်မာ့ဗိသုကာဟန်နှင့် မြန်မာ့ ဓလေ့ရှေးဟောင်းအစဉ်အလာကို ပြန်လည်ဖော်ညွှန်းလျက် ရှိပါသည်။
စေတီတော်ပစ္စယာကြေးဝန်း အောက်ခြေရှိ လိုဏ်တော် ပတ်လည်နံရံကိုထုထည်ကြီးမားသည့် စကျင် ကျောက်သားများဖြင့် ထုဆစ်တည်ဆောက်ထားပြီး မြန်မာမှုပန်းတမော့ပညာရပ်ကို ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်ပုံဖော်ထားသဖြင့် ရင်သပ်ရှုမောအံ့ဩဖွယ်ရာ မြန်မာမှုအနုလက်ရာအဖြစ် တည်ရှိနေမည် ဖြစ်ပါသည်။ စေတီတော်လိုဏ်မုခ်လေးမုခ်ကိုလည်း စကျင် ကျောက်သားများဖြင့် အံ့မခန်းထုဆစ်ပူဇော်ထားရာ စေတီတော်၏ ခံ့ညားထည်ဝါမှုကို ပိုမိုထင်ဟပ်စေပါသည်။
စေတီတော်အဝင် မုခ်ဦးလေးမုခ်၏ အတွင်းနံရံ ဝဲ၊ ယာများတွင် အောင်ခြင်းရှစ်ပါးဖောင်းကြွ သရုပ်ဖော်ပုံတော် များမှာ လှုပ်ရှားသက်ဝင် အလွန်ပင်လက်ရာမြောက်လှ သဖြင့် ဘုရားဖူးပြည်သူများအတွက် ဗုဒ္ဓဝင်ဆိုင်ရာ အထူး လေ့လာမှတ်သားဖွယ်ရာများအဖြစ် ဖော်ဆောင်ပေးလျက် ရှိပါသည်။
စေတီတော်လိုဏ်အတွင်း ဗဟိုမဏ္ဍိုင်တွင် စကျင်ဗုဒ္ဓ ရုပ်ပွားတော်လေးဆူတို့ကို ကြည်ညိုဖွယ်ရာ သပ္ပာယ်စွာ ဖြင့် ထုဆစ်ပူဇော်ထားပါသည်-
(၁) အရှေ့အရပ်တွင် ထိုင်တော်မူ ဘူမိဖဿမုဒြာ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်၊
(၂) တောင်အရပ်တွင် ရပ်တော်မူ ဓမ္မစက္ကမုဒြာ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်၊
(၃) အနောက်အရပ်တွင် ထိုင်တော်မူ ဝရဒမုဒြာ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်၊
(၄) မြောက်အရပ်တွင် ရပ်တော်မူ အဘယမုဒြာ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ် စံပယ်အပူဇော်ခံတော်မူလျက်ရှိပါသည်။
ရုပ်ပွားတော်မြတ်လေးဆူလုံးသည် စိန်ရောင်အဆင်း၊ ဘော်အဆင်းကဲ့သို့ ရှင်းသန့်ကြည်လင်ဖြူစင်ဝင်းပ ဩဒါတ ဂုဏ်တော်၊ လက္ခဏာတော်ကြီးငယ် အသွယ်သွယ် တို့နှင့် ပြည့်စုံကျန ကျက်သရေမင်္ဂလာရှိလှသည့် သီရိဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသဖြင့် ဖူးမြော်တင့်ဟပ် မြင့်မြတ်ကုံလုံ ဒဿနာနုတ္တရိယဂုဏ်နှင့် ပြည့်စုံတော်မူ သည့် ထူးခြားထင်ပေါ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအဖြစ် အပူဇော်ခံတော်မူလျက်ရှိပါသည်။
စေတီတော်ရင်ပြင်တွင် စေတိယပရိဝါရ မဟာဒါန ပါရမီကုသိုလ်တော်အဖြစ် သာသနိကအဆောက်အအုံ များကို လှူဒါန်းပူဇော်ထားပါသည်။ ယင်းတို့မှာ-
(၁) ငြိမ်းချမ်းရေးတံခွန်တိုင်တော်။ ရင်ပြင်တော် အရှေ့တောင်ထောင့်တွင် စကျင်ကျောက်သား အတိဖြင့် တည်ဆောက်ထားပြီး တံခွန်တိုင်ထိပ် တွင် စတီးရွှေထီးတော်ပါ စေတီတော်ပုံ အထွတ်တင်ကာ ပလ္လင်တော်ထက်တွင် ကဒေါင်းပုံလေးပုံ ဖြင့် ဝန်းရံပူဇော်ထားပါသည်။ တံခွန်တိုင် အမြင့် ၇၄ ပေ ရှိပါသည်။
(၂) အာရုံခံတန်ဆောင်းသုံးဆောင်။ ရင်ပြင်တော် အနောက်တောင်ဘက်၊ မြောက်ဘက်နှင့် အရှေ့မြောက်ထောင့်တို့တွင် တည်ရှိပါသည်။
(၃) ခေါင်းလောင်းတော်နှစ်လုံး။ အနောက်ဘက် မုခ်ဦး လှေကားထိပ်ရင်ပြင်တော် ဝဲ၊ ယာတွင် တည်ရှိပါသည်။
(၄) မင်္ဂလာမောင်းတော်။ မြောက်ဘက်မုခ်ဦး လှေကားထိပ် ရင်ပြင်တော်ယာဘက်တွင် တည်ရှိပါသည်။
(၅) နတ်မင်းကြီးလေးပါးနှင့် ကျောက်ထီးတော်။ မြောက်ဘက်မုခ်ဦးလှေကားထိပ် ရင်ပြင်တော် ဝဲဘက်တွင် တည်ရှိပါသည်။
(၆) ရင်ပြင်တော်။ နှစ်ပေပတ်လည် စကျင်ကျောက် ပြားများ ခင်းကျင်းထားပါသည်။
(၇) ရင်ပြင်တော်မဟာရံတံတိုင်း။ တံတိုင်းထက်ရှိ စိန်တောင်များတွင် တိုင်းရင်းသားပေါင်းစုံ တို့၏ ရိုးရာအသုံးအဆောင်ပုံများ၊ မြန်မာ့ဓလေ့ ကျေးလက်ပုံများ၊ မြို့ပြပုံစံများ သစ်သီးပေါင်းစုံ ပုံများ၊ ပန်းမျိုးစုံပုံ၊ ကုန်းကြောင်း-ရေကြောင်း- လေကြောင်းသုံးယာဉ်များ၊ တောင်သူ လယ်သမားများ၏ လုပ်ငန်းသုံးပစ္စည်းမျိုးစုံ ပုံများစသည်ဖြင့် သိမှတ်ဖွယ်ရာသရုပ်ပြပုံများ ကို မြန်မာမှုပန်းတော့ပညာရပ်ဖြင့် ဆန်းသစ်စွာ တည်ဆောက်ထားပါသည်။
(၈) ဝတ္တကမြေမဟာရံတံတိုင်း။ စိန်တောင်များတွင် ပုံမျိုးစုံထည့်သွင်း တည်ဆောက်ထားပါသည်။
(၉) ထာဝရငြိမ်းချမ်းရေး သာသနာ့ဗိမာန်တော်။ စေတီတော်ပရိဝုဏ် အရှေ့မြောက်ထောင့်တွင် အလျား ၁၅၂ ပေ၊ အနံ ၆၄ ပေ ဧရိယာဖြင့် ခမ်းနားထည်ဝါစွာ မြန်မာမှုကနုတ်ပန်းများ တပ်ဆင်တည်ဆောက်ထားပါသည်။
(၁၀) မြေယာရှုခင်း။ စေတီတော်ပတ်လည်တွင် သစ်ပင်ပန်းမန်များ၊ မြက်ခင်းအလှများဖြင့် သန့်ရှင်းသပ်ရပ် အေးချမ်းကြည်မွေ့ဖွယ် စိုက်ပျိုးစီမံထားပါသည်။
(၁၁) မုခ်ဦးလှေကားလေးစင်း။ စေတီတော်အထက် မုခ်ဦးလှေကားလေးစင်းကို ထူးခြားဆန်းသစ်စွာ ဖြင့် စိတ်ဝင်စားဖွယ် တည်ဆောက်ထားပါ သည်။
(က) အရှေ့ဘက်မုခ်ဦးတွင် ရွှေဥဒေါင်းမင်း ပုံတော်၊
(ခ) တောင်ဘက်မုခ်ဦးတွင် ရွှေဟင်္သာမင်း ပုံတော်၊
(ဂ) အနောက်ဘက်မုခ်ဦးတွင် နဂါးမင်း ပုံတော်နှင့်
(ဃ) မြောက်ဘက်မုခ်ဦးတွင် ရွှေငုံးမင်း ပုံတော်တို့ကို သွန်းလောင်းစီခြယ် ပူဇော် ထားပါသည်။
ဘုရားလောင်းအတိတ်ဘဝ ဖြစ်စဉ်အချို့ကိုလည်း ဖော်ပြထား
မြန်မာမှု ပန်းတော့ပညာရပ်၏ ထူးချွန်ပြောင်မြောက် သည့် မြန်မာ့လက်ရာမွန်ကို ရှုမြင်နိုင်ရုံမျှမက ဘုရား အလောင်းတော်၏ အတိတ်ဘဝဖြစ်တော်စဉ် အချို့ကို ရည်ညွှန်းပုံဖော်ပူဇော်ထားသဖြင့် ဘုရားဖူးပြည်သူများ အနေဖြင့် ကုသိုလ်တရားများ တိုးပွားနိုင်ကြမည် ဖြစ်ပါ သည်။
မုံရွေး- ဇေတဝန်ဆရာတော်ကြီး ရေးသားတော်မူ သည့် “ဖြစ်တော်မူပေါင်းချုပ်လင်္ကာ”တွင် ဘုရား အလောင်းတော် ကျင်လည်ခဲ့ရဖူးသည့် ဘဝမျိုးစုံကို ဖြစ်ခဲ့သည့် အကြိမ်အရေအတွက်နှင့်တကွ ပြဆိုထားပါ သည်။ အလောင်းတော်သည် ရွှေဥဒေါင်းမင်းဘဝ သုံးကြိမ်၊ ရွှေဟင်္သာမင်းဘဝ (၁၀)ကြိမ်၊ နဂါးမင်းဘဝ ခြောက်ကြိမ် နှင့်ရွှေငုံးမင်းဘဝ လေးကြိမ် ဖြစ်ခဲ့ဖူးကြောင်းကို ကျမ်းစုံ ညှိလျက် ပြဆိုထားသည်ကို တွေ့ရှိရပါသည်။
ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ဖန်တည်ထား သည့်ပုံတော်များနှင့်စပ်လျဉ်း၍ ရွှေပါရမီတောရဆရာ တော်၏ မိန့်ညွှန်ချက်ကို အခြေတည်လျက် ပိဋကတ် တော်လာအတိုင်း အကျဉ်းချုံးကာ ညွှန်ပြလိုပါသည်။
“ဥဒေါင်း-ကာရံ၊ ဟင်္သာ-မာန်ကင်း၊ နဂါးမင်း-သီလ၊ ငုံးလှ-သစ္စာ၊ ဂုဏ်လွှာ-ရည်မှန်း စဉ်ငြိမ်းချမ်း” ဟု လင်္ကာ သီအပ်ပါသည်။
(က) ရွှေဥဒေါင်းမင်းပုံတော်။ မဟာမောရဇာတ်တော် တွင် ဘုရားအလောင်းတော်သည် ဥဒေါင်းငှက်မျိုး၌ဖြစ်၍ ရွှေရောင်အဆင်းနှင့်ပြည့်စုံကာ အခြားသော ဥဒေါင်းငှက် များထက် သာလွန်ချောမော လှပခံ့ညားလှပါသည်။ အရွယ်ရောက်သည့်အခါ ခွန်အားဗလစွမ်းရည်သတ္တိနှင့် ပြည့်စုံသဖြင့် “ဥဒေါင်းမင်း” အဖြစ် ရွေးချယ်တင်မြှောက် ခံရပါသည်။
တစ်နေ့တွင် ရွှေဥဒေါင်းမင်းသည် ဘေးရန်ကင်းရှင်းရေး အတွက် အပေါင်းအဖော်များနှင့်ခွဲခွာပြီး ဟိမဝန္တာ တောနက်အတွင်းရှိ လိုဏ်ဂူတစ်ခုတွင် တစ်ဦးတည်း နေထိုင်ပြီး နေထွက်ချိန်တွင် “ဥဒေတယံ” ဂါထာ၊ နေဝင်ချိန်တွင် “အပေတယံ” ဂါထာပရိတ်ကို အမြဲမပြတ် ရွတ်ဖတ်ကာ အရံအတားပြုလျက် အန္တရာယ်ကင်းရှင်းစွာ ဖြင့် နေထိုင်ခဲ့ပါသည်။
မင်းခုနစ်ဆက်၊ မုဆိုးခုနစ်ဆက်တို့ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသော်လည်း ပရိတ်တော်၏ အစွမ်းကြောင့် မဖမ်းဆီးနိုင်ကြချေ။ တစ်နေ့တွင် ဥဒေါင်းငှက်ငယ် မလေး၏အသံကြောင့် ပရိတ်မရွတ်မိသဖြင့် ညွှတ်ကွင်း မိခဲ့သော်လည်း မုဆိုးအား တရားဟောပြပေးလိုက်ရာ မုဆိုးလည်း ပစ္စေကဗုဒ္ဓါဖြစ်၍ အလောင်းတော် ဥဒေါင်း မင်းသည်လည်း ပရိတ်တော်နှင့် တရားတော်၏ အစွမ်း ကြောင့် ညွှတ်ကွင်းမှ လွတ်ကင်းတော်မူခဲ့ပါသည်။ (ဇာ၊ ဋ္ဌ၊ ၄။ ၃၃၃)
ဤဇာတ်တော်အရ အလောင်းတော် ဥဒေါင်းမင်း၏ နေထွက်၊ နေဝင်ချိန်တိုင်း ပရိတ်ရွတ်ဖတ်၍ အရံအတား ပြုသည်ကို စံနမူနာထား၍ ဘုရားဖူးပြည်သူများအနေဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် နာယူကြည်ညို နိုင်စေရန်နှင့် နှောင့်ယှက်ရန်စွယ် အန္တရာယ်ဟူသမျှမှ ကင်းပ အေးချမ်းစေရန် ရည်သန်လျက် စေတီတော် အရှေ့ဘက် လှေကားမုခ်ဦးနှင့် ငြိမ်းချမ်းရေးတံခွန်တိုင် တော်တို့တွင် ရွှေဥဒေါင်းမင်းပုံတော်များကို ဖန်တည် ပူဇော်ထားခြင်း ဖြစ်ပါသည်။
(ခ) ရွှေဟင်္သာမင်းပုံတော်။ ဇဝနဟံသဇာတ်တော်တွင် ဘုရားအလောင်းတော်သည် ဇဝနဟင်္သာမင်းဖြစ်၍ စိတ္တကူဋတောင်၌ ဟင်္သာကိုးသောင်းခြံရံ၍ နေထိုင်လျက် ရှိပါသည်။ တစ်နေ့တွင် ဟင်္သာအပေါင်း ခြံရံလိုက်ပါ လျက်အစာရှာပြီး ဗာရာဏသီမြို့ပေါ်မှဖြတ်၍ ပျံသန်း လာစဉ် ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းနှင့် မိတ်ဆွေ များ ဖြစ်ခဲ့ကြပါသည်။
အလောင်းတော်၏ ညီငယ်ဟင်္သာနှစ်ဦးတို့ နေနှင့်အပြိုင် ပျံသန်းကြစဉ် ခြေကုန်လက်ပန်းကျနေသည့် ညီငယ်နှစ်ဦးကို အလောင်းတော် ရွှေဟင်္သာမင်းကိုယ်တိုင် အချိန်မီသွားရောက်ကယ်တင်ပေးခဲ့ရပါသည်။ ထို့နောက် အလောင်းတော်သည် မိတ်ဆွေဖြစ်သူ ဗြဟ္မဒတ်မင်းထံ သွားရောက်လည်ပတ်စဉ် ဗြဟ္မဒတ်မင်း၏ တောင်းဆို ချက်အရ မိမိ၏ လျင်မြန်စွာပျံသန်းနိုင်သည့် စွမ်းရည်ကို မင်းပရိသတ်ရှေ့မှောက်တွင် အံ့ဩဖွယ် ပျံသန်းပြခဲ့ပါ သည်။
အလောင်းတော် ရွှေဟင်္သာမင်း၏ အလွန်လျင်မြန် လှသည့် ပျံသန်းမှုစွမ်းရည်ကို တအံ့တဩငေးမော ကြည့်ရှုနေသည့် ဗြဟ္မဒတ်မင်းကြီးအား အလောင်းတော် က “လောကတွင် လျင်မြန်သမျှအရာအားလုံးထက် အဆပေါင်း ရာ၊ ထောင်၊ သိန်း၊ သန်းမက ပိုမိုလျင်မြန် သည့်အရာမှာ သေခြင်းတရားဖြစ်ကြောင်း၊ သေခြင်း တရားရောက်မလာမီ ဒါနစသော ကုသိုလ်ကောင်းမှု များကို ကြိုတင်၍ အမြဲမပြတ် ပြုကျင့်ဆည်းပူးသင့် ကြောင်းနှင့် ယင်းသို့ပြုကျင့်ဆည်းပူးနိုင်မှသာ ကောင်းကျိုးချမ်းသာများ ရရှိခံစားနိုင်မည်ဖြစ်ကြောင်း” လမ်းညွှန်ဟောပြဆုံးမပေးခဲ့ပါသည်။(သံ၊ ဋ္ဌ၊ ၂။ ၂၀၇)(ဇာ၊ ဋ္ဌ၊ ၄။ ၂၁၂)
ဤဇာတ်တော်အရ နေမင်းနှင့်အတူ ပျံသန်းနိုင်စွမ်း ရှိသည့် အလောင်းတော် ဇဝနဟင်္သာမင်း၏ အလွန် လျင်မြန်လှသည့် အဟုန်ထက်အဆပေါင်း သိန်း၊ သန်းမက ပိုမိုလျင်မြန်လွန်းလှသည့် သေခြင်းတရားကို အာရုံပြု ဆင်ခြင်၍ ဘုရားဖူးပြည်သူများအနေဖြင့် မရဏာနုဿတိ ဘာဝနာကို အမြဲမပြတ်ဆင်ခြင်ပွားများကာ မာန်မာနများ ပယ်ခွာကြလျက် မအိုမီ၊ မနာမီ၊ မသေမီကာလ ယခုအချိန်မှ စ၍ ဒါနစသော ကုသိုလ်ကောင်းမှုများကို ကြိုကြိုတင်တင် ဖြင့် မမေ့မလျော့ပြုကျင့်ဆည်းပူးနိုင်ကြစေရန် ရည်သန်၍ တောင်ဘက်လှေကားမုခ်ဦးတွင် ရွှေဟင်္သာမင်းပုံတော် များကို ဖန်တည်ပူဇော်ထားခြင်း ဖြစ်ပါသည်။
(ဂ) နဂါးမင်းပုံတော်။ ဘူရိဒတ်ဇာတ်တော်တွင် ဗာရာဏသီ မင်း၏ သားတော် ဗြဟ္မဒတ်မင်းသားသည် နဂါးမနှင့်ညား၍ သားတော် သာဂရဒတ္တနှင့် သမီးတော် သမုဒ္ဒဇာတို့ကို ဖွားမြင်ခဲ့ပါသည်။ ဖခင် ဗာရာဏသီမင်း နတ်ရွာစံသွားသော အခါ သားတော် ဗြဟ္မဒတ်မင်းသည် ဗာရာဏသီမင်း အဖြစ်သို့ ရောက်ရှိခဲ့ပြီး သမီးတော် သမုဒ္ဒဇာကို ဓတရဋ္ဌ နဂါးမင်းနှင့် လက်ထပ်ပေးခဲ့ရာ သုဒဿန၊ ဒတ္တ၊ သုဘောဂ၊ အရိဋ္ဌဟူသော နဂါးသားတော် လေးဦး ဖွားမြင်ခဲ့ပါသည်။
ခမည်းတော် ဓတရဋ္ဌနဂါးမင်းကြီးက နဂါးသားတော် လေးဦးတို့အား ယူဇနာတစ်ရာစီ နယ်မြေပိုင်းခြား၍ အခြွေ အရံများနှင့်တကွ မင်းအဖြစ်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သားတော်လေးဦးတို့တွင် ဘုရားအလောင်းတော် ဒတ္တ နဂါးမင်းသည် နဂါးပြည်၌ ဖြစ်ပေါ်သမျှသော ပြဿနာ များကို ဖြေရှင်းပေးနိုင်ရုံမျှမက ဝိရူပက္ခနဂါးမင်းထံတွင် လည်းကောင်း၊ သိကြားမင်းထံတွင်လည်းကောင်း ဖခင် နဂါးမင်းနှင့်အတူ လိုက်ပါသွားစဉ် အများမဖြေရှင်းနိုင်သည့် ပြဿနာမျိုးစုံကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ပါသည်။ ထိုအချိန်မှစ၍ အလောင်းတော်သည် မဟာပထဝီမြေကြီး ပမာ ကြီးကျယ်ပြန့်ပြောသည့် ဉာဏ်ပညာနှင့် ပြည့်စုံသည့် အတွက် “ဘူရိဒတ္တ” ဟူသောအမည်ကို ရရှိခဲ့ပါသည်။
အလောင်းတော် ဘူရိဒတ်နဂါးမင်းသည် လူ့ပြည်သို့ လာရောက်၍ အရေ၊ အကြော၊ အရိုး၊ အသွေးတို့ကို စွန့်လွှတ်နိုင်သည့် အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဥပုသ် သီလကို စောင့်ထိန်းခဲ့ပါသည်။ အလောင်းတော် ဥပုသ် သီလစောင့်ထိန်းနေစဉ် မြွေအလမ္ပာယ်ဆရာတစ်ဦး၏ ဖမ်းဆီးခြင်းကိုခံရပြီး မြို့ရွာဇနပုဒ်များသို့ လှည့်လည် ကပြ ဖြေဖျော်ပေးခဲ့ရပါသည်။ အလောင်းတော်သည် ဥပုသ်သီလ ကို မြဲမြံစွာစောင့်ထိန်းထားသဖြင့် မျက်စောင်းထိုးလိုက် လျှင် အရာအားလုံးပြာကျသွားနိုင်သည့် နဂါးတို့၏ ဒေါသ မျက်စောင်းဖြင့် မကြည့်မိအောင် မျက်စိမှိတ်၍ ဥပုသ်သီလ မပျက်စေရေးအတွက် စောင့်ထိန်းသည်းခံနိုင် ခဲ့ပါသည်။ အလောင်းတော်၏ သီလပါရမီနှင့် ခန္တီပါရမီ ဖြည့်ကျင့် နိုင်မှုကား အံ့မခန်းကြည်ညိုဖွယ် ကောင်းလှပါသည်။
အလောင်းတော်ဘူရိဒတ်နဂါးမင်းသည် မြွေအလမ္ပာယ် ဆရာစေခိုင်းသည့်အတိုင်း အနယ်နယ်အရပ်ရပ်တွင် ကပြ ဖြေဖျော်ပေးခဲ့ရာ မင်းရင်ပြင်အထိ ရောက်ရှိလာခဲ့ပါသည်။ အစ်ကိုဖြစ်သူ သုဒဿန နဂါးမင်းသည် နှမဖြစ်သူ အဇမုခီ နဂါးမနှင့်အတူ ရသေ့အသွင်ဖြင့် လူ့ပြည်သို့ လိုက်လာ ပြီး အဆင့်ဆင့်စုံစမ်းကာ မင်းရင်ပြင်အထိ လာရောက် ကယ်ဆယ်၍ မင်းကြီးအား အကြောင်းစုံ ရှင်းပြပြီးနောက် ညီဖြစ်သူ အလောင်းတော်ကို ပြန်လည်ခေါ်ဆောင်သွား သဖြင့် ဘူရိဒတ်နဂါးမင်းသည် နဂါးပြည်သို့ ပြန်လည် ရောက်ရှိသွားပါသည်။ (စရိယာ၊ ဋ္ဌ။ ၁၁၆) (ဇာ၊ ဋ္ဌ၊ ၇။ ၁)
ဤဇာတ်တော်အရ အလောင်းတော် ဘူရိဒတ်နဂါးမင်း သည် မြဲမြံစွာဆောက်တည်ကျင့်သုံးလျက်ရှိသည့် ဥပုသ် သီလကို မကျိုးမပေါက်မပျက်မစီးအောင် စောင့်ထိန်းကာ အမျက်ဒေါသဖြစ်ပေါ်မလာအောင် ချုပ်တည်းသည်းခံပြီး ပါရမီမြောက်အောင် ဖြည့်ကျင့်ဆည်းပူးနိုင်ခဲ့ပါသည်။
ဘုရားဖူးပြည်သူများအနေဖြင့် အလောင်းတော် ဘူရိဒတ်နဂါးမင်း၏ သီလဂုဏ်နှင့် ခန္တီဂုဏ်တို့ကို အာရုံ မှန်း၍ သီလကိုလုံခြုံစွာ စောင့်ထိန်းနိုင်ကြစေရန်နှင့် အရာရာကို သည်းခံနိုင်မှု ခန္တီတရားလက်ကိုင်ထား ကျင့်သုံးနိုင်ကြစေရန် ရည်သန်လျက် အနောက်ဘက် လှေကားမုခ်ဦးတွင် နဂါးမင်းပုံတော်ကို ဖန်တည် ပူဇော်ထားခြင်း ဖြစ်ပါသည်။
(ဃ) ရွှေငုံးမင်းပုံတော်။ ဝဋ္ဋဇာတ်တော်တွင် ဘုရား အလောင်းတော်သည် မဂဓတိုင်းရှိ တောအုပ်တစ်ခုတွင် ဥခွံမှ ပေါက်ဖွားပြီးစကာလ ငုံးပေါက်ငယ်လေး ဖြစ်ခဲ့ပါ သည်။ ထိုအချိန်တွင် တောမီးများ လောင်ကျွမ်းလာသဖြင့် မိဘနှစ်ဦးတို့က စွန့်ခွာထွက်ပြေးသွားကြပါသည်။
စွန့်ပစ်ခံ ဖွားသစ်စ ငုံးပေါက်ငယ်အလောင်းတော် လေးသည် တောမီးကြီးလောင်ကျွမ်းနေခိုက်မှာပင် သီလ နှင့် သစ္စာတရားတို့ကို ဆင်ခြင်ပါသည်။ ပွင့်တော်မူပြီး သည့် ရှေးဘုရားရှင်တို့၏ ဂုဏ်တော်များကို အာရုံပြု၍ သစ္စာဆိုလိုက်ပါသည်။
“ငါ့မှာ တောင်ပံများရှိသော်လည်း မပျံသန်းနိုင် သေးပါ၊ ခြေထောက်များရှိသော်လည်း မလျှောက်လှမ်း နိုင်သေးပါ၊ ငါ၏ မိဘများက ငါ့ကိုစွန့်ခွာသွားကြပြီ။ ဤမှန်သောသစ္စာစကားကြောင့် ယခုလောင်မြိုက်လျက် ရှိသော တောမီးကြီးသည် ဤနေရာမှ ဝေးရာသို့ ရှောင်ကွင်းသွားပါစေသတည်း” အလောင်းတော်က ဤသို့သစ္စာဆိုလိုက်သည်နှင့်တစ်ပြိုင်နက် တဟုန်းဟုန်း တောက်လောင်လျက်ရှိသည့် တောမီးကြီးသည် အလောင်းတော်လေး၏ အသိုက်ရှိရာနေရာကို ရှောင်ကွင်းသွားပါတော့သည်။ (စရိယာ၊ ဋ္ဌ။ ၂၅၅) (ဇာ၊ ဋ္ဌ၊ ၁။ ၂၂၈)
ဤဇာတ်တော်အရ အလောင်းတော်ရွှေငုံးမင်း၏ သစ္စာအစွမ်းကြောင့် မီးဘေးမှ ကင်းဝေးရသည်ကို စံနမူနာယူ၍ ဘုရားဖူးပြည်သူများအနေဖြင့် သစ္စာတရား ကို မြတ်နိုးတန်ဖိုးထားပြီး ဖြောင့်မတ်တည်ကြည်ကြ စေရန်နှင့် အပူဘေးမှကင်းဝေးနိုင်ကြစေရန် ရည်သန် လျက် မြောက်ဘက်လှေကားမုခ်ဦးတွင် ရွှေငုံးမင်း ပုံတော်များကို ဖန်တည်ပူဇော်ထားခြင်း ဖြစ်ပါသည်။
ဖော်ပြပါဇာတ်တော်များကို သာဓကဆောင်၍ အတိတ်ဘဝများစွာက ဘုရားအလောင်းတော် ဖြည့်ကျင့် ဆည်းပူးခဲ့သော ကုသိုလ်တော်ပါရမီများကို အာရုံပြုကာ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရာတွင် ဘုရားအလောင်းတော် ကျင်လည်ခဲ့ဖူးပြီး ဖြစ်တော်စဉ် ဘဝများတွင် ပါဝင်သည့် ရွှေဥဒေါင်းမင်း၊ ရွှေဟင်္သာမင်း၊ နဂါးမင်းနှင့် ရွှေငုံးမင်းပုံတော်တို့ကို မြန်မာမှုအနုလက်ရာ ပန်းတော့ပညာ၊ ပန်းတမော့ပညာ၊ ပန်းချီပညာရပ်များ ဖြင့် အနုစိတ်စီသွင်းထုဆစ်ခြယ်မှုန်းလျက် ဖန်တည် ပူဇော်ထားခြင်းဖြစ်ရာ ကြည်ညိုသဒ္ဓါဖြစ်ပွားနိုင်ကြစေရန် အလို့ငှာ ပိဋကတ်တော်လာ ကျမ်းဂန်တော်များမှ ထုတ်နုတ်တင်ပြလိုက်ရပါသည်။
နေပြည်တော် ထာဝရငြိမ်းချမ်းရေးစေတီတော်သို့ လာရောက်ဖူးမြော်သူများအားလုံး ယောနိသောမနသီ ကာရ အရင်းခံသည့် ကုသိုလ်တော်ပါရမီများကို စွမ်းအား ရှိသလောက် ဖြည့်ကျင့်ဆည်းပူးနိုင်ကြပြီး ဆည်းပူးခဲ့ သည့် ကုသိုလ်တော်ပါရမီစွမ်းအားများကြောင့်-
v ပရိတ်ရွတ်ကာ ဘေးရန်ကွာ ချမ်းသာကြပါစေ၊
v သေမှုဆင်ခြင် မသေခင် ကြိုတင်ကုသိုလ်
ပြုနိုင်စေ၊
v သီလဆောက်တည် ကောင်းကျိုးရည် ခန္တီ
ကျင့်သုံးသည်းခံလေ၊
v သစ္စာဆိုသူ ဖြောင့်မှန်မူ ရန်သူမီးဘေး ကင်းနိုင်
စေ၊
v သဒ္ဓါစိတ်တူ မြန်ပြည်သူနိဗ္ဗူကိန်းလို့ ငြိမ်းချမ်း
စေဟု ဆုမွန်ပတ္ထနာခြွေလျက် ထူးကဲဂုဏ်မို ကြည်ညိုစဖွယ် တင့်တယ်သပ္ပာယ်တော်မူလှသည့် ထာဝရ ငြိမ်းချမ်းရေးစေတီတော်အား ရိုသေမြတ်နိုးရှိခိုး နှစ်ခြိုက် ဦးခိုက်ကော်ရော် ပူဇော်အပ်ပါသတည်း။ ။
- Log in to post comments